ပေါ့ပ်ဘုရင်မ မက်ဒေါနားသည် ၂၀၁၂ခုနှစ်တွင် ဝင်ငွေ ဒေါ်လာ ၁၂၅သန်းဖြင့် Forbes မဂ္ဂဇင်း၏ ဝင်ငွေ အများဆုံးရ အောင်မြင်ကျော်ကြားသူများစာရင်းတွင် ထိပ်ဆုံး၌ ဖော်ပြခံခဲ့ရသည်ဟု သိရသည်။ အသက် ၅၅နှစ်အရွယ်ရှိ မက်ဒေါနားသည် သူ၏ MDNA ဖျော်ဖြေပွဲ ခရီးစဉ်၊ အဝတ်အထည်၊ ရေမွှေးနှင့် အခြားသော ပစ္စည်းများ ရောင်းချမှုမှ ဝင်ငွေ အများအပြား ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“အသက် ၅၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဒေါနားရဲ့ အောင်မြင်မှုဟာ ကျော်ကြားတဲ့ ဂီတသမားတစ်ဦးရဲ့ ထူးခြားတဲ့ သြဇာရှိမှုကို ပြသနေပါတယ်”ဟု Forbes မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ Forbes၏ ၂၀၀၉ခုနှစ်က ထုတ်ပြန်ခဲ့သည့် ဝင်ငွေ အများဆုံးစာရင်းတွင်လည်း မက်ဒေါနားက ဒေါ်လာသန်း ၁၁၀ဖြင့် နံပါတ်တစ်နေရာတွင် ဖော်ပြခံခဲ့ရသည်။
ဒါရိုက်တာ စတီဗင်စပီးဘာဂ်က ၂၀၁၂ခုနှစ်၏ Lincoln ဇာတ်ကားဖြင့် ဝင်ငွေ အများအပြား ရရှိခဲ့ပြီး ဝင်ငွေသန်း ၁၀၀ဖြင့် ဒုတိယနေရာတွင် ရှိသည်။ Best Seller စာအုပ်တစ်အုပ်ဖြစ်သည့် Fifty Shades of Grey စာအုပ်၏ စာရေးဆရာ အီအယ်လ်ဂျိမ်းစ်သည် ဝင်ငွေဒေါ်လာ ၉၅သန်းဖြင့် Forbes၏ စာရင်းတွင် တတိယနေရာ၌ ဖော်ပြခံခဲ့ရသည်။
Forbes၏ ၂၀၁၀ပြည့်နှစ် ဝင်ငွေ အများဆုံးရ အောင်မြင်ကျော်ကြားသူ စာရင်းတွင် ထိပ်ဆုံး၌ ဖော်ပြခံခဲ့ရသည့် ရုပ်သံအစီအစဉ် တင်ဆက်သူ အော်ပရာ ဝင်းဖရေးသည် ယခုနှစ်တွင် ဒေါ်လာ ၇၇သန်းဖြင့် နံပါတ် ၁၃အထိ အဆင့် ကျဆင်းခဲ့သည်ဟု သိရသည်။ အသက် ၂၇နှစ်အရွယ်သာ ရှိသေးသည့် လေဒီဂါဂါသည် မက်ဒေါနားထက် သာအောင် လုပ်ဆောင်နိုင်ဖွယ် ရှိသည်ဟု Forbesတွင် ရေးသားထားသည်။
လေဒီဂါဂါသည် သူ၏ Born This Way Ball ဖျော်ဖြေပွဲ ခရီးစဉ်မှ ရရှိသော ဒေါ်လာသန်း ၈၀ဖြင့် Forbes၏ စာရင်းတွင် နံပါတ် ၁၀၌ ဖော်ပြခံခဲ့ရသည်။ တင်ပါးခွဲစိတ်မှုကြောင့် ကျန်ရှိသည့် ဖျော်ဖြေပွဲခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသဖြင့် ဂါဂါ၏ ဝင်ငွေကျဆင်းသွားရခြင်း ဖြစ်သည်ဟု သိရသည်။ Forbes မဂ္ဂဇင်းသည် ၂၀၁၂ခုနှစ် ဇွန်လမှ ၂၀၁၃ခုနှစ် ဇွန်လအတွင်း ရရှိခဲ့သည့် ဝင်ငွေများကို အခြေပြုပြီး အထက်ပါ စာရင်းအား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။