News

ဂျပန်နည်းပညာနဲ့ဆိုရင် တန်ဖိုးမနည်း အိမ်ရာတွေ ဖြစ်မည်ဟုဆို

မြန်မာနိုင်ငံတွင် ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာများအတွက် ဂျပန်နိုင်ငံမှပေးမည့် နည်းပညာ အကူအညီများဖြင့် ဆောက်လုပ်မည်ဆိုပါက တန်ဖိုးနည်းနိုင်တော့မည် မဟုတ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ထုတ်ဖော်ပြောဆိုသည်ဟု သိရသည်။

လက်ရှိတွင် ဂျပန်နိုင်ငံမှ မြို့ရွာနှင့် အိုးအိမ်ဖွ့ံဖြိုးရေး ဦးစီးဌာန၏ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရာတွင် နည်းပညာအကူအညီများ ပေးနိုင်ရန်အတွက် သြဂုတ် ၃၁ရက်က နေပြည်တော် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ ဆောက်လုပ်ရေး ဒုတိယ၀န်ကြီးနှင့် ဂျပန်ဆောက်လုပ်ရေး တက္ကသိုလ်မှ ပညာရှင်များ ပါ၀င်သော Ministry of Land, Infrastructure, Transport and Tourism (MLIT)တို့မှ ဆောက်လုပ်ရေး နည်းပညာဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွ့ံဖြိုးရေး ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက “အခု ဆောက်နေတဲ့ တန်ဖိုးနည်း အိမ်ရာတွေကို ပြည်တွင်း ကန်ထရိုက် တွေနဲ့ ဆောက်နေတာတောင် တန်ဖိုးမနည်းဘူးလို့ အော်နေတာ။ ဂျပန်က နည်းပညာနဲ့ ဆောက်လုပ်တယ်ဆို ဈေးနှုန်းက အတော်မြင့်သွားနိုင်တယ်။ သူတို့ဆီက နည်းပညာတွေက သဘာ၀ပတ်၀န်းကျင်တွေ ရေရှည်ခိုင်ခန့်မှုတွေက Safe ဖြစ်ပေမယ့် ဆောက်လုပ်ရေးစရိတ်တွေ အကုန်အကျ များသွားရင် တန်ဖိုးမနည်းနိုင်တော့ဘူး”ဟု ပြောသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းများဖြစ်သည့် ရေ၊ မီး၊ အိမ်သာစနစ်များနှင့် လမ်းပန်း ဆက်သွယ်ရေး စနစ်များအား ထည့်သွင်းရေးဆွဲပြီးမှ ဆောက်လုပ်ရခြင်းဖြစ်ပြီး ယင်းတန်ဖိုးနည်းအိမ်ရာများကို လက်ရှိ တာ၀န်ယူ ဆောက်လုပ် နေသည့် ကုမ္ပဏီများ၊ ဆောက်လုပ်ရေး ပညာရှင်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ ပါ၀င်သော အဖွဲ့များဖြင့် တန်ဖိုးနည်းနိုင်မည့် ဒီဇိုင်းများကို ရေးဆွဲဆောက်လုပ်နေခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တာ၀န်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အိမ်ရာတွေ ဆောက်လုပ်ဖို့ ရေးဆွဲတဲ့ စီမံကိန်းတွေမှာ Building Ruleတွေမပါပဲ ဆောက်လို့မရပါဘူး။ နိုင်ငံတကာက ဆောက်လုပ်ရေး နည်းပညာ အထောက်အပံ့တွေကို ယူလို့ရပေမယ့် သူတို့ရဲ့ စနစ်နဲ့ဆို ဒီကမြေဈေးအနေအထား၊ ကုန်ကျမယ့် ဆောက်လုပ်ရေး စရိတ်တွေနဲ့က အခြေခံ လူတန်းစားတွေ ၀ယ်နိုင်ဖို့ မလွယ်ဘူး”ဟု အဆိုပါ တာ၀န်ရှိသူက ဆက်ပြောသည်။

လက်ရှိမြို့ရွာနှင့် အိုးအိမ်ဖွ့ံဖြိုးရေး ဦးစီးဌာနမှ ဆောက်လုပ်နေသည့် တန်ဖိုးနည်း အိမ်ရာများအား၊ လူလတ်တန်းစားများ ၀ယ်ယူနိုင်မည့် ကျပ်သိန်း ၁၀၀၀န်းကျင်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး၊ အဆိုပါ တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူလိုသူများအား နှစ်ရှည် ချေးငွေ၀န်ဆောင်မှုပေးမည့် တန်ဖိုးနည်းအိမ်ရာဘဏ်အား လာမည့်နှစ် ဇန်နဝါရီတွင် အမှတ် ၆၀၊ ရွေှတိဂုံဘုရားလမ်း၌ ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ လောလောဆယ် လှိုင်သာယာတွင် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာအား မကြာမီ ဆောက်လုပ်သွားမည် ဖြစ်ပြီး ဒဂုံ (တောင်)တွင်လည်း ရတနာနှင့် ဧရာ၀ဏ်တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်လျက်ရှိရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှလည်း ဗိုလ်ဗထူး၊ ဗိုလ်မင်းရောင်၊ ပင်လုံတန်ဖိုးမျှအိမ်ရာနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်တွင်လည်း တန်ဖိုးနည်း အိမ်ရာများအား တည်ဆောက် သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှူး ဦးတင်အောင်မြင့်က “ဂျပန်နိုင်ငံက နည်းပညာယူပြီး ဒီမှာ တန်ဖိုးနည်း အိမ်ရာတွေ ဆောက်မယ်ဆိုရင် တန်ဖိုးက များသွားမယ်လို့တော့ ပြောလို့မရဘူး။ ဒေသတွင်း ဗီယက်နမ်တို့ ဖိလစ်ပိုင်တို့မှာလည်း ဒီလို တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွေ ဖော်ဆောင်ခဲ့တာတွေ ရှိတယ်။ သူတို့ဆီမှာလည်း သက်သာတဲ့ နည်းပညာတွေရှိတယ်။ အဲဒါတွေကို ထဲထဲ၀င်၀င် လေ့လာပြီးမှ သုံးသပ်သင့်တယ်”ဟု ပြောကြားခဲ့ပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *