Opinion

ရိုးရိုးသားသား နေရအောင်

အော်စကာ – မင်္ဂလာပါ ဘကြီးဖြိုး

ဘကြီးဖြိုး – မင်္ဂလာပါ အော်စကာရေ၊ အော်စကာက ဒီနေ့ အဖြူရောင်အကျၤႌ၊ ပုဆိုး ၀တ်စုံနဲ့ဆိုတော့၊ ဦးသူတော်ဘ၀နဲ့ တောထွက်တော့ မလို့လား။

အော်စကာ – တောတွေ သိပ်မရှိ တော့လို့ တော မထွက်တော့ပါဘူး ဘကြီးဖြိုးရာ၊ မနက်စောစော ရေမိုးချိုး၊ အိမ်က ဘုရားမှာ ငါးပါးသီလခံယူပြီး၊ စိတ်ကြည်လင်အောင် ၀တ်စုံဖြူ ၀တ်ထား တာလေ။
ဘကြီးဖြိုး – သာဓုပါကွယ်၊ သာဓု၊ သာဓု၊ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်တွေ ရှိနေတဲ့ လူ့လောကကြီးမှာ မနက်မိုးလင်းတာနဲ့ တစ်နေ့တာ လုပ်ငန်းမစခင် ဘုရား ခန်း၀င်ပြီး ငါးပါးသီလ ခံယူထားတာ တစ်နေ့တာအတွက် အင်သစ်အားသစ် ဖြစ်စေတာပေါ့ကွယ်။

အော်စကာ
– သဘာ၀ ဘေးအန္တရာယ် တွေက အစိုးမရဘူးလေ၊ ရေတွေကြီးလို့၊ မုန်တိုင်းတွေ ထန်၊ လေဆင် နှာမောင်း တွေကလည်း မာန်တင်းလို့၊ မြေမင်း ကလည်း ငလျင်တွေ ဖန်ဆင်းလေတော့ လူသားတွေခမျာ၊ ပြာယာခတ်နေရတာပေါ့၊ သီလခြုံမှ လုံမှာပေါ့ ဘကြီးဖြိုးရယ်။

ဘကြီးဖြိုး
– သမ္မာအာဇီ၀နဲ့ ရှာဖွေ စားသောက်ကြပြီး၊ တစ်ဦးနဲ့ တစ်ဦး လိမ်တာ၊ ညာတာ၊ ခိုးတာ၊ ၀ှက်တာတွေ မရှိရင် လောကကြီးက သာယာအေးချမ်း နေမှာပဲနော်။

အော်စကာ
– ဒါနဲ့ ပတ်သက်လို့ ဘကြီးဖြိုးကို မေးစရာရှိတယ်။

ဘကြီးဖြိုး
– မေးပါဗျာ။

အော်စကာ – သူငယ်ချင်းတစ်ယောက်က သိပ္ပံဘွဲ့ယူပြီးမှ နာရီပြင်ဆိုင် ဖွင့်ထားတယ်။ လူတစ်ယောက်က နာရီလာပြင်တယ်။ သူငယ်ချင်းက နာရီပြင်ပေးပြီး၊ နာရီပြင်ခ မရသေးတော့ အာမခံအနေနဲ့ နာရီကို ပြန်မပေးသေးဘူးပေါ့။ အဲဒီလူက နာရီပြင်ခ မပေးဘဲ သူ့နာရီဆိုပြီး အတင်း ပြန်ယူသွားတယ်လေ။

ဘကြီးဖြိုး – အော်စကာ သူငယ်ချင်းက သမ္မာအာဇီ၀ လုပ်ကိုင်စားသောက်တဲ့ လူပဲ၊ နာရီပြင်ခ ရရင် နာရီ ပြန်ပေးမှာပေါ့။ နာရီပြင်ခိုင်းပြီး နာရီပြင်ခ မပေးဘဲ နာရီ ပြန်ယူသွားတဲ့ လူက မရိုးမဖြောင့် လုပ်သွားတယ်လို့ ပြောရမှာပဲကွဲ့။

အော်စကာ – အဲဒီလူကို ဘယ်လို အရေးယူလို့ ရမလဲ။

ဘကြီးဖြိုး – အဲဒီလူကို ခိုးမှုနဲ့ အရေးယူ လို့ရတာပေါ့။

အော်စကာ
– နာရီပိုင်ရှင်က သူ့နာရီသူ ပြန်ယူတာ ခိုးတယ်လို့ ပြောလို့ရပါ့မလား။

ဘကြီးဖြိုး
– နာရီပိုင်ရှင်က နာရီပြင်ခ ပေးပြီး သူ့နာရီသူ ပြန်ယူရင်တော့ သဘောရိုး ဖြစ်လု့ိ ခိုးမှု ဘယ်ဟုတ်မလဲကွယ်။ အခုအခြေအနေက နာရီပိုင်ရှင်က နာရီပြင်ခ မပေးသေးဘူး။ နာရီပြင်ခ မပေးသေးလို့ နာရီပြင်တဲ့ လူက နာရီကို ယူထားတယ်၊ နာရီက နာရီပြင်ဆရာရဲ့ လက်ရှိဖြစ်နေတယ်။

အော်စကာ
– ရှင်းပါဦး ဘကြီးဖြိုး။

ဘကြီးဖြိုး
– သူတစ်ပါးလက်ရှိ ပစ္စည်းကို လက်ရှိဖြစ်သူရဲ့ သဘောတူညီချက် မရှိဘဲနဲ့ မရိုးမဖြောင့်သော သဘောနဲ့ ပစ္စည်းကို ယူရန် ကြံရွယ်ပြီး ပစ္စည်းကို ရှိတဲ့နေရာက ရွေ့စေရင် ခိုးမှုဖြစ်တယ်လို့ ရာဇ၀တ်ကြီး ဥပဒေပုဒ်မ (၃၇၈)မှာ ပြဋ္ဌာန်း ထားတယ်။

အော်စကာ
– ဒါပေမယ့်၊ ဒီမှာ နာရီပြန်ယူတဲ့ လူက ပိုင်ရှင်လေ။

ဘကြီးဖြိုး
– နာရီပိုင်ရှင် ဆိုပေမယ့် အဲဒီအချိန်မှာ နာရီက နာရီပြင်ဆရာရဲ့ လက်ရှိဖြစ်နေတယ်။ နာရီပြင်ဆရာဆီကို နာရီပြင်ဖို့ ပိုင်ရှင်က အပ်ထားတော့ နာရီပြင်ဆရာက တရား၀င် လက်ရှိ ဖြစ် နေတာပေါ့။

အော်စကာ – ဟုတ်ပြီ၊ ပိုင်ရှင်ဖြစ်တာနဲ့ လက်ရှိဖြစ်တာနဲ့ မတူဘူး။

ဘကြီးဖြိုး
– နောက်ပြီး နာရီပိုင်ရှင်က နာရီပြန်ယူတဲ့ အခါမှာ နာရီပြင်ခ မပေးဘဲနဲ့ ယူတော့ မရိုးမဖြောင့်သော သဘောနဲ့ ယူတာ ဖြစ်သွားတာပေါ့။

အော်စကာ
– ဒီနေရာမှာ သဘောရိုးသူက နာရီပြင်ဆရာ၊ သဘောမရိုးသူက နာရီပိုင်ရှင်ပေါ့။

ဘကြီးဖြိုး
– မတရား ရယူလိုစိတ်လည်း ပါတာပေါ့ကွယ်။

အော်စကာ
– ခိုးမှုအရ အပြစ်ရှိတယ်ဆိုရင် ပြစ်ဒဏ် ဘယ်လောက်ကျမလဲနော်။

ဘကြီးဖြိုး
– ရာဇ၀တ်ကြီး ဥပဒေပုဒ်မ (၃၇၉)အရ အပြစ်ရှိသူကို (၃)နှစ်ထိ ထောင်ဒဏ်တစ်မျိုးမိျုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်။

အော်စကာ
– ဒါနဲ့ကျွန်တော် DBL သင်တန်းတက်နေတာ ဘကြီးဖြိုးသိတယ်နော်။ Class တွေ ပျက်နေတာလည်း ထုံးစံ ဖြစ်နေပြီ။အဲဒါ သူငယ်ချင်းဆီ စာအုပ်ငှားဖို့ သွားတယ်။ သူငယ်ချင်းက မရှိဘူး။ သူ့စာကြည့်စားပွဲပေါ်မှာ ကျွန်တော်လိုချင်တဲ့ စာအုပ်တွေ့တာနဲ့ ယူလာခဲ့တယ်။ အဲဒါ ခိုးမှုပဲလား။

ဘကြီးဖြိုး
– အော်စကာက ဘယ်လို ကြံရွယ်ချက်နဲ့ ယူတာလဲ။ သူငယ်ချင်း စာအုပ်ကို ခိုးဖို့ ရည်ရွယ်ချက်နဲ့ ယူတာလား။

အော်စကာ
– ပေါက်ပေါက်ရှာရှာ ဘကြီးဖြိုးရယ်၊ သူငယ်ချင်း စာအုပ်ကို ယူပြီး ကျောင်းပျက်တဲ့ Lecture တွေ ကူးမယ်၊ ဖတ်ပြီးရင် ပြန်ပေးမှာပေါ့ ဘကြီး ဖြိုးရဲ့။

ဘကြီးဖြိုး
– အဲဒါပဲလေ၊ အော်စကာက စာအုပ်ဖတ်ပြီး ပြန်ပေးရန် အကြံနဲ့ ဖတ်ဖို့ ယူသွားတာပဲလေ။ ဒီလိုယူပြီး ဖတ်လေ့ရှိတာ အော်စကာရဲ့ သူငယ်ချင်း သိပြီးသားပဲ။ အော်စကာမှာ မရိုးမဖြောင့်တဲ့ အကြံမှ မရှိဘဲ ခိုးမှု မမြောက်ပါဘူး။

အော်စကာ – သူငယ်ချင်း အိမ်သွားရင်းနဲ့ သူ့ စာရေးစားပွဲပေါ်မှာ ချွတ်ပြီး တင်ထားတဲ့ သူငယ်ချင်းရဲ့ စိန်လက်စွပ် တစ်ကွင်း တွေ့ခဲ့သေးတယ်။ အဲဒါ ယူခဲ့မိရင်ရော။

ဘကြီးဖြိုး – အော်စကာ မယူခဲ့ဖူး မဟုတ်လား။

အော်စကာ – မယူရဲပါဘူး ဘကြီးဖြိုးရယ်။

ဘကြီးဖြိုး
– မယူခဲ့တာ မှန်တာပေါ့။ စိန်လက်စွပ်က တန်ဖိုးကြီးတဲ့ ပစ္စည်း လည်း ဖြစ်တယ်။ သူငယ်ချင်းရဲ့ စားပွဲပေါ်မှာ သူငယ်ချင်းရဲ့ လက်ရှိပစ္စည်း လည်း ဖြစ်တယ်။ သူငယ်ချင်း မသိဘဲ သူ့စိန်လက်စွပ်ကို ယူရင် သဘောရိုးနဲ့ ယူပါတယ်လို့ ပြောရင်လည်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ အဲဒီလက်စွပ်ကို သူငယ်ချင်းက သဘောမတူဘဲ ယူလိုက် မိတာနဲ့ ခိုးမှုပဲပေါ့။

အော်စကာ – ခိုးမှုကျုးလွန်တဲ့ နေရာက အိမ်တွေ၊ တဲတွေ၊ ရေယာဉ်တွေ ဖြစ်နေရင် ရိုးရိုးခိုးမှု ပြစ်ဒဏ်ပဲလား။

ဘကြီးဖြိုး – လူနေထိုင်ရန် (သို့မဟုတ်)ပစ္စည်းသိုလှောင်ရန် အသုံးပြုတဲ့ အဆောက်အဦ (သို့မဟုတ်)တဲ (သို့မဟုတ်)ရေယာဉ် တစ်ခုခုအတွင်း ခိုးမှုကျူးလွန်ရင်တော့ ရာဇ၀တ်ကြီး ဥပဒေပုဒ်မ (၃၈၀)အရ (၇)နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်။

အော်စကာ – သူကပိုပြီး ပြစ်ဒဏ် များပါလား။

ဘကြီးဖြိုး – ဟုတ်တယ်၊ သာမန် ခိုးမှုထက် ပိုပြီး ကြီးလေးတယ်၊ အိမ်၊ တဲ၊ ရေယာဉ်မှာ ထားတဲ့ ပစ္စည်းတွေကို ပိုမို လုံခြုံမှုရှိစေဖို့နဲ့ အိမ်မှာထားတဲ့ ပစ္စည်း တွေ ခိုးယူခံရခြင်းမှ ကာကွယ်နိုင်ဖို့ ပြစ်ဒဏ်ကြီးလေးစွာ ပြဋ္ဌာန်းထားရခြင်း ဖြစ်တယ်။

အော်စကာ – ကုမ္ပဏီတွေ၊ ရုံးတွေမှာ စာရေးတွေ၊ ၀န်ထမ်းတွေ ရှိကြတယ်။ အိမ်တွေမှာလည်း အိမ်ဖော်တွေ ရှိကြတယ်။ အဲဒီ ၀န်ထမ်းတွေက မိမိအလုပ်ရှင်၊ အိမ်ရှင်တွေရဲ့ ပစ္စည်းတွေ ခိုးရင်ရော ဘယ်လို အပြစ်ရှိသလဲ ဘကြီးဖြိုး။

ဘကြီးဖြိုး
– အလုပ်ရှင်၊ အိမ်ရှင်တွေ ဆိုတာ မိမိရဲ့၀န်ထမ်းတွေ၊ အိမ်ဖော်တွေ ပေါ်မှာ ယုံကြည် စိတ်ချလေ့ရှိကြတယ်၊ ဒါကြောင့် ၀န်ထမ်းတွေ၊ အိမ်ဖော်တွေမှာ မိမိအလုပ်ရှင်၊ အိမ်ရှင်တွေရဲ့ ပစ္စည်းကို ခိုးယူရန် တခြားသော လူတွေထက် အခွင့်အရေး ပိုရကြတယ်။ ဒါကြောင့် ယုံကြည်အပ်နှံခြင်း ခံရတဲ့ လူတွေက ပြစ်မှုကျူးလွန်ရင် ပြစ်ဒဏ် ကြီးကြီးခံရတယ်။

အော်စကာ – ပြစ်ဒဏ် ဘယ်လောက် ရှိလဲ ဘကြီးဖြိုး။

ဘကြီးဖြိုး
– အလုပ်ရှင်ရဲ့ လက်ရှိပစ္စည်းကို ခိုးယူရင် ရာဇ၀တ်ကြီး ဥပဒေပုဒ်မ (၃၈၁)အရ (၇)နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်။

အော်စကာ
– တကယ်လို့ ပစ္စည်းဟာ အလုပ်ရှင်လက်ရှိ ပစ္စည်း မဟုတ်ဘဲ ၀န်ထမ်း (သို့မဟုတ်) အိမ်ဖော်တွေကို ယုံကြည်လို့ အပ်ထားတဲ့ ၀န်ထမ်း၊ အိမ်ဖော်တွေရဲ့ လက်ရှိပစ္စည်း ဖြစ်နေရင်ရော။

ဘကြီးဖြိုး
– အဲဒါကို ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှုလို့ ခေါ်တယ်။ ၀န်ထမ်းတွေဟာ မိမိအလုပ်ရှင်ရဲ့၊ အိမ်ဖော်တွေဟာ အိမ်ရှင်တွေရဲ့ ပစ္စည်းတွေကို ယုံကြည် အပ်နှံခံရတဲ့ အခါမှာ အဲဒီပစ္စည်းကို အလွဲသုံးစား ပြုလိုက်မယ်ဆိုရင် ရာဇ၀တ်ကြီး ဥပဒေပုဒ်မ (၄၀၈)အရ ရာဇ၀တ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ရာ ရောက်တဲ့အတွက် (၇)နှစ်အထိ ထောင်ဒဏ်တစ်မျိုးမိျုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်။

အော်စကာ – တချို့က ခိုးမှုကျူးလွန်တာ ကို သေချာပြင်ဆင်ပြီးမှ ကျူးလွန်တယ်လို့ ကြားဖူးတယ်။ တချို့ခါးပိုက်နှိုက်တွေဟာ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်တဲ့အခါ တစ်ယောက်တည်းမဟုတ်ဘဲ အဖော် အပေါင်းတွေနဲ့ လုပ်ကြတယ်လို့ ကြားတယ်။ အဲဒါရော ဘကြီးဖြိုး။

ဘကြီးဖြိုး
– ခါးပိုက်နှိုက်တာကို မြင်လို့ ဖမ်းတာ၊ ဆီးတာဖြစ်ခဲ့ရင် အဲဒါကို တားဖို့ဆီးဖို့ အပေါင်းအဖော်တွေကို အနီးအပါးမှာ နေရာချထားပြီး ခါးပိုက်နှိုက် ရင် ပြင်ဆင်ပြီးမှ ခိုးမှုကျူးလွန်တယ်လို့ ခေါ်တယ်။

အော်စကာ – အဲဒါဆို ပို အပြစ်ကြီး တာပေါ့နော်။

ဘကြီးဖြိုး – မှန်တာပေါ့။ ခိုးမှု ကျူးလွန်ရန် အတွက်ပဲ ဖြစ်ဖြစ်၊ ခိုးမှု ကျူးလွန်ပြီးတော့ ထွက်ပြေး လွတ်မြောက်ဖို့ အတွက်ပဲ ဖြစ်ဖြစ်၊ ခိုးမှု ကျူးလွန်ထားတဲ့ ပစ္စည်းကို ဆက်လက် ထားရှိနိုင်ဖို့ပဲ ဖြစ်ဖြစ်၊ တစ်ဦး တစ်ယောက်ကို သေစေရန် (သို့မဟုတ်) နာကျင်စေရန် (သို့မဟုတ်) တားဆီးရန် (သို့မဟုတ်) အဲဒီလို ဖြစ်စေမယ်လို့ ကြောက်ရွံ့အောင် ပြင်ဆင်ပြီးမှ ခိုးမှုကို ကျူးလွန်ရင် ရာဇ၀တ်ကြီး ဥပဒေပုဒ်မ (၃၈၂)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။

အော်စကာ – ကြောက်စရာပါလား ဘကြီးဖြိုးရယ်၊ ငါးပါးသော သီလတွေထဲက အာဒိန္နာဒါနာဆိုတဲ့ ကံတစ်ပါးကို ချိုးဖောက်မိတာနဲ့ လက်ရှိဘ၀မှာ ခံရမယ့် ပြစ်ဒဏ်တွေက မနည်းပါလား။

ဘကြီးဖြိုး
– နောင်ဘ၀ ဘ၀တွေကိုပါ မျှော်တွေးကြည့်ရင် ပိုပြီး ဆင်ခြင်မိပြီး ရှောင်ကြဉ်နိုင်တာပေါ့ကွယ်။

အော်စကာ – အခုလို ရှင်းပြတာ ကျေးဇူးပါပဲ ဘကြီးဖြိုးရယ်။ ကျွန်တော်လည်း သီလယူလက်စနဲ့ ရွေှတိဂုံဘုရားပေါ် တက်ပြီး တရားမှတ် လိုက်ဦးမယ်။ နောက်အပတ်မှ တွေ့ကြ သေးတာပေါ့နော်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *