Opinion

ဆေးရုံမှာလည်း အလှူခံဌာန ရှိသည်

Hospital_money

ဒီအပတ်မှာ ပြောချင်တာတွေ ပြောဖို့ တာစူနေတာကတော့ ပြီးခဲ့တဲ့ Dr.PTS ရဲ့ အသံမာမှ လေးစားမှာလား ဆောင်းပါးကို ဖတ်မိပြီးသကာလ ပြောချင်တာလေး တွေ ရင်ထဲမှာ ဖြစ်ပေါ်လာမိလို့ ပြောပါရစေ။ မနော ဟိုတစ်လောက နားတစ်ဖက် မကြားရဘဲ ကိုက်သလိုလို ဖြစ်နေတော့ တခြား အပြင်ဆေးခန်းတွေ လည်း မပြဖြစ်ဘဲ၊ နားဆိုတာ လူတစ် ယောက်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်သည့်အလျောက် မတော် အပြင် ဆေးခန်းပြလို့ ပျောက်ရင် တော်ရဲ့ မပျောက်ဘဲ နားကန်းသွားမှာ အရမ်းကြောက်တဲ့အတွက် နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံတည်ရှိရာ တာမွေမြို့နယ်၊ အရိုးကုန်းဘက်ကို အဖော်တစ်ဦးနဲ့အတူ သွားရောက် ပြသခဲ့ပါတော့တယ်။ ဆေးရုံ၀င်းထဲ ၀င်တော့ ဘယ်ဘက်မှာ ပြင်ပလူနာ ဌာနကို အရင် သွားရမယ် ဆိုလို့ သွားပြီး၊ နားပြချင်လို့ ဘယ်လိုလုပ်ရမလဲ မေးတော့ ပြင်ပဌာနမှာ ရှိတဲ့ စာရေးမက ဆီးကြိုပြောတာကြောင့် လာမောကြီး ဖြစ်တော့မလို ဖြစ်ခဲ့ရပါတယ်။ သူက ဘာပြောလဲဆိုတော့ မနောရောက်တော့ (၁၁)နာရီ ကျော်ရုံပဲ ရှိသေးတယ်။ ပြင်ပ လူနာ ဌာနက စာအုပ်လုပ်ဖို့အတွက် ပိတ်သွားပါပြီတဲ့။ ဟင်… ဆေးရုံဆိုတာ (၂၄)နာရီ ဖွင့်တယ်ဆို မသိ နားမလည် လို့ ပြန်မေးကြည့်မိတော့၊ လူနာ အသစ် က စာအုပ် လုပ်ရတယ် ဆိုလို့ လာမေး တာလို့ ပြောလိုက်တော့ (၁၂)နာရီဆို စာအုပ် မလုပ်ပေးတော့ပါဘူးတဲ့။ ဟင် နာရီကြည့်လိုက်တော့ (၁၂)နာရီလည်း မထိုးသေးပါလား။

သူကတော့ ဟိုလှည့် ဒီလှည့်နဲ့ လူနာကို လှည့်တောင် မကြည့် တော့ဘူး။ အဲဒါမှ ဒုက္ခပဲ။ ကိုယ်ကလည်း အလုပ်တစ်ဖက်နဲ့ ဆိုတော့ အချိန်ရှိတုန်း လေး လာရတာ ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုပြီး ခဏနေနေတုန်း၊ ဂျူတီ ကုတ် ၀တ်ထားတဲ့ ဆရာ၀န်ပုံစံ အစ်ကိုကြီး တစ်ယောက် ထွက်လာတော့ မေးလိုက်မိတယ်။ နားရောဂါ ပြချင်တာ ဘယ်လိုလုပ်ရမလဲ၊ စာအုပ်၀ယ်ဖို့က လည်း ပိတ်သွားပြီလို့ ပြောပါတယ်ပေါ့။ အဲဒီမှာ ဆရာ၀န်လေးက ဟာ ဒီအတိုင်း ပြလည်း ရပါတယ်။ စောင့်တော့ စောင့်ရ မယ် (၁)နာရီမှာ ပြလို့ရမယ်လို့ ပြောလို့ ၀မ်းသာအားရ ပြန်ပြောမိတယ်။ ဘယ်ချိန်ပဲ ဖြစ်ဖြစ် ပြလို့ရမယ်ဆိုရင် တစ်ခါထဲ ပြသွားချင်လို့ပါ။ လာရတာလည်း ေ၀းတယ်လို့ ပြောလိုက်တော့ နားရောဂါ ပြရမယ့် နေရာကို သေသေချာချာ အပေါ်ထပ်ထိ လိုက်ပြပါတယ်။ ပြီးတော့ သူကတော့ ဂျူတီချိန် ပြီးလို့လား။ ဘယ်မှာ တာ၀န် ကျတာလည်းဆိုတာ မသိလိုက်ပါဘူး။ အပြင် ပြန်ထွက်သွားတာကိုပဲ တွေ့ လိုက်ရပါတယ်။

ဒါနဲ့ပဲ ဆရာ၀န် မလာသေးတော့ ဆေးရုံရဲ့ ပထမထပ်မှာပဲ အခန်းနဲ့ နီးတဲ့ လှေကား အတက် အဆင်း လူနာတွေ ထိုင်ဖို့ ခုံတွေမှာ သွားထိုင်တော့ ဆေးရုံရဲ့ နံရံတွေမှာ စာတမ်းလေးတွေ ကပ်ထား တာကို မျက်စိက အလိုလို ရောက်ပြီး ဖတ်မိတယ်။ ဘာတဲ့… လူနာရှင်ကို ကြင်နာစွာ ဆက်ဆံပါ။ စကား တိုးတိုး ပြောပါ ဆိုတဲ့ စာတမ်းတွေအပြင် တချို့ ရောဂါ အကြောင်းပြထားတဲ့ ပုံတွေပါ ချိတ်ဆွဲထားတယ်။ ဖတ်နေတုန်း ပြရမယ့် အခန်းအပေါက်၀မှာ ထိုင်နေတဲ့ ခုံတွေက လူနာတွေ လှုပ်လှုပ်ရွရွ ဖြစ်လို့ ဆရာ၀န်လာပြီ ထင်တယ်ဆိုပြီး အခန်း ရှေ့ကို လာကြည့်ပြီးမှ ဆရာ၀န် ရောက်လာတော့ နာမည်စာရင်း သွားပေးရတယ်။ ဆရာ၀န်က နှစ်ယောက် ၀င်လာပြီး တစ်ယောက်က လူနာ စမ်းသပ်တဲ့ ခုံမှာထိုင်ပြီး တစ်ယောက်က ဆေးပေးတဲ့ နေရာမှာ နေရာယူတာ တွေ့ရတယ်။ နှစ်ယောက် စလုံး ဆရာ၀န်လို့ ဘာကြောင့် ပြောရသလဲဆိုတော့ နှစ်ယောက်စလုံးက ဂျူတီကုတ်တွေ ပုံသဏ္ဌာန်တူ ၀တ်ထား ခြင်းကြောင့်ပါပဲ။ ကိုယ်ကလည်း နာမည် စာရင်းပေးပြီး အဲဒီ အခန်းပေါက်၀မှာပဲ ရပ်ကြည့်နေမိတယ်။ အဲဒီမှာတင် ပထမဆုံး တစ်ယောက်က ကလေးလေး နားထဲ ဘာ၀င်တာလဲ မသိဘူး ဆိုပြီး ဆွေမျိုးတစ်စုနဲ့ လာတာကို တွေ့ရတယ်။ ကလေးကို ပွေ့ချီပြီး ၀င်လာတာ၊ တစ် မိသားစုလုံးက စိတ်ပူလို့ လိုက်၀င်ကြတဲ့ အပြင် ကလေးက ရုန်းကန်နေတာ လည်း ပါတာပေါ့လေ။ ဆရာ၀န်တစ်ယောက်က လူနာပဲ ၀င်ပါ ကျန်တဲ့သူတွေ အကုန်ထွက်လို့ ပြောပါ တော့တယ်။ ကလေးဆိုတော့လည်း တစ်ယောက်ထဲ အခန်းထဲ ဘယ်လို ထားခဲ့လို့ ရမလဲနော်။ ဒါ့အပြင် ကလေးက အတော် နာနေပုံ ရတဲ့ အတွက် ရုန်းကန်နေတာဟာ လူကြီး နှစ်ယောက် ချုပ်ထားတာတောင် မနိုင်ဘူး ဖြစ်နေတယ်။

သူတို့ကလည်း ထွက်ပေးချင်ပုံ မရဘူး။ ဒါနဲ့ မဆီမဆိုင် အပြင်မှာ ရပ်နေတဲ့ ကျွန်မတို့ကို လှမ်းအော်တယ် ကိုယ့်အလှည့်ကျမှ လာပါ။ အခန်းပေါက်၀မှာ ရပ်မနေ ပါနဲ့တဲ့။ ဒါန့ဲ ကိုယ်လည်း အအော်ခံရတဲ့ ၀ဋ်က ကျွတ်အောင် ခပ်လှမ်းလှမ်းမှာ သွားနေလိုက်တော့တယ်။ ကိုယ့်အလှည့် ရောက်တော့ ခပ်လှမ်းလှမ်းမှာ နေနေ တော့ ပထမတစ်ခါ ခေါ်တာ မကြား လိုက်ဘူး။ နောက်တစ်ကြိမ် ခေါ်မှ ကြားလို့ အခန်းထဲ ၀င်သွားတော့ ခေါ်နေတာ ကြာပြီ ဘယ်သွားနေမှန်း မသိဘူးတဲ့။ ကိုယ်ကလည်း နားက နာနေတာ တစ်ကြောင်းမို့ ဘာမှ ပြန်မပြောတော့ဘဲ စမ်းသပ်တဲ့ နေရာမှာ ထိုင်လိုက်ပါတယ်။ ပါလာတဲ့ အဖော်က လည်း အအော် ခံရမှာစိုးလို့ အပြင် ပြတင်းပေါက်နားကပဲ အတွင်းကို လှမ်း ကြည့်နေပါတယ်။ စမ်းသပ်ပြီးတော့ ဆရာ၀န်က အလှူငွေ ထည့်လို့ ပြောပြီး ဖလားကြီး အတင်း ထိုးပေးပါတော့တယ်။ ဒါနဲ့ ကျွန်မကလည်း စမ်းသပ်တဲ့ ဆရာ၀န်ရှေ့ပဲ ဖလားကြီးထဲကို အလှူငွေ (ဘာအတွက်လည်း ဆိုတာ တော့ မသိပါဘူး)ထည့်လိုက်ပြီး ဆေးယူ ရမယ့် ဆရာ၀န်ရှေ့ ခဏရပ်လိုက်ပါ တယ်။ ဆေးပေးတဲ့ ဆရာ၀န်က ဆေးတွေ သောက်ပုံ၊ သောက်နည်း ညွှန်ပြီး ဆေးထုပ်ကို မပေးသေးဘဲ ဟိုဘက်မှာ အလှူငွေ ထည့်ပါလို့ ပြောပါတယ်။ ကျွန်မက ဆေးထုပ်ကို လှမ်းယူတာကို လက်ကို နောက်ဘက် ရုတ်ပြီး ထပ်ပြောပါတယ်။ အလှူငွေ ထည့်ပါတဲ့။ ကိုယ်ကလည်း နားက အတော် ကိုက်နေရတဲ့ ကြားထဲ ထည့်ပြီးတာကို ဆေးထုပ် မပေးဘဲ အတင်း ဆွဲယူထားတာကြောင့် ပြန်ပြော မိတယ်။ အလှူငွေကို ဘယ်နှစ်ခါ ထည့်ရမလဲလို့ ပြောလိုက်တော့ ဟိုဘက်က စမ်းသပ်တဲ့ ဆရာ၀န်မကို သူ ထည့်ပြီးပြီလားလို့ လှမ်းမေးပါတယ်။ ဟိုဘက်က နောက် တစ်ယောက်ကို စမ်းသပ်ရင်းနဲ့ ခေါင်းညိတ်ပြမှ ကျွန်မ လက်ထဲကို ဆေးထုပ် ရှောရှောရှူရှူ ရောက်လာပါတော့တယ်။

ကျွန်မလည်း သိပ်မသက်သာပေမယ့် ထပ်မံပြီး နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကို သွားရမှာ ခပ်လန့်လန့် ဖြစ်နေ လို့ မသွားပြတော့ဘဲ၊ ဇီ၀ိတဒါန သံဃာ့ ဆေးရုံမှာပဲ သွားပြမိပါတော့တယ်။ ဇီ၀ိတဒါန ဆေးရုံ ဆိုတဲ့ အတိုင်းပါပဲ။ စာအုပ်ထပ်ပြီး သံဃာတွေ ဦးစားပေး အလှည့်တော့ ရှိပေမယ့် စိတ်ချမ်းသာစွာ စိတ်ရှည်လက်ရှည်နဲ့ လူနာကို သေသေ ချာချာ ဂရုတစိုက် ကုသပေးတာကို တွေ့ရပါတယ်။ အလှည့်ကျ ထိုင်တဲ့ ပါမောက္ခတွေက စိတ်ရှည်လက်ရှည်နဲ့ ကုသပေးတဲ့အတွက် နားတွင်းမှာ ၀က်ခြံပေါက်တာလို့ သိရပြီး တစ်ခါထဲ ခွဲပေးလိုက်တာ ပျောက်ကင်း သွားပါ တော့တယ်။ ကျွန်မလည်း နောက်ပိုင်း ဆေးရုံပြချင်သူတွေကို ဇီ၀ိတဒါန ဆေးရုံကိုပဲ ညွှန်မိပါတယ်။ ဆရာ၀န်ဆိုတာ လူနာကို ကြင်နာစွာနဲ့ သက်သာ ပျောက်ကင်းအောင် ကုသရမှာ မဟုတ်ပါလားရှင်။ အခုတော့ ကပ်ထားတဲ့ စာတမ်းနဲ့ ဆက်ဆံပုံတွေက ခြားနားနေတာ ဘာကြောင့်လဲ ဆိုတာ စဉ်းစားမရဘူး ဖြစ်နေမိတယ်။ အရင်တစ်ပတ်က ဂျာနယ်မှာ Dr.PTS ရေးတာ ဖတ်မိပြီး ဆရာ၀န်တောင် ခံရသေးတာပဲ။ ငါတို့လို ရိုးရိုးလူနာတွေ အနေနဲ့တော့ ခံသာပါတယ်လေ လို့တောင် ဖြည့်တွေး တွေးနေမိပါသေး တယ်။ နောက်ပြီး ဆေးရုံအကြောင်း ကျွန်မ ဖတ်ဖူးတာလေး ကို ပြန်လည် ေ၀မျှချင်ပါသေးတယ်။ ဆေးရုံတစ်ရုံမှာ တံခါးစောင့် အလှည့်ကျတဲ့ ဦးဖိုးအေး ရဲ့တာ၀န်ချိန်မှာ၊ ဧည့်ချိန် ကျော်သွားတဲ့ အချိန်လောက်မှာ လူတစ်ယောက်ဟာ ချိုင့်လေး ဆွဲပြီး လာပါတယ်။ အပေါက် စောင့် ဦးဖိုးအေးက ဧည့်ချိန်ကျော် သွားပြီ ဖြစ်တဲ့အတွက် တွေ့လို့မရဘူး ဆိုပြီး ပြောလို့၊ လူနာရှင်က လက်ထဲက ချိုင့်လေးကို ကမ်းပေးပြီး မအေးမြကို ပေးပေးပါလို့ မှာပါတယ်။ ဦးဖိုးအေးကလည်း ပြန်ပြောလိုက် ပါတယ်။ ဟုတ်ကဲ့ပါ၊ ကျွန်တော် ဆက်ဆက် ပေးပေးပါ့မယ်ပေါ့။ ဒါနဲ့ ချိုင့်လေးထားပြီး ထွက်သွားပါတယ်။ နောက်နေ့လည်းကျရော မနေ့က ချိုင့်ပေးတဲ့လူက ပြန်လာတော့ ဦးဖိုးအေးက ရေကို စင်အောင် ဆေးထားတဲ့ ချိုင့်ကို ကမ်းပေးတော့၊ လူနာရှင်က မအေးမြ စားရဲ့လား မေးတဲ့အခါ၊ ဟုတ်ကဲ့ သူက ဘဲပေါင်း အရမ်းကြိုက် တာလို့ ပြန်ပြောပါတယ်။ ဒါနဲ့ ချိုင့်အလွတ်လေး ယူပြီး ဆေးရုံခန်း တွေဆီ လျှောက်သွားပါတယ်။ အခန်းထဲက ကုတင်ပေါ်မှာ မွေးဖွားပြီးစ အမျိုးသမီးကို မင်းမနေ့က ကုန်အောင် စားရဲ့လား မေးတော့၊ ဘာကို စားရမှာ လဲ။ ရှင်မနေ့က မလာလို့ ကျွန်မ ဒီမှာ ညနေစာ ထမင်းတောင် ၀ယ်စားလိုက် ရသေးတယ်။

ဘယ်လိုဖြစ်ပြီး မလာတာ လဲ မေးတော့၊ သြော် ဒါလား လာတာ နောက်ကျနေလို့ကွာ ဧည့်ချိန်လည်း ကျော်နေလို့ မင်းအတွက် ဘဲပေါင်း ယူလာတာ ပေးလိုက်တယ်လေ။ မစားလိုက်ဘူးလား မေးတော့ အမျိုးသမီးကလည်း အူကြောင်ကြောင် မျက်နှာထားနဲ့ ရှင်ဘာတွေ ပြောနေ တာလဲ ကျွန်မ ဘာမှ နားမလည်နိုင် တော့ဘူးလို့လည်း ဆိုရော ယောက်ျား ဖြစ်သူက ဒေါသတကြီး မျက်နှာထားနဲ့ ဆရာ၀န်ကြီးကို တိုင်မယ် ဆေးရုံစောင့်ကို မင်းစားဖ့ို ပေးခိုင်းလိုက်တာ မပေးဘဲ သူ စားလိုက်တာ နေမယ်လို့ ပြောပြီး ဆရာ၀န်ကြီးကို ပြောပြတော့ ဆေးရုံ စောင့် ဦးဖိုးအေးကို ခေါ်ခိုင်းပါတော့ တယ်။ ဦးဖိုးအေး ရောက်လာတော့ ဆရာ၀န်ကြီးက မေးတယ်။ ခင်ဗျားကို မနေ့က ဒီလူက ဘဲပေါင်း ထည့်ထားတဲ့ ချိုင့်ပေးတာ ဟုတ်သလား။ ဦးဖိုးအေးက ဟုတ်ပါတယ်။ ဒါဆို အဲဒီထဲက ဘဲပေါင်း တွေကောလို့ မေးလိုက်တော့ သူ့မိန်းမ စားလိုက်ပြီလို့ ပြောပါတယ်။ ဟာ ဘာလို့ စားလိုက်တာလဲ ခင်ဗျား မိန်းမကို ကျေွးတာမှ မဟုတ်တာလို့ ဆရာ၀န် ကြီးက ပြောပြီး လူနာကို လက်ညှိုး ထိုးပြီး သူ့အတွက် ပို့ခိုင်းတာကို ခင်ဗျားက ဘာလို့ အိမ်ယူ သွားရတာ လည်း ပြောလိုက်တော့ ဦးဖိုးအေး ပြန်ပြောတာကြောင့် လူနာရှင်လည်း သူ့နဖူး သူရိုက်ပြီး၊ ဆရာ၀န်ကြီးလည်း ဘာပြောရမှန်း မသိအောင် ဖြစ်သွားမိပါ တော့တယ်။ ဦးဖိုးအေး ပြန်ပြောတာ ကတော့ “သူက မအေးမြကို ပေးလိုက်ပါ ပြောလို့ ကျွန်တော့်မိန်းမ မအေးမြကို ပေးလိုက်တာပါ ဆရာကြီး” ဟူသတည်း။

ဆေးရုံဆိုတာ လူတိုင်း မလာသင့် မလာအပ်တဲ့ နေရာ တစ်နေရာဆိုတာ သိကြမယ် ထင်ပါတယ်။ ဒါပေမယ့် တကယ် ရောဂါဖြစ်လာပြီ ဆိုရင်ဖြင့် အများပြည်သူ လူနာများ အားကိုး အားထား ပြုရာ နေရာလေး တစ်နေရာပဲ ဖြစ်ပါတယ်။ ဆေးရုံလာပြီဆိုတာ ရောဂါတစ်ခုခု ဖြစ်လို့သာ လာကြတာ ဖြစ်ပါတယ်။ အပျော်လာတယ်ဆိုတာ မကြားဖူးပါဘူး။ ဆင်းရဲချမ်းသာ လူတန်း စားမရွေး ဖော်ရွေစွာ ဆက်ဆံကြမယ် ဆိုရင်ဖြင့် ရောဂါဖြစ်သော လူနာများဟာ ရောဂါတစ်၀က်လောက် သက်သာ တယ်လို့တောင် ဆိုစမှတ် ပြုကြပါတယ်။ ဒီလိုနေရာမှာ ဂုဏ်ပကာသနတွေနဲ့ မောက်မာနေကြပြီး ငွေရှိမှ ဆေးကုလို့ ရတယ် ဆိုရင်တော့ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ လူတန်းစားတွေ အတွက် ဘယ်လိုနေရာကို သူတို့အတွက် သတ်မှတ်ပေးလို့ ရပါသလဲဆိုတာ စဉ်းစားတွေးတော နေမိပါတော့တယ်ရှင်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *