News, Opinion

ထူးခြားမြတ်လှ ကဆုန်လ

ထူးခြားမြတ်လှ ကဆုန်လ

ကဆုန်ဗြိဿ ၊ ကောင်းကင်ဝ ၊ ထွန်းပဝိသာခါ။
စကားပွင့်စဲ ၊ ညောင်ရေပွဲ ၊ သွန်းမြဲအချိန်သာ။
(ကင်းဝန်မင်းကြီး၏ ဆယ့်နှစ်ရာသီဘွဲ့သံပေါက်)

အများအားဖြင့် ကဆုန်လကို ဗုဒ္ဓမြတ်စွာအမှီပြုပြီး ပွင့်တော်မူရာ မဟာဗောဓိပင်ကို ညောင်ရေသွန်းလောင်းကြတဲ့ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပကြတဲ့လလို့ပဲ သိထားကြတယ်။ “တန်ခူးရေကုန် ကဆုန်ရေခန်း” ဆိုတဲ့ စကားနဲ့အညီကဆုန်လမှာ အင်းအိုင်၊ ချောင်း မြောင်း၊ ရေတွင်းရေကန်တွေ ရေခန်းခြောက်ပြီး နေတတ်ပါတယ်။ “ကဆုန်နယုန် ဆွေ့ဆွေ့ခုန်” အောင်ပူပြင်းလှတဲ့ နွေရာသီပဲဖြစ်တယ် မဟုတ်လား။ ဒါ့ကြောင့် ဥဒကံ – ရေကို၊ ဆိန္ဒတိ – ဖြတ်တတ်၏လို့ ပါဠိမှာ ပြောထားပါတယ်။ ဒီကဆုန်လဟာ ရေပြတ်တဲ့လလို့ ဆိုလိုတာပါ။ ပူပြင်းပြီး ရေခန်းတဲ့ ခုလိုအချိန်အခါ သမယမှာ ဗောဓိညောင်ပင်ကြီး ဆက်လက်ရှင်သန်ဖို့ ရေစင်သွန်းလောင်းကြတဲ့ အစဉ်အလာဖြစ်ခဲ့ပါတယ်။

ကဆုန်လရဲ့ ရာသီရုပ်က နွားသိုးပုံဖြစ်ပြီး ဝိသာခါ နက္ခတ်ထွန်းလင်းပါတယ်။ “လမြတ် ပြိဿ၊ ကဆုန်လဝယ် ၊ ကြယ်ဝိသာခါ ၊ ရောင်ဝါလျှံမြူး ၊ ကွန့်ဖူးစကား ၊ ကြိုင်ပျံ့ရှားသည် ၊ ပွဲကားညောင်ရေ” လို့ စာဆိုတော် နဝဒေးကြီးရဲ့ ဆယ့်နှစ်ရာသီ ဘွဲ့ပိုဒ်စုံရတုမှာ ကဆုန်လရဲ့ ရာသီပွဲကို အမွှန်းတင်ထားပါတယ်။ ရတုဘုရင် နတ်သျှင်နောင်ကတော့ “ပေါ်နွေလလျှင် ၊ တောင်ကခြိမ့်မြူး ၊ မင်းလွင်ဦးနှင့် ၊ ပျံ့ပျူးချုပ်ဆိုင်း ၊ မုန်တိုင်းဆင်လို ၊ တိမ်ညိုမှိုင်းထပ် ၊ ပြက်လျှပ်ပြကာ ၊ စိမ်းဝါမိုးပန်း ၊ ထွေထွေစွန်းက ၊ ရေသွန်းသာကြည် ၊ ပျော်ရမည်ကို” လို့ ကဆုန်လ ရဲ့ ကောင်းကင်သဘာဝကို ဖွဲ့ဆိုခဲ့ပါတယ်။

မိုးနိမိတ်ဟာ ဒီလမှာ တစ်စတစ်စ ထင်ရှားလာပါတယ်။ ခုဆိုရင် မိုးတစ်ပြိုက် နှစ်ပြိုက်တောင် ရွာပြီးသွားပါပြီ။ ရာသီဥတုပူပြင်းလွန်းလှတဲ့အတွက် မိုးကို တောင့်တကြပါတယ်။ နွေက မကုန်သေးဘဲနဲ့ မိုးကိုမျှော်နေကြရပါပြီ။ ကဆုန်လပြည့်နေ့ညောင်ရေသွန်းနေတဲ့အချိန်မှာတော့ မိုးကအုံ့မှိုင်းလာပြီး ရွာတတ်ပါတယ်။ “ကဆုန်ညောင်ရေပွဲ ပေမို့ သဲလှတယ်လေး” လို့ဆိုရလောက်အောင်  ဒေဝါအမ္ဗု န်မိုးပဇ္ဇုန်နတ်မင်းက ညောင်ရေသွန်း မိုးရွာချတာပဲ ဖြစ်ပါလိမ့်မယ်။

“နွေရဂုံမြိုင်သစ်မို့ ၊ ကြိုင်လှစ်ကယ်ဂန္ဓာနှင့် ၊ ဉာဏ်ရှာသူပူဆွေးအောင် ၊ ညိုဆေးမင်မှုံလို့ ၊ ဆင်ပုံငယ်ချိန်တတ်ပါဘိ ၊ တိမ်နတ်ဘုံ” ဆိုတဲ့ စာဆိုတော် ဖိုးသူတော် ဦးမင်းရဲ့ ကဆုန်လဘွဲ့ လေးချိုးအတိုင်း ဒီလဟာ မိုးဒေဝါ စစ်အင်ကြင်းတဲ့ လဖြစ်ပါတယ်။ တကယ်တော့ ကဆုန်လဟာ ညောင်ရေသွန်းလောင်းရတဲ့ လတစ်လဆိုတာလောက်ပဲ သိမထားသင့်ကြဘူး။ ကဆုန်လဟာ လတကာတို့မှာ အမြတ်ဆုံးလ ဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအနက်ထားရမယ့် နေ့ထူးနေ့မြတ်ကြီးဖြစ်ပါတယ်။ ဗျာဒိတ် ၊ ဖွားမြင် ၊ ဗောဓိပင် ၊ စံဝင်နိဗ္ဗာန်နန်းဟူသော အဆိုနဲ့အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရဲ့ ဗုဒ္ဓဝင်နဲ့ ဆက်စပ်ပြီး ဗျာဒိတ်ခံယူတော်မူတဲ့နေ့ ၊ ဖွားမြင်တော်မူတဲ့နေ့၊ ဘုရားဖြစ်တော်မူတဲ့နေ့ ၊ ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ ဆိုပြီး ထူးခြားချက် လေးမျိုးပြည့်ဝတဲ့ နေ့ဖြစ်ပါတယ်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရားအလောင်းတော်ဟာ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာ မြတ်စွာဘုရားထံက နိယတဗျာဒိတ်ခံယူတော်မူတာ ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ အဲဒီနောက် ဤဘဒ္ဒကမ္ဘာမှာ မဟာသက္ကရာဇ် ၆၈ ခုနှစ် ၊ ကဆုန်လပြည့်နေ့မှာ ဂေါတမမြတ်စွာ ဘုရား အလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပါတယ်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ၊ ကဆုန်လပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်ဟာ ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတ ဉာဏ်တော်ရပြီး ဘုရားဖြစ်တော်မူပါတယ်။ အလောင်းတော်ဟာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လဆန်း (၁၄)ရက် အင်္ဂါနေ့ ညနေမှာ မဟာဗောဓိပင်ရင်းမှာ သောတ္တိယမြက်ရိတ်လုလင် လှူဒါန်းတဲ့ မြက်ရှစ်ဆုပ်ကို ဖြန့်ခင်းလိုက်တဲ့အခါ ပေါ်ထွက်လာတဲ့ ရတနာရှစ်ပါးတို့ဖြင့် အတိပြီးတဲ့ အပရာဇိတပလ္လင်တော်ထက်မှာ ထက်ဝယ်ဖွဲ့ ခွေထိုင်နေတော်မူပြီးနောက် “ဘုရားမဖြစ်သမျှ ဤနေရာမှငါမထပြီ”လို့ အဓိဌာန်ကာ ဈာန်သမာပတ် ဝင်စားလျက်နေပါတယ်။

နေဝင်ကာနီး အချိန်မှာ မာရ်နတ်မင်းဟာ စစ်အင်္ဂါ လေးပါးနဲ့ လက်နက်ဗိုလ်ပါနောက်လိုက်များ ခြံရံကာရောက်ရှိလာပြီး မြတ်စွာ ဘုရားရဲ့ ကျင့်ကြံ အားထုတ်မှုကို ဖျက်ဆီးဖို့ ကြိုးပမ်းပါတယ်။ ဒါပေမယ့် မြတ်စွာသခင်ဟာ မာရ်နတ်မင်းကို အောင်နိုင်ပြီးနောက် ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသာနုဿတိ အဘိဉာဉ်၊ သန်းခေါင်ယံမှာ ဒိဗ္ဗစက္ခုအဘိဉာဉ်၊ မိုးသောက်ယံမှာ အာသဝက္ခယ အဘိဉာဉ်တို့ကို အသီးသီးရရှိပါတယ်။ အာသဝက္ခယအဘိဉာဉ်ဆိုတာ အာသဝက္ခယဉာဏ်တော် ဖြစ်ပါတယ်။ အာသဝက္ခယ ဉာဏ်တော်ဟူသည်ကား အရဟတ္တမဂ်ဉာဏ်ဖြစ်ရကား အရဟတ္တမဂ်ဉာဏ်ကို ရရှိတာနဲ့တစ်ပြိုင်နက် ကိလေသာဟူသမျှ ကုန်စင်ပိုင်းဖြတ်ပယ်သတ်ပြီး ဖြစ်လေတယ်။

လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ဆည်းလာခဲ့တဲ့ သုံးဆယ်သော ပါရမီတော်တို့ရဲ့ အရှိန်အဟုန်ကြောင့် သဗ္ဗညုတ ဉာဏ်တော်နှင့်တကွ ဒသဗလဉာဏ် ၊ စတုဝေသာရဇ္ဇဉာဏ် ၊ အာဝေဏိကဓမ္မ (၁၈)ပါး စတဲ့ ပွင့်တော်မူပြီးသော ဘုရားရှင်တိုင်း ရမြဲဖြစ်တဲ့ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ ၊ ဉာဏ်တော်အနန္တ ၊ ဂုဏ်တော်အစုံ ကုံလုံပြည့်ဝတဲ့ သမ္မာ သမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော်မူပါတယ်။ မြတ်စွာဘုရားရှင်ဟာ ၄၅ ဝါ ပတ်လုံး ဝေနေယျ သတ္တဝါတို့ကို တရားရေအေး တိုက်ကျွေးပြီး ကျွတ်ထိုက်သူသတ္တဝါတို့ကို ချေချွတ်ကာ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့မှာ မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါတယ်။ ဒီလို ကဆုန်လမှာ ထူးကဲတဲ့ အဖြစ်တော်များ ဖြစ်တော်မူခြင်းကြောင့် ကဆုန်လကို အမြတ်ဆုံးလလို့ ယူမှတ်ကြပြီး ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြတာ ဖြစ်ပါတယ်။ ညောင်ရေသွန်းပွဲတော်ကို ဘုရားပွင့်တော်မူရာ ဗောဓိပင်အား ရည်မှန်းပူဇော်ခြင်း ရေများခန်းခြောက်ချိန်တွင် ဗောဓိပင် မညိုးနွမ်းစေလိုခြင်းဆိုတဲ့ ရည်ရွယ်ချက်နှစ်မျိုးနဲ့ ကျင်းပကြတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ဟာ ဘုရားပွင့်တော်မူတဲ့ နေ့ထူးနေ့မြတ်ကို အာရုံပြုပြီး ကဆုန်လပြည့်နေ့မှာ ပရိဘော ဂစေတီထိုက်တဲ့ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းကြတာ ဖြစ်ပါတယ်။ ဗောဓိ ညောင်ပင်ဟာ သဗ္ဗညုတဉာဏ်တော်ရ၍ ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်း ၊ ဖွားဖက်တော် ခုနစ်ပါးတွင် စာရင်းဝင်ခြင်းတို့ကြောင့် ထူးခြားတဲ့ သစ်ပင်တစ်မျိုး ဖြစ်ပါတယ်။ ဒီလို မြတ်စွာဘုရားနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။  မြန်မာ့ရိုးရာ ဆယ့်နှစ်ရာသီပွဲတော်များ   အနက် ကဆုန်လမှာ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့တာဟာ ကနေ့တိုင်ဖြစ်ပါတယ်။

ဗောဓိပင်နဲ့ ပတ်သက်ပြီးတော့ အသနဗောဓိယမထေရ် အလောင်းတော်ဟာ တိဿဘုရားရှင်ရဲ့ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့်၊ နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှ လွတ်ကင်းရခြင်း အကျိုးများ ခံစားရတယ်လို့ ကျမ်းဂန်မှာ ဟောကြားထားတယ်လို့ ဆိုပါတယ်။ ဂန္ဓောဒကတိဿမထေရ် အလောင်းတော်ဟာလည်း ပဒုမုတ္တရ ဘုရားရှင်ရဲ့ ဗောဓိပင်ကို နံ့သာရည်နဲ့ သွန်းလောင်းတဲ့အတွက် နတ်ပြည်မှာ ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း ၊ သောကကင်းဝေးခြင်းများကို ခံစားရတယ်လို့ သိရပါတယ်။ မြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့ မဟာဗောဓိပင်ကို မြတ်နိုးပူဇော်ခြင်းသည်ကား ဘုရားသခင်အား မြတ်နိုးပူဇော်ကန်တော့ခြင်း မည်ပါတယ်။ ရတနာသုံးပါးကို ကြည်ညိုလေးစား အားထားသူဟာ သရဏဂုံတည်တဲ့သူဖြစ်ပါတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို သန့်စင်မွှေးကြိုင်တဲ့ ရေကြည်ရေအေးနဲ့ ရေစင်သွန်းဖျန်းကြတဲ့ ဗုဒ္ဓဘာသာဝင်များအဖို့ ရေအကျိုးဆယ်ပါး မတောင်းဘဲနဲ့ ပြည့်စုံပြီး အသက်ရှည်ခြင်း အဆင်းလှခြင်း ၊ ဉာဏ်ပညာကြီးခြင်းတဲ့ ဂုဏ်ကျေးဇူးကောင်းကျိုးချမ်းသာ လိုအင်ဆန္ဒများ မုချမသွေ ပြည့်ဝစေမှာ ဖြစ်ပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *