လူမှုကွန်ရက် (Facebook)ပေါ်မှ ဓာတ်ပုံနှင့် သတင်းများမှန်ကန်ကြောင်း သက်သေမပြနိုင်ပဲ ပုံနှိပ်မီဒီယာတွင် ဖော်ပြနေမှုများအား မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ ခေါ်ယူဆွေးနွေးသွားမည်ဟု သိရသည်။
“ကျင့်ဝတ်အရ ပြောရရင် Facebookပေါ်က သတင်းတွေကို ဂျာနယ်တွေ၊ သတင်းစားတွေက ယူနေတာဟာ အရမ်းကို မှားနေတယ်။ ဘာကြောင့်လဲဆိုတော့ Facebookပေါ်က သတင်းက တိကျခိုင်လုံတဲ့ သတင်းမဟုတ်ဘူး။ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်သတင်းတွေဟာ သက်ဆိုင်ရာ မီဒီယာတွေက တာဝန်ခံမှု ရှိတယ်။ အဲဒီအတွက် ဝက်ဘ်ဆိုက်ကနေ ယူပြီး သုံးလို့ ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြိတ်မြို့မှာ ဖောက်ခွဲရေးသမား မိတယ်လို့ တင်လိုက်တာကို ယုံကြည်ပြီး ဂျာနယ်တွေထဲမှာ ပြန်ထည့်တယ်ဆိုတာ မှားတဲ့ သတင်းတွေ ပြည်သူကို ပေးရာရောက်တယ်။ ကျင့်ဝတ်အရ မကောင်းဘူး”ဟု မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။ အဆိုပါ သတင်းအား ပြန်လည်ဖော်ပြခဲ့ကြရာတွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မသက်ဆိုင်သူများ၏ ဓာတ်ပုံများပါရှိခဲ့သည့်အတွက် ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်ဟု သိရသည်။
“ဒါနဲ့ပတ်သက်ပြီး စာနယ်ဇင်း ကောင်စီက Facebookပေါ်က ဓာတ်ပုံတွေနဲ့ သတင်းတွေကို လွယ်လွယ်ကူကူယူပြီး ပုံနှိပ်မီဒီယာမှာ အသုံးချတာ ကျင့်ဝတ်နဲ့ မညီတဲ့အတွက် နောက်ပိုင်းမှာ အဲဒီလိုမျိုး ဖော်ပြတဲ့ မီဒီယာတွေကို ခေါ်ယူ ဆွေးနွေးပြီး သူတို့တာဝန်ယူတတ်ဖို့၊ သတင်းတွေကို တိတိကျကျ မှန်မှန်ကန်ကန် ဖော်ပြပေးဖို့ ပြောပြသွားဖို့ အစီအစဉ်ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ထုတ်ပြန်ထားသည့် မီဒီယာများ လိုက်နာရမည့် စာနယ်ဇင်း ကျင့်ဝတ် ၁၅ချက်တွင်လည်း အီလက်ထရောနစ် နည်းပညာဖြင့် ထုတ်လွှင့်သော အင်တာနက်၊ လူမှုကွန်ရက်များ စသည့် နည်းလမ်းများမှ တဆင့်ရသော သတင်းများသည် မှန်ကန်ကြောင်း သက်သေအခိုင်အမာ မပြနိုင်က ပြန်လည်ကူးယူ ဖြန့်ချိခြင်း မပြုရဟူသော အချက် ပါဝင်ပါသည်။
အင်တာနက်ပေါ်မှ သတင်းများကို လွယ်လွယ်ကူကူ ယူသုံးမှုများ ရှိနေသောကြောင့် နစ်နာသူများ ရှိနေကြောင်း၊ အဆိုပါ နစ်နာသူများက စာနယ်ဇင်း ကောင်စီသို့ တိုင်ကြားလျှင်သော်လည်းကောင်း၊ မတိုင်ကြားသော်လည်း မီဒီယာကျင့်ဝတ်နှင့် မညီသည့် ဆိုးရွားစွာ သတင်းဖြော်ပမှုများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ သတင်းဌာနအား ခေါ်ယူတွေ့ဆုံ ဆွေးနွေးသွားရန် စသည်တို့ကို စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များအကြား ဆွေးနွေးနေသည်ဟု သိရပါသည်။
မြန်မာလူမျိုးက တော်တော်များများအလယ်ကြိုက်တော့ အခုနောက်ပိုင်း အပျင်းတွေများလာတယ်
ဘယ်သူတောင်းစားကကောအဲလိုသာဖော်ပြနေတာ ပြောလိုက်ရင် ဖေ့စ်ဘုတ်ကောင်းတာပြောဖူးလဲ ပြီးရင် ခရက်ဒစ်တောင်မပေးပဲ ဖော်ပြကြတာ မီဒီယာလွပ်လပ်မှုလား သွားစမ်းပါခွေးပါးစပ်ကနတ်စကားတွေ ပါကွာ