News, Review

မိုဘိုင်းကွန်ရက် တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ရန် ဆွေးနွေးအဖြေရှာ

မိုဘိုင်းကွန်ရက်တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ရန် ဆွေးနွေးအဖြေရှာ

မြန်မာနိုင်ငံ၌ မိုဘိုင်းကွန်ရက်များ တည်ဆောက်ခြင်းနှင့် တယ်လီကွန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း၌ ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်မည့် ကုမ္ပဏီများနှင့် အပြည်ပြည်ဆိုင်ရာ မိုဘိုင်းအော်ပရေတာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် GSMAတို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အူရီးဒူးမြန်မာမှ သတင်းရရှိသည်။

‘‘ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သက်ရောက်မှုအနည်းဆုံးနဲ့ တည်ဆောက်သွားဖို့အတွက် ဥပမာ-တာဝါတိုင် တည်ဆောက်ဖို့အတွက် သစ်ပင်တွေကို ခုတ်လှဲတာမျိုးတွေမဖြစ်ရအောင် အော်ပရေတာတွေအားလုံး ပူးပေါင်းညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားဖို့ ဆွေးနွေးတာဖြစ်ပါတယ်’’ဟု အူရီးဒူးမြန်မာမှ မီဒီယာပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုကရှင်းပြသည်။

GSMAသည် နိုင်ငံပေါင်း ၂၂၀ ကျော်မှ မိုဘိုင်းအော်ပရေတာပေါင်း ၈၀၀ ဝန်းကျင်ခန့်ဖြင့် ပါဝင်ဖွဲ့စည်းထားသော အပြည်ပြည်ဆိုင်ရာ မိုဘိုင်းအော်ပရေတာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆိုပါအဖွဲ့နှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ပြည်တွင်း၌ ဆက်သွယ်ရေးအော်ပရေတာများအဖြစ် လုပ်ကိုင်သွားမည့် ကုမ္ပဏီများအပြင် အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ဒေသခံကိုယ်စားလှယ်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘အော်ပရေတာတွေအနေနဲ့ တာဝါတိုင်တည်ဆောက်တဲ့အခါမှာ လျှပ်စစ်မီးလုံးဝမရတဲ့ ကျေးလက်ဒေသတွေမှာလည်း သွားပြီးတည်ဆောက်ရတာတွေလည်း ရှိတယ်။ အဲဒါကို ဘယ်လိုပုံစံမျိုးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင် ဆောင် ရွက်နိုင်မလဲဆိုတာကိုလည်း ၀န်ကြီးဌာနကို တင်ပြထားတာ ရှိပါတယ်’’ ဟု ဒေါ်သီရိကြာညိုက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ခေတ်မီစွမ်းအင်အသုံးချခြင်းဆိုင်ရာ နည်းလမ်းများ၊ လောင်စာဆီအသုံးပြုနည်းပညာများ၊ နေရောင်ခြည်စွမ်းအင်နှင့် ပေါင်းစပ်အသုံးချခြင်းဆိုင်ရာများနှင့်တကွ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းများကို ထည့်သွင်းအကြံပြုခဲ့ကြပြီး မြန်မာပြည်အတွင်း ပတ်၀န်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ထိရောက်သော စွမ်းအင်အသုံးချနည်းပညာများကို အသုံးပြုသွားရန် အကြံပြုသူများက အလုပ်ရုံဆွေးနွေးပွဲ၌ အသီးသီးတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *