Education, Lifestyle, News, Opinion

အဖြေမှန်ထုတ်နိုင်ပါစေ။

နိုင်ငံတစ်နိုင်ငံမှာ ပညာရေးကဏ္ဍဟာ အဓိကအရေးပါတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ နိုင်ငံရဲ့ ပညာတတ်တွေများမှ နိုင်ငံတိုးတက်မှာပါ။ ပညာမတတ်လည်း ကြီးပွားနိုင်တာပဲလို့ ပြောချင်ပြောကြပါလိမ့်မယ်။ ဒါကိုလည်း မငြင်းပါဘူး။ ဒါပေမယ့် တကယ်တမ်း နင်လားငါလား စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်ကိုင်ကြမယ် ၊ နိုင်ငံတကာကို ထိုးဖောက်ဆက်ဆံကြရမယ်ဆိုရင် နိုင်ငံသားတွေ ပညာတတ်ကြမှ ဖြစ်ပါမယ်။ ပြီးတော့ နိုင်ငံရဲ့ အာဏာပိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ၊ တရားစီရင်ရေး စတဲ့ ကဏ္ဍတွေမှာလည်း ပညာတတ်မှ ပါဝင်နိုင်မှာဖြစ်ပါတယ်။ ခုခေတ်မှာ ပြောနေကြတဲ့ လူ့စွမ်အားအရင်းအမြစ်တွေ Human Resources တွေ ဖွံ့ဖြိုးတိုးတက်ရပါမယ်။ ဒါကလည်း ပညာရေးကဏ္ဍ တည်ငြိမ်မှုရှိမှ ဖြစ်မှာပါ။

ကိုဘအေးတို့နိုင်ငံမှာ ခုထက်ထိ ပညာရေးနဲ့ ပတ်သက်ပြီး စမ်းသပ်နေတုန်းပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်လည်း စမ်းသပ်ခဲ့ ကြပါတယ်။ မြေစာပင်ဖြစ်ခဲ့ကြရတာကတော့ စာသင်သားတွေပဲ ဖြစ်ပါတယ်။ (ကိုဘအေးတောင် သင်္ချာ ၊ ရူပ ၊ ဓါတု ၊ သိပ္ပံတွဲနဲ့ ဆယ်တန်းအောင်ပြီး မြန်မာစာအဓိက ယူခဲ့ရတဲ့ အဖြစ်ကို ရေးဖူးပါတယ်။ ဒါဟာမဖြစ်သင့်ပါ။ ကိုယ့်ဟာကိုယ် ဝါသနာပါလို့ မေဂျာပြောင်းယူတာက တစ်မျိုးပေါ့) အခုလည်း ပြီးခဲ့တဲ့လတုန်းက စတုတ္ထတန်းနဲ့ အဋ္ဌမတန်းကို ခရိုင်စစ် ၊ တိုင်းစစ် အကြို စစ်ဆေးမှုလုပ်တယ်။ ခွက်ခွက်လန်အောင် ကျလိုက်ကြတာ။ အဲဒီစာမေးပွဲမှာ အင်္ဂလိပ်စာက အကျအများဆုံးဖြစ်ပြီး ဒုတိယ အနေနဲ့ စတုတ္ထတန်းမှာ သင်္ချာနဲ့ လူမှုရေးဘာသာရပ် အကျအများဆုံး ဖြစ်ကြောင်း အဋ္ဌမတန်းမှာတော့ သင်္ချာဘာသာရပ်က ဒုတိယ အကျအများဆုံးဖြစ်ပြီး ကျက်စာဘာသာရပ်တွေဖြစ်တဲ့ ပထဝီ ၊ သမိုင်းနဲ့ သိပ္ပံဘာသာရပ်တို့ဟာလည်း ၅၀ ရာခိုင်နှုန်းခန့် အကျများတယ်လို့ သိရပါတယ်။ ဒီလိုစံချိန်တင် ကျရှုံးမှုကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆရာ၊ ဆရာမတွေအကုန်လုံး မျက်လုံးပြူးသွားကြပါတယ်။ မိဘတွေလည်း မျက်ကလဲဆန်ပြာ ဖြစ်ကုန်ကြတာပေါ့။

ဒီလိုအကြိုစစ်ဆေးမှုမှာ အကျများတဲ့အတွက် အတန်းတင်စာမေးပွဲမှာ ကျောင်းသားတွေ နစ်နာမှုမရှိရအောင် ဆရာ၊ ဆရာမများ ဘက်ကလည်း သင်ကြားရေးပိုင်းမှာ နည်းစနစ်သစ်တွေနဲ့ ပိုမိုမြှင့်တင် သင်ကြားဖို့ လိုအပ်ကြောင်း ၊ အခုအကြိုစစ်ဆေးမှု ရလဒ် တွေဟာ အတန်းကူးပြောင်းမှုမှာ အကျုံးဝင်ခြင်းမရှိပေမယ့် အကျများရခြင်းရဲ့ အကြောင်းရင်းတွေကို ပြန်လည်ဆန်းစစ် သုံးသပ် ပြီး လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်တွေကို ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြုပြင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အတန်းတင်စာမေးပွဲမှာ စာသင်နှစ် တစ်နှစ်လုံးစာဖြစ်တဲ့ သင်ရိုးညွှန်းတမ်း အကုန်ဖြေဆိုရမှာ ဖြစ်ပေမယ့် ကျောင်းသားများ နစ်နာမှုမရှိအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆရာ၊ ဆရာမတွေအနေနဲ့လည်း သင်ကြားနည်းစနစ်သစ်တွေ အသုံးပြု ပြီးတော့ သင်ကြားရေးကို ပိုမိုမြှင့်တင်ရမှာဖြစ်ကြောင်း ပညာရေးဌာနတာဝန်ရှိသူတွေက ပြောကြားတာ တွေ့ရပါတယ်။

အကျများတဲ့အကြောင်းကို သူတို့သုံးသပ်တာကတော့ ကျောင်းသားတွေက အရည်အချင်းရှိကြောင်း ၊ ဆရာတွေမှာ စွမ်းအားရှိ ပြီးသားဖြစ်ကြောင်း ၊ ဆရာတွေအနေနဲ့လည်း ဘယ်လိုလုပ်ရမယ်ဆိုတာ သိကြကြောင်း၊ သင်ကြားနည်းစနစ်တွေနဲ့ သင်ကြားရေး ကို အရင်ကထက် မြှင့်ပြီး သင်ကြမှာဖြစ်ကြောင်း၊ အရင်တုန်းကစနစ်က chapter တစ်ခုချင်းစီအလိုက်ပဲ ဖြေရတာဆိုတော့ ပညာသင်ဆုလိုချင်တဲ့ ဘက်စုံထူးချွန်မှန်းတဲ့ ကျောင်းသားတွေလောက်ပဲ သင်ခန်းစာအားလုံးကို လေ့ကျင့်ကြကြောင်း အဲဒါ ကြောင့် အကျများတာလို့ ဖြစ်ပါတယ်။ “အခုဆိုရင် မေးခွန်းအနေအထားကိုလည်း သိသွားပြီ။ ဆရာတွေရော ၊ ကျောင်းသား မိဘတွေရော အကုန်လုံးဘေးကနေ ပံ့ပိုးပေးနေတဲ့အတွက် အတန်းတင်စာမေးပွဲမှာ ကျောင်းသားတွေ နစ်နာမှာမဟုတ်ပါဘူး။ အခုဆိုရင် အတန်းတင်စာမေးပွဲအတွက် ကျောင်းတွေမှာ အချိန်ပိုတွေခေါ်ပြီး စာကျက်ဝိုင်းတွေနဲ့ ဆရာတွေက သေချာ ကြပ်မတ်ပြီး သင်ပေးနေကြပါတယ်လို့ ပြောပါတယ်။ ဟုတ်ပါတယ် ၊ ရှစ်တန်းအတန်းပိုင်ဖြစ်တဲ့ မဒမ်ဘအေးတစ်ယောက်လည်း အချိန်ပိုတွေသွားသင်နေရလို့ စနေ ၊ တနင်္ဂနွေတောင် မနားရပါဘူး။

တကယ်တော့ အဲဒီပညာရေးစနစ်ကြီးကို တည်ငြိမ်စေချင်ပါပြီ။ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းနေတာမျိုးကြီး မဖြစ်စေချင် တော့ပါ။ ပညာရေးဥပဒေတစ်ခု တိတိကျကျ ထွက်စေချင်ပါတယ်။ အခုလည်း အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ပြဋ္ဌာန်းပြီးပါပြီ။ ဒါပေမယ့် လိုအပ်ချက်တွေ ရှိနေတယ်ဆိုပြီး နေရာအနှံ့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။ ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ ကျောက်ဆည် ၊ မိတ္ထီလာစတဲ့ မြို့တွေကကျောင်းသား တစ်ရာကျော် ပါဝင်ပြီး အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်မှောက်စစ်ကြောင်းဟာ ဇန်နဝါရီလ(၂၀)ရက်နေ့ကစပြီး မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်နေတယ်လို့ သိရပါတယ်။

(အရင်တုန်းက အခုလို ခရီးရှည်ချီတက်ပွဲကို ချောက်ကနေ ရန်ကုန်အထိလာတဲ့ အာဠာဝက သခင်ဖိုးလှကြီးတို့ရဲ့ ရေနံမြေသပိတ် ကနေ စမယ်ထင်ပါတယ်) ဒီမိုကရေစီ သပိတ်မှောက်စစ်ကြောင်းဟာ သပိတ်အားနည်းနေသေးတဲ့ ခရိုင်နဲ့ မြို့နယ်တွေက ကျောင်းသားနဲ့ ပြည်သူတွေပါဝင်မှု များပြားစေလိုပြီး အမျိုးသားပညာရေး ဥပဒေပါအချက်များကို ပြင်ဆင်နိုင်ရန် အစိုးရ၊ လွှတ်တော်ပညာရေး စနစ်ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှား ဦးဆောင် ကော်မတီတို့ လေးပွင့်ဆိုင် (လာပြန်ပြီအပွင့်တွေ) တရားဝင်တွေ့ဆုံ ညှိနှိုင်းမှုပြုလုပ်နိုင်ဖို့ ဒီသပိတ်မှောက် စစ်ကြောင်းကို ခြေလှမ်းတစ်ခုအဖြစ် စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထားဝယ်တက္ကသိုလ်မှာလည်း ဆန္ဒပြကျောင်းသားတွေက ထိုင်သပိတ်မှောက်နေတယ်လို့သိရပြီး ၊ မုံရွာတက္ကသိုလ်မှာတော့ ကျောင်းသားတွေက ဆန္ဒထုတ်ဖော်တာ အသံချဲ့စက်သုံးလို့တဲ့ ၊ ဒု-ပါချုပ်က လာရောက်တားမြစ်တာ တွေ့ရပါတယ်။ ကဲ ဒီအမျိုး သားပညာရေးဥပဒေကို ဘာကြောင့်ကန့်ကွက်နေကြတာလဲ။ သပိတ်မှောက်ကျောင်းသားတွေကတော့ အချက်လေးချက် တောင်းဆိုထားတယ်။ ကျောင်းသား ၊ ဆရာအသင်းများ ဖွဲ့စည်းခွင့်ကို ဥပဒေမှာထည့်သွင်းရေး ၊ အမျိုးသားပညာရေး ကော်မရှင် နှင့် အဆင့်မြှင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတို့ ဥပဒေမှာထည့်သွင်းထားတဲ့အတွက် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ လူတိုင်း အကျုံးဝင်ပညာရေးကို ဥပဒေမှာ ထည့်သွင်းရေး ၊ တိုင်းရင်းသား စာပေဖွံ့ဖြိုးရေးတို့ ဖြစ်ပါတယ်။ ပြီးတော့ စောစောက လေးပွင့်ဆိုင် တွေ့ဆုံရေးပေါ့။

အဲဒီလိုကန့်ကွက်သံတွေ ဆူညံနေတဲ့ အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သမ္မတကြီးလည်း မနေနိုင်တော့ဘူး။ ပြည်ထောင်စုလွှတ်တော်က ပြန်လည်စဉ်းစားသုံးသပ်ပေးဖို့ သဝဏ်လွှာ ပို့ရပြန်တော့တယ်။ သမ္မတပေးပို့တဲ့ သဝဏ်လွှာမှာ မကြာမီက ပြဋ္ဌာန်းပြီး လက်တွေ့မကျင့်သုံးရသေးတဲ့ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုမှုနဲ့ စပ်လျဉ်းပြီး ပညာရေးဝန်ကြီး ဌာနက ဆောင်ရွက်ပေးနိုင်တဲ့ ဥပဒေမူဘောင် အတိုင်းအတာအတွင်း မရှိတဲ့အတွက် ဥပဒေပြုရေးအပိုင်းက ပြန်လည်စဉ်းစား သုံးသပ်ရန် လိုအပ်ကြောင်း ရေးသားဖော်ပြထားပါတယ်။ ဒီအမျိုးသား ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို အကြောင်းပြုပြီး ပြင်ဆင်ပေးရန် တောင်းဆိုလာမှုဟာ ဆက်လက်ညှိနှိုင်းရေးဆွဲမယ့် နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အခက်အခဲတွေ တွေ့ရှိရကြောင်း၊ နည်းဥပဒေနဲ့ ဆက်စပ်ဥပဒေများဟာ ကျယ်ပြန့်ပြီး အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျော်လွန်ရေးဆွဲဖို့ မဖြစ်နိုင်ကြောင်း ၊ ထည့်သွင်းရေးဆွဲထားပြီးသား အချို့ တောင်းဆိုမှုများဟာ အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များထက် ကျော်လွန်နေတဲ့အတွက် ဥပဒေပြုရေး ၊ အုပ်ချုပ် ရေးပိုင်းတွေက ဆွေးနွေးညှိနှိုင်းပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ရန်လိုကြောင်း သဝဏ်လွှာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

တောင်းဆိုချက်တွေအနက် နည်းဥပဒေနဲ့ ဆက်စပ်ဥပဒေများမှာ ဆက်လက်ထည့်သွင်းဖော်ပြမယ့် အချက်များကို ပညာရှင်များက တင်ပြခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းမှာ ပညာရေး စီမံခန့်ခွဲမှုနဲ့ စပ်လျဉ်းပြီး ပုဒ်မ-၆၀နဲ့ ၆၁ တို့မှာ ရေးသားဖော်ပြချက်များနဲ့ မတူညီတဲ့ အမျိုးသား ပညာရေးကော်မရှင် ဖွဲ့စည်းမှု ရေးသားဖော်ပြချက်နဲ့ ပတ်သက်ပြီး ဗဟိုချုပ်ကိုင်မှု လျော့ချပေးရန် တောင်းဆိုလာမှုအပေါ် အဓိကနဲ့သာမည ခွဲခြား စဉ်းစား သုံးသပ်ရမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အရည်အသွေး အကဲဖြတ်မှုနဲ့ အရည်အသွေး အာမခံမှု တို့အတွက် လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ရပ်ကို သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပြီး ပညာရည် တိုးတက်ရေးအတွက် ပံ့ပိုးတဲ့ ကော်မရှင် ၊ ကော်မတီတို့ရဲ့ တာဝန်အချို့ပေးအပ်တဲ့ နည်းလမ်းကိုလည်း စဉ်းစားသင့်တယ်လို့ ပါရှိပါတယ်။

သဝဏ်လွှာရဲ့ နောက်ဆုံးအချက်မှာ ပြည်ထောင်စု အစိုးရအနေနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ပညာရှင်များက ဆွေးနွေး ညှိနှိုင်း တင်ပြလာချက်များအပေါ် ပြန်လည်လေ့လာသုံးသပ်ခဲ့ရာ တင်ပြချက်များကို ပြင်ဆင်ခြင်းဖြင့် အမျိုးသား ပညာရည် မြင့်မား တိုးတက်ရေး ဦးတည်ချက်အား မထိခိုက်စေတဲ့အပြင် အေးချမ်းစွာပညာသင်ကြားရေး ၊ တည်ငြိမ်အေးချမ်းရေးတို့ကို များစွာ အထောက်အကူပြုမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြန်လည်ပြင်ဆင်သုံးသပ်ရန် ဖော်ပြထားတာဖြစ်ပါတယ်။

ဒီလိုနိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်ကလည်း ဆန္ဒ ထုတ်ဖော်လျက်ရှိကြတဲ့ တောင်းဆိုချက် လေးချက်အပေါ် အခြေခံပြီး အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြုစုကာ ပညာရေးဝန်ကြီးဌာနက လွှတ်တော်သို့တင်ပြရန် ၊ ထိုသို့တင်ပြလာပါက ပြည်ထောင်စုလွှတ်တော်က ဆောလျင်စွာ အတည်ပြု ပြဋ္ဌာန်းပေးမယ်လို့ ပြောကြားထားတာကိုလည်း တွေ့ရပါတယ်။

ဒီအချိန်မှာ နိုင်ငံတော်သမ္မတရဲ့ ပညာရေးအကြံပေးဖြစ်တဲ့ ဒေါက်တာ ဒေါ်ရင်ရင်နွယ်က ကျောင်းသားတွေကန့်ကွက်နေတဲ့ အမျိုးသားပညာရေး ဥပဒေမှာပါရှိတဲ့ အချက်အချို့ကို ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတာမဟုတ်ဘဲ လွှတ်တော်ပိုင်းက ထည့်သွင်း ရေးဆွဲလိုက်ခြင်းသာ ဖြစ်တယ်လို့ ပြောကြားလိုက်တော့ လက်ရှိပညာရေး ဥပဒေအပါအဝင် ဒါနဲ့ဆက်စပ် ပတ်သက် နေတဲ့ စိတ်ဝင်စားမှုတွေကို အထွတ်အထိပ်ကို ရောက်အောင် ဆွဲတင်ပစ်လိုက်သလို ဖြစ်သွားပါတယ်။ အမျိုးသားပညာရေး ဥပဒေမှာ ပါဝင်တဲ့ အမျိုးသားပညာရေး ကော်မရှင်မှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များပါဝင်ရမယ်လို့ ထည့်သွင်းထားခြင်း ၊ တိုင်းရင်းသားဘာသာစကား ကိစ္စ ၊ လူတိုင်းအကျုံးဝင် ပညာကိစ္စတို့ကို လွှတ်တော်ဘက်က ပြင်ဆင်ရေး ဆွဲထားခြင်းသာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ လွှတ်တော်က ရေးဆွဲပြီး အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ နှိုင်းယှဉ်ကြည့်စေလိုတယ်လို့ ပညာရေးဒီဘိတ်တစ်ခုမှာ ဒေါ်ရင်ရင်နွယ်က ပြောကြားလိုက်တာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်လျက်ရှိကြတဲ့ ကျောင်းသားတွေကတော့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ အစိုးရက မကမ်းလှမ်းမချင်း သူတို့ရဲ့ ဆန္ဒထုတ်ဖော်မှုကို ရပ်တန့်မှာမဟုတ်ဘူးလို့ ပြောကြားထားတာကို တွေ့ရသလို အဲဒီလို မတွေ့ဆုံဘဲ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရေးဆွဲမည် ဆိုပါကလည်း အခုလိုသံသရာက ရုံးထွက်နိုင်မှာမဟုတ်ဘူးလို့ အကြောင်းပြချက်ပေးထားပါတယ်။
ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရာမှာ အားလုံးပြီးပြည့်စုံတဲ့ ဥပဒေရှိသလို တစ်ခါတစ်ရံမှာ လိုအပ်ချက်တွေရှိသွားတဲ့ ဥပဒေ တွေလည်း ရှိတတ်ပါတယ်။ ဒီလိုရှိလာခဲ့မယ်ဆိုရင် ပြင်ဆင်ချက် ဥပဒေထပ်ထုတ်ကြရတာ ဓမ္မတာပါ။ အေးအေးဆေးဆေးနဲ့ ပြင်လိုက်ရတာရှိသလို ဆူဆူပူပူ ဖြစ်ပြီးမှ ပြင်လိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါ ကိုယ့်နိုင်ငံမှာတင် မဟုတ်ဘဲ နိုင်ငံတကာ မှာလည်း ဒီလိုပါပဲ။

ဒါပေမယ့် ကိုယ့်နိုင်ငံက ဒီမိုကရေစီကို ကူးပြောင်းနေခါစ တိုင်းပြည်ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် အေးအေးဆေးဆေးနဲ့ ချောချောမွေ့မွေ့ပဲ ဖြစ်သွားစေချင်ပါတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဦးစားပေးလုပ်ဆောင်နေရတဲ့ အချိန်မှာ ဟိုကဆူလိုက် ၊ ဒီကဆူလိုက်ဆိုတာမျိုး လည်း မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ဖြေရှင်းပေးစရာရှိရင်လည်း အမြန်ဆုံးဖြေရှင်း ပေးနိုင်ရင် ကောင်းသလို လုပ်ပေးစရာရှိရင်လည်း (လုပ်ပေးနိုင်ရင်ပေါ့လေ လုပ်မပေးနိုင်ဘူးဆိုရင်လည်း အကျိုးအကြောင်းတော့ ရှိရမှာပေါ့) ဆွေးဆွေးနွေးနွေးညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ကြရင် အဆင်ပြေသွားမှာပါ။ တိုင်းပြည်ကောင်းဖို့အတွက်ပဲ မဟုတ်လား။

ဒီနေရာမှာ အယ်ဒီတာ့အာဘော် တစ်ခုထဲက အဆုံးသတ်လေးပဲ ငှားပြီးသုံးပါရစေ။ ဘာလဲဆိုတော့ အခုအမျိုးသားပညာရေး ဥပဒေဖြစ်စဉ်ဟာ အမြန်အဖြေထုတ်ရမယ့် ပုစ္ဆာတစ်ပုဒ်အဖြစ် တစ်စတစ်စ ပိုမိုရောက်ရှိလာနေပြီ ဖြစ်တယ်ဆိုတာပါပဲ။ ဟုတ်ပါတယ်။ အမြန်အဖြေထုတ်ရမယ့် ပုစ္ဆာတစ်ပုဒ်ဖြစ်သလို အဖြေမှန်ကိုလည်း ထုတ်နိုင်ကြပါစေလို့ မျှော်လင့်နေပါမယ်။
(အခုနောက်ဆုံးသိရတဲ့သတင်းကတော့ အစိုးရကိုယ်စားလှယ်များနဲ့ သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်များ ဇန်နဝါရီ ၂၈ ရက်က နေပြည်တော်မှာ တွေ့ဆုံအပြီး သပိတ်မှောက်ကျောင်းသားတွေ တောင်ဆိုထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံရေးကို ဖေဖော်ဝါရီ ၁ ရက်မှာ ပြုလုပ်ဖို့ အစိုးရဘက်က လက်ခံပြီး ညှိနှိုင်းဆွေးနွေးမှု စတင်မယ့်ရက်မှာ ကျောင်းသားများ သပိတ်ရပ်နားမယ်လို့ ထုတ်ပြန်တာ ဖြစ်ပါတယ်။)

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။