Automobile, Opinion

မြန်မာပြည်မှာ ကားမောင်းရတာ ပျော်စရာကြီးပါ…

in-myanmar-drive-happy

မြန်မာလူမျိုးဆိုတာ အလွန်မှ ကြောက်တတ်ကြတာ ဟိုတစ်နေ့ကမှ စာရေးသူ သတိထားမိပါရဲ့။ အသိတစ်ယောက်က စင်္ကာပူပြန် မြန်မာလူမျိုး၊ အနေကြာပြီး အလည်ပြန်လာသည်ပါ။ နောက်တစ်ယောက်က မြန်မာပြည်ဖွား ဒိတ်ဒိတ်ကျဲ ကားမောင်းသူ တစ်ယောက်ပေါ့။ လမ်းတွေဆိုလည်း ကျွမ်းမှကျွမ်း။
တစ်ည စာရေးသူတို့ ငယ်ဟောင်း အသိအကျွမ်းများ တွေ့ဆုံပွဲ ညစာမှာ ရွေှမြန်မာရဲ့ထုံးစံအတိုင်း ရွေးချယ်စရာ သောင်းခြောက်ထောင်ရှိတဲ့ အထဲက ကမ္ဘာပေါ်မှ တံဆိပ်များစွာ ဆွတ်ခူး ရရှိထားတဲ့ နိုင်ငံခြားသားများ အလွန်ကြိုက်တဲ့ သံချေးတပ် ရသာချို ကရ၀ိတ်ကြီးကို အားရပါးရ သောက်ပြီး ပျော်မူးခဲ့ကြသည်ပေါ့။ အလွမ်းသီချင်းတွေဆိုရင်း အိမ်ပြန်လမ်းမှာတော့ ထုံးစံအတိုင်း စာရေးသူက နောက်လိုက်ဆိုတော့ နောက်ခန်းမှာ ထိုင်၊ စင်္ကာပူပြန်ကြီးက ရှေ့ခန်းကထိုင်၊ မြန်မာပြည်ဖွား လမ်းကျွမ်းသူ ဒိတ်ဒိတ်ကျဲက ကားဘီးကို ကိုင်လို့ပေါ့။ လမ်းတစ်၀က် ရောက်တော့ စင်္ကာပူပြန်ကြီးက အလန့်ထညက် “ရပ် ရပ်၊ နောက်ပြန်ကွေ့”လို့ ထအော်တော့ စာရေးသူရော၊ ဒိတ်ဒိတ်ကျဲကြီးပါ ဘာဖြစ်တာလဲပေါ့ ဆိုပြီး သူ့ကို အံ့သြတကြီးနဲ့ ပြန်ကြည့်တော့မှ သူက “ငါ အရမ်း မမူးသေးပါဘူး။ ဒါပေမယ့် ငါတို့ Limit ကျော်နေပြီ။ အခု ရပ်မှ ဖြစ်မယ်။ ရှေ့မှာ တွေ့လား။ Suprise Check နဲ့တူတယ်။ ၀တ်စုံ အပြည့်နဲ့။ ဓာတ်မီးတွေနဲ့ သံဆူးကြိုးတွေနဲ့”လို့ စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ပါတယ်။ အဲဒီအခါမှာတော့ ဒိတ်ဒိတ်ကျဲကြီးက ပိုးဆိုးပက်စက် ရယ်မောပြီး “ဟေ့ကောင် ဒို့ မြန်မာပြည်မှ တကယ့် ဒီမိုကရေစီနိုင်ငံကွ၊ မူးရင်မောင်းလဲ ဖမ်းမည့်လူ မရှိ၊ အရှိန် ပြင်းပြင်း မောင်းလဲ နောက်က လိုက်သူ မရှိ”လို့ ပြန်ဆိုလိုက်တော့ စာရေးသူလည်း ရယ်ရမလို၊ စင်္ကာပူပြန်ကြီးလည်း ရှက်သလိုလိုနဲ့ ဖြစ်ပြီး ဘာဖြစ်တော့မယ်ဆိုတဲ့ အတွေးနဲ့ စကားတွေ ရပ်ပြီး လမ်းမပေါ်မှ တာ၀န်ရှိသူများ၏ အစစ်အဆေးခံဖို့ ကားကို အရှိန် လျော့ပေးလိုက်ပါတော့တယ်။ ကားတံခါးကို ဖွင့်ပြီး တာ၀န်ရှိသူများရဲ့ မေးခွန်းကို ဖြေပြီး တံခါးကို ပြန်အပိတ် မောင်းထွက်လာတော့မှ စင်္ကာပူပြန်ကြီးရဲ့ တည်ကြည် ကြောက်လန့်နေပုံ ရတဲ့ မျက်နှာလေးက ဖိုးလမင်းကြီးသဖွယ် ၀ိုင်းစက်လာပြီး “ဟိုး… တကယ့် ဒီမိုကရေစီ ငါတို့ ရနေပြီပဲ၊ ကားစစ်ဆေးတဲ့ လူတွေအနားကလည်း အရက်နံ့ ရနေပါကလား”တဲ့။ အဲဒီတော့မှ သုံးယောက်လုံး ပြုံးပြုံးပျော်ပျော်နဲ့ ရှေးဟောင်း နှောင်းဖြစ်များ ပြောပြီး ဒိတ်ဒိတ်ကျဲကြီး၏ ပို့ဆောင်မှုကို ခံယူရရှိခဲ့ကြပေတော့တယ်။

နောက်နေ့ မနက် နိုးလာတော့ စာရေးသူလည်း ခေါင်းတွေကိုက်နဲ့ စာမူပို့ရက်ကလည်း ဖြစ်နေတော့ ရေးစရာ ရှာမရတာနဲ့ အိုင်စီတီ ပရိတ်သတ်ကြီးလည်း သိစေအောင် ကြုံတွေ့ခဲ့ရတာလေးကို တင်ပြလိုက်ရပါတယ်။ သို့ပေမယ့် အယ်ဒီတာကြီးလည်း စာရေးသူက ကြောက်ရတော့ ဒီစာမူပေးအပြီးမှ အလွန် တိုလွန်းအားကြီးသည်ဆိုပြီး ပညာပေး ကဏ္႑လေးထပ်ရေးခိုင်းတော့ ခေါင်းကိုက်ကိုက်နဲ့ သိသလောက် မှတ်သလောက် ဆက်လက် မျှေ၀ပါဦးမယ်။

စာရေးသူက နောက်လိုက်ပေမယ့် ကြားဖူးနား၀တော့ ရှိသူ တစ်ဦးပါ။ သြဇီပြန်တို့၊ အန်ကယ်ဆမ်တို့၊ ခြငေ်္သ့ပါးစပ် ရေထွက်တို့ ဆိုတာ စာရေးသူရဲ့ ဆရာကြီးတွေပေါ့။ သူတို့တွေရဲ့စကားအရဆိုရင်…
နိုင်ငံရပ်ခြားမှာ ကားအသစ်စက်စက် ၀ယ်စီးနိုင်တောင်မှ ညဘက် သူငယ်ချင်းများနှင့် ထမင်းစားထွက်တောင် ကားကို အိမ်မှာ သော့ခတ်ထားပြီး၊ လိုင်းကား စီးသွားကြရပါတယ်တဲ့။ တချို့လည်း လိုင်းကား မရှိတဲ့နေရာဆို တက္ကစီမှာပြီး စီးကြရတယ်တဲ့။ ဘာကြောင့်လည်းဆိုတော့ အဲလိုနိုင်ငံမျိုးမှာ မူးပြီး ကားမောင်းပြန်လာလို့ အစစ်ဆေးခံရရင် လိုင်စင်ပြုတ်တယ်ဆိုသလားပဲ။ အံ့သြစရာကြီးပါ။ ဒီမှာတော့ လိုင်စင်ဆိုတာ…

အဲဒါနဲ့ ညဘက်ထွက်ဖို့ တက္ကစီဖိုး ပိုက်ဆံကုန်မှာ ကြောက်လို့ House Party ဆိုလား၊ ဘာဆိုလား သူတို့နေတဲ့ နိုင်ငံမှာ လုပ်ကြတာ များပြီး မူးပျော်ပြီးသွားရင် တွေ့တဲ့နေရာမှာ အိပ်ကြတယ်တဲ့။ ကားတွေကို မောင်းလာပြီး House Party လုပ်တဲ့ Host ရဲ့ အိမ်ရှေ့မှာ တန်းစီပြီး ရပ်ထားကြတယ်။ ကိုယ်သောက်တတ်တဲ့ ၀ိုင်၊ ဘီယာ၊ အရက် စသည်ဖြင့် ယူလာကြပြီး သောက်စား စမြုံထကြသည်တဲ့။ ကိုယ့်ကားကိုယ်ပါတာတောင် လိုင်စင်ပြုတ်မှာဆိုးလို့ဆိုလား၊ လိုင်စင်မှာရှိတဲ့ ပွိုင့်တွေ ပြုတ်မှာဆိုးလို့ ဆိုလားပဲ။ အရက်မသောက်ထားတဲ့ Designated Driver တစ်ယောက်ယောက်ရဲ့ ကားနဲ့ ကိုယ့် အိပ်ရာမှာ ကိုယ် အိပ်ချင်လွန်းအားကြီးလို့ ကားထားခဲ့ပြီး သူများကားနဲ့ ကပ်ပြန်ခဲ့တဲ့ ညများစွာလည်း ရှိသတဲ့။ အံ့သြဖို့ကောင်းချည်ရဲ့။ မြန်မာပြည်မှာဆို အဲလိုသာ ရပ်ထားကြည့်ပါလား။ နောက်နေ့ ဟို အလွတ်ဈေးမှာ တစချင်းဆီ ပြန်သွား၀ယ်နေရပါလိမ့်မယ်။

အဲဒီတော့ စာရေးသူတို့နိုင်ငံမှာ ညည အန္တရာယ်ကင်းအောင် လုပ်ဆောင်ရဖို့အတွက် တာ၀န်တွေက များလာပြီပေါ့။ ဟိုတစ်လောကလည်း မီးပွိုင့်ဖြတ်မောင်းတဲ့ ကားကို ဖမ်းဆီးဖို့ ကင်မရာ တပ်တာ CCTV နဲ့ Red Light Camera မှားပြီး တတ်တယ်ဆိုတဲ့ သတင်းတို့၊ မီးပွိုင့်ဖြတ်ရင် Camea က Disco Light အလား လှုပ်တုံ့လှုပ်တုံ့နဲ့ဆိုလား ဆိုတဲ့ သတင်းတို့ကိုို ဖြတ်သန်းသင့်ပြီး တကယ် စည်းစနစ်ကျစွာဖြင့် သမိုင်းတစ်ကွေ့မှာ ပထမဆုံးအကြိမ် ကြုံတွေ့နေရသည့် ကြီးမားလှစွာသော လမ်းပေါ်နေ ပြည်သူလူထုရဲ့ အန္တရာယ်ကို ကာကွယ်ပေးသင့်ကြောင်းနှင့် ယာဉ်မောင်းများအတွက်လည်း အခြားနိုင်ငံများမှာလို လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးသင့်ပြီး၊ TV တို့ သတင်းစာတို့မှာ နေ့စဉ်နှင့်အမျှ ပညာပေးများ ထည့်သွင်း ထုတ်ေ၀ ဖြန့်ချိသင့်သိ အချိန်ရောက်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

One thought on “မြန်မာပြည်မှာ ကားမောင်းရတာ ပျော်စရာကြီးပါ…

  1. Myo Thiha says:

    ကားစီးရတာပျော်စရာလားတော့ မသိပါ။အသက်စွန့် ပြီးမောင်းရ စီးရတော့ သတိရှိသင့်တယ်။ပြီးတော့ မြန်မာပြည်အနေနဲ့ ကားကို မောင်းရင် ပိုပြီးသတိထားမောင်းသင့်တယ်။လမ်းမကောင်း တာကတစ်မျိုး လမ်းစည်းကမ်းမလိုက်နာတဲ့သူတွေက တစ်မျိုး အဆိုးဆုံးကတော့ ကားတွေတော်တော်များများ မဆင်မခြင်မောင်းကြလို့ ပါပဲ။စည်းကမ်းလိုက်နာ ဘေးကင်းကွာပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *