Health, Opinion

မိုးမပြိုဘူး ပြိုခဲ့သော်

မိုးမပြိုဘူး ပြိုခဲ့သော်

ဒီအတိုင်းဆိုရင်တော့ခက်ပြီ။ ကမ္ဘာပေါ်မှာ လူဦးရေတိုးပွားနှုန်း လျော့နည်းလာဖို့ အကြောင်းရှိနေပြီ။ ကမ္ဘာမှာဆိုတော့ ကိုဘအေးတို့ မြန်မာနိုင်ငံလည်း ပါတာပေါ့လေ။ လူဦးရေရဲ့ သဘောတရားကလည်း သိပ်ပြီး အဆမတန် တိုးပွားလာရင်လည်း မကောင်းဘူး။ လူဦးရေ တိုးပွားနှုန်းနဲ့အညီ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းတွေက လိုက်ပြီး တိုးတက်မလာဘူး ဆိုရင် တစ်နည်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုက တိုးတက်မလာနိုင်ဘူးဆိုရင် စားနပ်ရိက္ခာ မလုံလောက်မှုတွေ၊ လူနေသိပ်သည်း ကြပ်တည်းလာမှုတွေနဲ့ မလွဲမသွေ ကြုံတွေ့လာရနိုင်ပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေ အနေနဲ့ သိပ်ပြီး မထောင်းသာလှပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ တော့ ကြီးမားတဲ့ ပြဿနာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံဟာလည်း တစ်ချိန် ကဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံပါ။ ဒါကြောင့် အရှိန်အဟုန်နဲ့ တိုးပွားလာတဲ့ လူဦးရေကို ထိန်းချုပ်နိုင်ဖို့ အတွက် တစ်အိမ်ထောင် ကလေးတစ်ယောက်မူဝါဒကို ချမှတ်ကျင့်သုံးခဲ့ရတာပါ။ အဲဒီလိုကျပြန်တော့လည်း တရုတ်တွေက သားယောက်ျားလေးကိုပဲ လိုချင်တပ်မက်တဲ့ သူတွေဆိုတော့ မိန်းကလေး ကိုယ်ဝန်ရှိလာရင် ဖျက်ချပစ်တာတို့ မွေးပြီးရင်လည်း စွန့်ပစ်တာမျိုးတွေ ပြုလုပ်လာကြပါ တယ်။ အဲဒီအခါကျတော့ တရုတ်နိုင်ငံမှာ အမျိုးသားနဲ့ အမျိုးသမီး အချိုးကွာဟချက် ကြီးမားလာ ပြီးတော့ တရုတ်အမျိုးသားတွေ အိမ်ထောင်ပြုဖို့အတွက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ ဗီယက်နမ်စတဲ့ ပြည်ပနိုင်ငံက အမျိုးသမီးတွေကို လူကုန်ကူးမှုတွေကနေ တဆင့် ဇနီးမယားလုပ်ဖို့ ဝယ်ယူလာကြရတဲ့ အဖြစ်မျိုးအထိ ရောက်လာပါတယ်။

ချမ်းသာတဲ့ တရုတ်သူဌေးတွေကတော့ တစ်အိမ်ထောင်ကလေး တစ်ဦး မူဝါဒကို သိပ်မလိုက်နာကြဘူးလို့ ဆိုပါတယ်။ နာမည်ကြီး တရုတ်ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်တောင် ဒီပြဌာန်းချက်ကို မလိုက်နာခဲ့လို့ ဒဏ်ငွေဆောင်လိုက်ရတယ်လို့ ကြားရပါတယ်။ ခုတော့ တရုတ်အစိုးရက ဒီမူဝါဒကို ပြန်ပြီး ဖြေလျော့ပေးလိုက်ပါပြီ။ ကိုဘအေးတို့ရဲ့ အနောက်ဘက်က အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင်လည်း တိုးပွားလာတဲ့ လူဦးရေက စားဝတ်နေရေး ခက်ခဲတဲ့အတွက် ဘူးသီးတောင်၊ မောင်တောဘက်ကို ခိုးဝင်လာခဲ့ကြတာဟာ ဒီကနေ့အထိ ပြဿနာတွေဟာ ဖြေရှင်းလို့ မပြီးနိုင်ကြသေးဘူး မဟုတ်လား။

လူဦးရေဆိုတာ အထိန်းအကွပ်မရှိ တိုးပွားလာတာ မကောင်းသလို ပုံမှန်တိုးလာသင့်တဲ့ ရာခိုင်နှုန်းအောက် လျော့နည်းနေပြန်ရင်လည်း မကောင်းပြန်ဘူး။ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ကို ဆိုတဲ့အတိုင်း လူသားအရင်းအမြစ်တွေ လျော့ပါးနေပြန်ရင်လည်း စစ်ရေး၊ နိုင်ငံရေး စီးပွားရေး စတာတွေမှာ သူများနိုင်ငံတွေထက် နိမ့်ကျသွားနိုင်ပြန်ပါတယ်။

ခင်ဗျာ…. လူဦးရေတိုးပွားနှုန်း လျော့နည်းလာနိုင်တယ်ဆိုတဲ့ အကြောင်းလား၊ ဟုတ်ကဲ့ ပြောပါ့မယ်ခင်ဗျာ၊ ကိုဘအေး စကားကြောနည်းနည်းရှည်သွားမိတာ ခွင့်လွှတ်ပါခင်ဗျာ ဒီလိုပါခင်ဗျာ၊

မိုဘိုင်းဖုန်းဟာတဲ့ ယောက်ျားတွေရဲ့ မျိုးပွားခြင်းကို ထူးခြားစွာ ထိခိုက်ကြောင်း၊ ဘောင်းဘီအိတ်ထဲမှာ မိုဘိုင်းဖုန်းကို ထည့်ထားတတ်တဲ့ ယောက်ျားတစ်ယောက် အနေနဲ့ ရေဒီယို သတ္တိကြွဓါတ်ရောင်ခြည်ကို တိုက်ရိုက်ခံစားရတဲ့အတွက် ဖခင်တစ်ဦးဖြစ်လာဖို့ အခွင့်အလမ်း နည်းပါးသွားတယ်ဆိုတဲ့ အကြောင်း၊ ဒါကြောင့် မိုဘိုင်းဖုန်း ဘောင်းဘီအိတ်ထဲထည့်တဲ့ အမျိုးသားများ ကလေးရဖို့ခက်ခဲကြောင်း သိပ္ပံပညာရှင်များက ပြောတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကြောင့် ပါခင်ဗျာ။
ဗြိတိန် Exeter တက္ကသိုလ်က သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တာမှာ လျှပ်စစ်သံလိုက် ဓါတ်ရောင်ခြည်ဟာ စပန်းရဲ့အားကို ၈ ရာခိုင်နှုန်း လျော့နည်းသွားစေတယ်လို့ ဆိုပါတယ်။ အက်ဇက်တာ တက္တသိုလ်က ဒေါက်တာ ဖီယိုနာမက်သရူးနဲ့အဖွဲ့က ယောက်ျား၁၄၉၂ ဦးအား ၁၀ကြိမ်မြောက် လေ့လာပြီး တွေ့ရှိခဲ့ရတဲ့ အချက်မှာ မိုဘိုင်းဖုန်းဓါတ်ရောင်ခြည်ဟာ အမျိုးသား မျိုးပွားအင်္ဂါကို ထိခိုက်စေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပိုပြီးတိကျတဲ့ လက်တွေ့စမ်းသပ်မှုတွေ ထပ်မံပြုလုပ်သွားရဦးမယ်လို့ ဆိုပါတယ်။ အထက်ပါလေ့လာမှုက ဘောင်းဘီအိတ်မှာ ထည့်ယူသွားတဲ့ မိုဘိုင်းဖုန်းက ထုတ်လွှင့်တဲ့ လျှပ်စစ်သံလိုက် ရေဒီယိုသတ္တိကြွ ဓါတ်တစ်မျိုးဟာ စပန်းကို အားနည်းသွားစေတာ အမှန်ပင်ဖြစ်တယ်လို့ ဆိုပါတယ်။ စပန်းအားကို သုံးမျိုးခွဲနိုင်ပြီး ရှင်သန်နိုင် ခြင်း၊ ရွေ့လျားနိုင်ခြင်း၊ မျိုးဥ သို့ မည်မျှရွေ့လျားနိုင်ခြင်းတို့ ပါဝင်ပါတယ်။

အမျိုးသားများမှာ ၅၀-၈၀ ရာခိုင်နှုန်း စပန်းပုံမှန်ရှိပြီး အခုလေ့လာချက်အရ မိုဘိုင်းဖုန်း ဓါတ်ရောင်ခြည်ကြောင့် ၈ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရတာ ဖြစ်ပါတယ်။ တယ်လီဖုန်းကို လက်နဲ့ကိုင်ထားရင်လည်း အင်တာနက်ကြောင့် ဓါတ်ရောင်ခြည်ရနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဝိုင်ဖိုင်ဖွင့်ပါက အင်တာနက် ဓါတ်ရောင်ခြည်ရကြောင်း၊ လက်ပ်တော့ ဝိုင်ဖိုင်အသုံးပြုခြင်းကလည်း ဓါတ်ရောင်ခြည်ကြောင့် မျိုးပွားဥကို ထိခိုက်စေကြောင်း၊ ဒါ့ကြောင့် ကလေးရနိုင်မှုကို ထိခိုက်စေတယ်လို့ သိရပါတယ်။ ဒီနေ့ကမ္ဘာပေါ်မှာ မိုဘိုင်းဖုန်းအသုံးများလာတဲ့ အတွက် ပိုမိုသိသာလာခဲ့တယ်လို့ ဆိုတယ်။

ကမ္ဘာပေါ်မှာ ယခုအခါ လူအများစုဟာ မိုဘိုင်းဖုန်းများ ပိုင်ဆိုင်ထားကြရာ ချမ်းသာတဲ့ နိုင်ငံများမှာ စုံတွဲများရဲ့ ၁၄ ရာခိုင်နှုန်းဟာ ကလေးရဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ခေတ်မီလာတဲ့ ကာလအတွင်း မိုဘိုင်းဖုန်းပုံစံပြောင်းဖို့ လိုလိမ့်မယ်လို့ ပြောသူရှိသလိုပဲ အိုင်ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားမှာပဲလို့ ပြောသူလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်တာဟာ ဒီနေ့ခေတ် လူငယ်တွေရဲ့ စတိုင် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့ လူငယ်တော်တော်များများနဲ့ လူလတ်ပိုင်း တချို့ဟာ သွားတဲ့လာတဲ့ အခါ ဘောင်းဘီဝတ်ကြတာ များတဲ့အတွက် မိုဘိုင်းဖုန်းခေါ်တဲ့ ဟန်းဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်သွားကြတာ များတယ်။ တချို့ကလည်း ကာဗာလေးနဲ့၊ တချို့ကလည်း ဒီအတိုင်းပဲ။ ရှပ်tusÐ အိတ်ထဲမှာထည့်ပြီး ယူသွားတဲ့သူလည်း ရှိတယ်။ အမျိုးသမီးတွေကတော့ လက်ကကိုင်ထားတာ များတယ်။ တချို့ကတော့ ပိုက်ဆံအိတ်ထဲထည့်ထား တတ်ကြတယ်။ နိုင်ငံခြားမှာတော့ လူငယ်တွေ အမျိုးသားတွေက ဟန်းဖုန်းကို ဘောင်းဘီနောက် အိတ်ထဲမှာဖြစ်စေ၊ ဘေးအိတ်ထဲမှာဖြစ်စေ ထည့်သုံးကြတာ တွေ့ရတယ်။ နိုင်ငံခြားရောက်ဖူးလို့ ပြောတာမဟုတ်ဘူးနော်။ တီဗွီဇာတ်လမ်းတွေ ထဲမှာ တွေ့ရလို့ပြောတာ။ မြန်မာနိုင်ငံမှာတော့ ပုဆိုးဝတ်တဲ့ အမျိုးသားတွေက ဟန်းဖုန်းကို ဖုန်းအိတ်နဲ့ ထည့်ပြီး ခါးမှာချိတ်ကြတယ်။ ဘောင်းဘီဝတ်တဲ့ တချို့လည်း ခါးမှာချိတ်ကြတယ်။ အဲဒီလို ဖုန်းကို ခါးမှာချိတ်တာကို ကိုယ့်လိုပဲ ပင်စင်ယူထားပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သားဖြစ်သူက သူ့ကို တောသားကြီးလို့ ပြောတယ်ဆိုပြီး ရုံးမှာတုန်းက ပြောဖူးတယ်။ ဟန်းဖုန်းကို ခါးမှာချိတ်တဲ့ စတိုင်ကလည်း ပုဆိုးဝတ်တဲ့ ကိုဘအေးတို့ နိုင်ငံပဲ ရှိမလားမသိဘူး။ အော်— ဘင်္ဂလားဒေ့ရှ်တို့ အိန္ဒိယတို့မှာလည်း ပုဆိုးဝတ်တဲ့ သူတွေရှိတယ်နော်။ ပလေကပ်ဆိုတာ ကုလားပြည်ကလာတာ မဟုတ်လား။ သူတို့က ကိုယ်တွေလိုတော့ ကွင်းနဲ့ချုပ်ဝတ်ကြတာ မဟုတ်ဘူး။ ပတ်ပြီးတော့ ဝတ်ကြတာ။ ကဲ ထားပါတော့ ဒီပုဆိုးကိစ္စ။

ဒါပေမယ့် ကိုဘအေးထင်တယ်။ ပုဆိုးပဲဝတ်ဝတ် ၊ ဘောင်းဘီပဲဝတ်ဝတ် ဟန်းဖုန်းကို ခါးမှာ ချိတ်တာဟာ စောစောက ပြောသလိုဆို အဲဒါက ဘောင်းဘီအိတ်ထဲ ထည့်ထားတာတဲ့စာရင် အန္တရာယ်နည်းမယ်ထင်တယ်။ အန္တရာယ်ကင်းတယ်လို့ မပြောဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ လက်က ကိုင်ထားရင်တောင် ဓါတ်ရောင်ခြည်ရနိုင်တယ်လို့ သူတို့ကပြောထားတာကိုး။ ဒီလိုပါပဲ၊ နည်းပညာတီထွင်မှု တစ်ခုဟာ ကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲနေတတ်ပါတယ်။ အဏုမြူကိုပဲကြည့်လေ၊ လူသားတွေကို အကျိုးပြုမယ့် လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်သလို အသက်အိုးအိမ် စည်းစိမ်တွေကိုလည်း ပျက်သုဉ်းစေတဲ့ အဏုမြူဗုံးလည်း ထုတ်လုပ်လို့ရတယ်။

ဒီနေရာမှာ ကြားဖြတ်ပြီး တစ်ခုပြောဦးမယ်။ ဟန်းဖုန်းတွေနဲ့ ပတ်သက်ပြီး ဘောင်းဘီအိတ်ထဲမှာ ထည့်ထားရင် သူ့အလိုအလျောက်ထပြီး ပေါက်ကွဲတာ၊ အားသွင်းရင်းနဲ့ ဖုန်းပြောလို့ ဓါတ်လိုက်တာ ပေါက်ကွဲမီးလောင်တာတွေ ကြားရတယ်။ ဟိုတလောက မကြာသေးခင်ကမှ နယ်ဘက်မှာ အမျိုးသမီးတစ်ယောက် မိုးရွာနေတုန်း စက်ဘီးနဲ့သွားရင်း ရင်ဘတ်ထဲမှာ ထည့်ထားတဲ့ ဟန်းဖုန်းက လျှပ်စီးဝင်ပြီး ပေါက်ကွဲတာ သေသွားတဲ့အကြောင်း သတင်းတစ်ပုဒ် တွေ့လိုက်ရပါတယ်။
ခက်တာက ဒီမိုဘိုင်းဖုန်းကလည်း ဒီကနေ့ ကမ္ဘာပေါ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စအဝ၀အတွက် ဆက်သွယ်ရေး ကရိယာတစ်ခုအနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး နေရာတကာကို အလွယ်တကူ သယ်ယူသွားနိုင်ကြတဲ့အတွက်လည်း လက်လွှတ်လို့မရတဲ့ အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် အစပိုင်းမှာ ပြောခဲ့သလိုပဲ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေကို ဘယ်လိုရှောင်လွှဲနိုင်မလဲဆိုတဲ့ အဖြေကို ရှာကြရမှာ ဖြစ်ပါတယ်။ သုတေသနလုပ် တဲ့ ပညာရှင်တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထပ်ပြီး လေ့လာရဦးမယ်လို့ ပြောပါတယ်။

သူတို့လတ်တလော တွေ့ရှိထားတဲ့ မိုဘိုင်းဖုန်းဟာ အမျိုးသားတွေရဲ့ မျိုးပွားတာကို ထူးထူးခြားခြား ထိခိုက်တယ်ဆိုတဲ့ ကိစ္စဟာ တကယ်တန်းလေးလေးနက် စဉ်းစားကြည့်ရင် တကယ်လည်း ကြောက်စရာကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ အရွယ်ရောက်တဲ့ ယောက်ျားတစ်ယောက်ဟာ မျိုးပွားတာကို မစွမ်းဆောင်နိုင်ဘူးဆိုရင် လူစဉ်မမီတဲ့ အဖြစ်မျိုးပါပဲ။ အလကားပါကွာ… ဒီလောက်လည်း မဟုတ်ပါဘူး။ လူတွေက ကြံဖန်တွေးပြီး ကြောက်နေကြတာပါ။ ကိုယ်တစ်ယောက်ထဲလည်း မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက ယောကျာ်းတွေ ဒီလိုပဲ ဘောင်းဘီအိတ်ထဲထည့်ပြီး သွားနေကြ တာပဲ။ ဖြစ်ရင်လည်း တစ်ကမ္ဘာလုံး မျိုးတုံးကုန်မှာပေါ့။ အဲဒါပဲလေ၊ အဲဒီတစ်ကမ္ဘာလုံး မျိုးတုံးသွား မယ်ဆိုတဲ့ အဖြစ်ပေါ့။ တချိန်ချိန်မှာ တချိန်ချိန်မှာဆိုတာ နှစ်ပေါင်းရာထောင်ချီတဲ့ အချိန်လည်း ဖြစ်ချင်ဖြစ်မယ်။ ခေတ်လွန် သိပ္ပံရုပ်ရှင်တွေထဲကလို လူသားတွေ အားလုံးပျောက်သွားမယ်။ တိရစ္ဆာန်တွေကတော့ မိုဘိုင်းဖုန်းမပြောတဲ့အတွက် ကျန်ရှိနေမယ်။ အဲဒီတော့ ဒီကမ္ဘာကြီးဟာ လူ့ကမ္ဘာမဟုတ်တော့ဘဲတိရစ္ဆာန်ကမ္ဘာကြီး ဖြစ်သွားမယ်။ တိရစ္ဆာန်တွေဖြစ်တဲ့အတွက် လူသားတွေ လို အသိဉာဏ်မရှိတဲ့အတွက် ကမ္ဘာကြီးကို မထိန်းသိမ်းနိုင်ဘဲ ကမ္ဘာကြီးလည်း ပျက်စီးသွားမယ်။
ကိုဘအေးစိတ်ကူးကြည့်တာပါ။ လောလောဆယ်ဖြစ်တဲ့ ကိစ္စမဟုတ်တော့လည်း မိုးမပြိုဘူး ပြိုခဲ့သော်ဆိုပြီး တွေးပူနေကြမှာမဟုတ်ဘူး။ (ကွမ်းစားတဲ့ ကိစ္စလိုပေါ့) ဒီလူကြီးကလည်း ကြံဖန်ပြီး ပူစရာမရှိပူတယ်။ နာမည်ကိုတောင် ကိုဘပူလို့ ပြောင်းလိုက်ဖို့ ကောင်းတယ်။ သွပ်သွပ်သွပ် (အီကြာကွေးလေသံနဲ့) ကိုဘအေးကလည်း ကောင်းလင့်တည်း၊ ကောင်းလင့်တည်းလို့ ပြန်ပြော ရမယ်ထင်တယ်။ တကယ်တော့ ကိုဘအေးက အသိကလေး တစ်ခုရစေချင်လို့ တင်ပြပေးရတာပါ ခင်ဗျာ။ ဘောင်းဘီအိတ်ထဲထည့်တာ မထည့်တာက ကိုယ့်ကိစ္စပါပဲ။

TZO
18/6/2014

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *