ဗြိတိသျှကောင်စီ၏ IELTS ပညာသင်ဆု ရရှိသူ ထူးချွန်ကျောင်းသားတစ်ဦးစီလျှင် ဗြိတိသျှ ပေါင်စတာလင် ၂၀ဝ၀ (ငွေကျပ် ၃,၉၀ဝ,ဝ၀ဝ) စီ ရရှိမည်။ မြန်မာနိုင်ငံမှနိုင်ငံအဆင့် ပညာသင်ဆုကို ဒေါက်တာထင်ကျော်သူနှင့် မောင်ဟိန်းမင်းထိုက် တို့မှ ဗြိတိသျှပေါင်စတာလင် ၂၀ဝ၀ (ငွေကျပ် ၃,၉၀ဝ,ဝ၀ဝ) စီ ပညာသင်ဆုအသီးသီးရရှိခဲ့ပါသည်။ ဒေါက်တာထင်ကျော်သူ မှာ Master Of Public Health ဘာသာရပ်ကို စင်ကာပူနိုင်ငံရှိ NUS, Saw Swee Hock School of Public Health တွင် သွားရောက်ပညာသင်ကြားမည်ဖြစ်ပြီး မောင်ဟိန်းမင်းထိုက်မှာ Advanced Computer Science ဘာသာရပ်ကို ယူကေနိုင်ငံရှိ Cardiff University တွင်သွားရောက်ပညာသင်ကြားမည်ဖြစ်ပါသည်။
နိုင်ငံတကာရှိ တက္ကသိုလ်၊ ကောလိပ်များတွင် အဆင့်မြင့်ပညာ ဆည်းပူးရန်မှာ မြန်မာကျောင်းသားများ၏ အိပ်မက်တစ်ခုပင်ဖြစ်ပါသည်။ အဆိုပါ ပညာရေးအခွင့်အလမ်းများကို ဖွင့်လှစ်ပေးရန်အတွက် ဗြိတိသျှကောင်စီမှ IELTS ပညာသင်ဆုအစီအစဉ်ကို ၂၀၁၁ မှစတင်၍ နှစ်စဉ်ပြုလုပ်ကာ အရှေ့တောင်အာရှ ဒေသအတွင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၂၃) ဦးအား ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ပညာဆည်းပူးရန်အတွက် ပံ့ပိုးပေးခဲ့ပါသည်။ ယခုနှစ်တွင်လည်း နောက်ထပ်ထူးချွန် ကျောင်းသားပေါင်း (၄ရ) ဦးကို ရွေးချယ်ချီးမြှင့်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ IELTS ပညာသင်ဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီတွင် ၂၀၁၅ ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
IELTS ပညာသင်ဆု ရရှိသူ ထူးချွန်ကျောင်းသား တစ်ဦးစီလျှင်ငွေကျပ် ၃,၉၀ဝ,ဝ၀ဝ တန်ဖိုးရှိ ပညာသင်ဆုကို ရရှိမည်ဖြစ်၍ နိုင်ငံရပ်ခြား၌ အဆင့်မြင့် ပညာဆည်းပူးရန် အိပ်မက်များကို အကောင်အထည်ဖေါ်နိုင်တော့မည် ဖြစ်ပါသည်။ အရှေ့တောင်အာရှ စာမေးပွဲများဋ္ဌာန၏ ဒါရိုက်တာ Greg Selby ကအပြည်ပြည်ဆိုင်ရာ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲတစ်ခုအနေနှင့် IELTS စာမေးပွဲသည် ၂၀၁၄ ခုနှစ်အတွင်းထဲမှာပဲ ဖြေဆိုသူပေါင်း ၂.၅ သန်းရှိခဲ့ပြီး စာမေးပွဲ၏ ကျော်ကြားမှုမှာ တဟုန်ထိုးမြင့်တက်လာခဲ့ကာ ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့် လူဝန်မှုကြီးကျပ်ရေး အာဏာပိုင်များ အပါအဝင် အဖွဲ့အစည်းပေါင်း ၉၀ဝ၀ ကျော်က အသိအမှတ် ပြုလက်ခံသုံးစွဲကြောင်း ပြောကြားခဲ့ပြီး ၎င်းက ဆက်လက်၍ ဤစားမေးပွဲ၏ ဂုဏ်သတင်းကျော်ဇောမှုနှင့် IELTS ပညာသင်ဆုတို့က အရှေ့တောင်အာရှရှိ ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့၏ နိုင်ငံရပ်ခြားတွင် ပညာဆည်းပူးလေ့လာရေးအတွက် အထောက်အကူ ဖြစ်စေသည့်အတွက် များစွာ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။
ယခုနှစ်တွင် ဗြိတိသျှကောင်စီမှ ဒေသအဆင့် IELTS ပညာသင်ဆုကို ဒေသတွင်းမှ ထူးချွန် ကျောင်းသားငါးဦးအထိ တိုးချဲ့ကာ ချီးမြှင့်ခဲ့ပါသည်။ ယခုနှစ်တွင် ဒေသအဆင့် IELTS ပညာသင်ဆု ရရှိခဲ့သော ကျောင်းသားများမှာ ကိုးရီးယား၊ ဗီယက်နမ်၊ စင်္ကာပူ၊ အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံများမှ ဖြစ်ကြပါသည်။ အထက်ပါ ဒေသအဆင့် ပညာသင်ဆုများအပြင် နိုင်ငံအဆင့် ပညာသင်ဆုများအတွက် လျှောက်ထားသူများကို ယှဉ်ပြိုင်ရွေးချယ်ခဲ့ပြီး နိုင်ငံအဆင့် ထူးချွန်ကျောင်းသားနှစ်ဦးအား ပညာသင်ဆုများ ချီးမြှင့်ခဲ့ပါသည်။
နိုင်ငံအဆင့် ပညာသင်ဆု ရရှိခဲ့သူ ကိုထင်ကျော်သူမှ ဝမ်းသာစကား ပြောကြားခဲ့ရာတွင် IELTS ကိုနှစ်စဉ်ထောင်ချီ၍ ဖြေဆိုလျှက်ရှိသော ကျောင်းသားများရှိပြီး ဤဆုအတွက် လျှောက်ထားသူများစွာနှင့် ယှဉ်ပြိုင်ကာ အရွေးခံခဲ့ရခြင်းကြောင့် များစွာ ဂုဏ်ယူမိကြောင်း၊ ဤ IELTS ပညာသင်ဆုသည် ၎င်း၏ အိပ်မက်များကို အကောင်အထည်ဖေါ်ရန် ယုံကြည်မှုများ ရရှိခဲ့စေပါသဖြင့် များစွာ ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါသည်။ IELTS ၏ တရားဝင်စာစစ်ဋ္ဌာနအနေဖြင့် ဗြိတိသျှကောင်စီမှ IELTS စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသော ကျောင်းသားများအား Road to IELTS ကဲ့သို့သော အွန်လိုင်း လေ့ကျင့်ခန်းများ အပါအဝင် အခြား မြောက်များစွာသော လေ့ကျင့်ခန်း အထောက်အကူပြုပစ္စည်းဖြင့် ပံ့ပိုးလျှက် ရှိပါသည်။ ၎င်းအပြင် IELTS စာမေးပွဲကို တစ်လလျှင် (၃) ကြိမ် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကျင်းပပေးခြင်းဖြင့် ကျောင်းသားများအတွက် စာမေးပွဲရက် ရွေးချယ်မှုကို ပိုမိုလွယ်ကူစေပါသည်။