Genre – Mystery, Slice of Life
No. of Episodes – 22
Studio – Kyoto Animation
Score – 3.5 out of 5
Mystery နှင့် Slice of Life ဇာတ်လမ်းတွဲသစ်ဖြစ်တဲ့ Hyoka ဟာ ဇာတ်ကောင် ဒီဇိုင်းနှင့် Animation quality ပိုင်းကို အသေးစိတ် ရေးဆွဲလေ့ရှိတဲ့အတွက် နာမည်ကြီးတဲ့ Kyoto Animation (Kyo Ani) ရဲ့ ဇာတ်လမ်းအသစ် ဖြစ်ပါတယ်။ Kyoto Animation ဟာ Clannad ၊ K-On! နှင့် Nichijou အစရှိတဲ့ high school comedy နှင့် Slice of Life ဇာတ်လမ်းတွေကို အဓိက ထုတ်လုပ်ခဲ့တဲ့အတွက် high school Anime series တစ်ခု ဖြစ်တဲ့ Hyōka ဟာ Kyoto Animation ရဲ့ ထုံးစံအတိုင်း Slice of Life ဇာတ်လမ်းတစ်ခု ဖြစ်ပေမဲ့ အရင် series တွေနှင့် မတူတဲ့ ဖြစ်ရပ်ဆန်းတွေကို စုံစမ်းတဲ့ Mystery ဇာတ်လမ်းလေးတွေပါ ထည့်သွင်းထားတဲ့အတွက် အပြောင်းအလဲ တစ်ခုအနေနှင့် မြင်တွေ့ရတာ အဆင်ပြေမှာပါ။ Hyōka ဟာ စာရေးဆရာ Honobu Yonezawa ရဲ့ Classic Literature Club Novel စာအုပ်ဇာတ်လမ်းတွေကို မှီငြမ်းထားတဲ့ Animation Series တစ်ခုဖြစ်ပြီး လောလောဆယ်မှာ Novel ငါးအုပ် ထွက်ရှိထားပြီး ဖြစ်သလို Manga ကာတွန်းစာအုပ် ဇာတ်လမ်းတွဲဟာလည်း Shōnen Ace မှာ ထွက်ရှိလျှက်ရှိပါတယ်။
Hyōka ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ပင်ပင်ပန်းပန်း အလုပ်တွေ မလုပ်ချင်တဲ့ Hōtarō Oreki အမည်ရ Kamiyama High School ကျောင်းမှ အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်ပြီး သူ့ အမရဲ့ တောင်းဆိုမှုအရ club member ဝင် မရှိလို့ အပိတ်ခံရတော့မည့် Classic Literature Clubကို ဝင်ရောက်ခဲ့ပုံနှင့် ဇာတ်လမ်း စထားပါတယ်။ Oreki ဟာ Classic Literature Club ထဲ ဝင်ရောက်ပြီး နောက်မှာတော့ စပ်စုတတ်တဲ့ Eru Chitanda ၊ မှတ်ဉာဏ် ကောင်းတဲ့ အခန်းဖော် သူငယ်ချင်း Satoshi Fukube နှင့် အမျိုးသမီး အဖွဲ့ဝင်သစ် Mayaka Ibara အမည်ရ ကျန်ရှိတဲ့ club member ဝင် သုံးယောက်နှင့် ဆုံတွေ့ပြီး Kamiyama High School အတွင်းရှိ လျှို့ဝှက် ဆန်းကြယ်တဲ့ ဖြစ်ရပ်များကို စုံစမ်းကြပုံဖြင့် ဇာတ်လမ်း ဆင်ထားပါတယ်။
Hyōka ဟာ Mystery ဇာတ်လမ်းဆိုပေမဲ့ သဘာဝလွန် Supernatural ဆန်တဲ့ ဇာတ်လမ်းတွေ မဟုတ်ဘဲ သာမန် မဟုတ်ဘူးလို့ အမှတ် မှားလောက်တဲ့ အဖြစ်အပျက်တွေကို အဖြေမှန် ပေါ်အောင် လိုက်လံ စူးစမ်းရတဲ့ ဇာတ်လမ်းတိုလေးတွေ အဓိက ပါဝင်တာ တွေ့ရမှာပါ။ အပိုင်း ၂၂ ပိုင်း ပါဝင်တဲ့ ဇာတ်လမ်းတွဲ တစ်ခုလုံးမှာ အဓိက ဆက်စပ်မှု ရှိတဲ့ ဇာတ်လမ်း Story Arc သုံးခု ပါဝင်သလို ကျန်ရှိတဲ့ Mystery ဇာတ်လမ်းတိုလေးတွေလည်း အများအပြား ပါဝင်တာ တွေ့ရပါတယ်။
Kyoto Animation ရဲ့ ထုံးစံအတိုင်း ဇာတ်ကောင်ဒီဇိုင်းပိုင်းကော၊ video/audio quality ပိုင်းတွေပါ အထူး ကောင်းမွန်ပြီး အစပိုင်းမှာ K-On! နှင့် Kokoro Connect တို့လို Mangaka Kakifly ရဲ့ Kyo Ani ထုတ် high school show တွေရဲ့ ဇာတ်ကောင်တွေနှင့် ရုပ်အနည်းငယ် ဆင်တူနေသလို ထင်ရပေမဲ့ မတူညီတဲ့ ဇာတ်ကောင်စရိုက်နှင့် ကွဲပြားတဲ့ ဇာတ်လမ်း တင်ဆက်မှုတွေကြောင့် အခြား series တွေကနေ Hyōkaက ခွဲထွက်နိုင်တာ တွေ့ရပါတယ်။ Mystery show ဖြစ်လို့ ထူးဆန်းတဲ့ အဖြစ်အပျက်နှင့် ကြောက်စရာ ဇာတ်လမ်းတွေကို မျှော်လင့်ထားတဲ့သူတွေနှင့် သိပ်မကိုက်ပေမဲ့ slice of life နှင့် high school ဇာတ်လမ်းကို ပုံစံသစ်နှင့် ကြည့်ရှုလိုတဲ့ Anime ပရိသတ်နှင့်တော့ Hyōkaက သင့်တော်ပါတယ်။