ကမ္ဘာကျော် ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားများကို အခမဲ့ ပြသနေသည့် Laurel Art Academy အနုပညာ သင်တန်းကျောင်း၏ စက်တင်ဘာလ အစီအစဉ်တွင် Gone With The Wind ရုပ်ရှင်ဇာတ်ကားကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
“Gone With The Wind ရုပ်ရှင်ကားကို ပြန်ကြည့်ချင်တယ်လို့ တောင်းဆိုတဲ့သူတွေရှိတဲ့အတွက် ရွေးချယ်ထားတာပါ။ ဒီဇာတ်က ဝတ္ထုမှာ ဂန္ထဝင်မြောက်သလို ရုပ်ရှင်ကလည်း ဆေးရောင်စုံ ခေတ်ဦးမှာ လူကြိုက်များ အောင်မြင်ခဲ့ပြီး ဂန္ထဝင်မြောက်တဲ့ ဇာတ်ကားတစ်ကားပါ”ဟု Laural Art Academy အနုပညာသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဒါရိုက်တာ ကြည်စိုးထွန်းက ဆိုသည်။
အဆိုပါ ဇာတ်ကား၏ မူရင်းဝတ္ထုကို စာရေးဆရာမြသန်းတင့်က “လေရူးသုန်သုန်”အမည်ဖြင့် ဘာသာပြန်ခဲ့ပြီး မြန်မာ့စာပေလောကတွင်လည်း ထင်ရှားသည့် စာအုပ်ဖြစ်ခဲ့သည်။ စာရေးဆရာမ Margaret Mitchell၏ မူရင်းဝတ္ထုစာအုပ်သည်လည်း ၁၉၃၆ခုနှစ်က ချီးမြှင့်သည့် ပူလစ်ဇာဆုကို ရရှိခဲ့သည်ဟု သိရသည်။
အမေရိကန်နိုင်ငံ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းပြည်တွင်း စစ်ပွဲကို အခြေခံထားသည့် Gone With The Wind ရုပ်ရှင်ဇာတ်ကားတွင် ပြည်တွင်း မငြိမ်သက်မှုနှင့် စစ်ပွဲများအကြား ပြည်သူများ ခံစားရသည့် ဒုက္ခများနှင့် လူတို့၏ စိတ်နေသဘာဝများကို အချစ်ဇာတ်လမ်းနှင့် တွဲဖက်တင်ပြထားသည်ကို မြင်တွေ့ခံစားရမည် ဖြစ်သည်။
၁၉၃၉ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ဖြန့်ချိပြသခဲ့သည့် Gone With The Wind ရုပ်ရှင်ဇာတ်ကားသည် ၁၉၄၀ပြည့်နှစ် (၁၂)ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် အော်စကာဆုရှစ်ဆုနှင့် ဂုဏ်ပြုဆု နှစ်ဆု ရရှိခဲ့သည့် ဇာတ်ကားဖြစ်သည်။ ၎င်းဇာတ်ကားကို ဒါရိုက်တာ Victor Fleming ရိုက်ကူးပြီး Vivien Leigh, Clark Gable, Oliva de Havilland, Hattie MC Danielနှင့် Leslie Howardတို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါသည်။
၁၉၄၀ပြည့်နှစ် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ Best Cinematography, Colourနှင့် Best Art Director ဆုတို့ကို ရရှိခဲ့ပြီး ဂုဏ်ပြုဆုနှစ်ဆုကိုလည်း ရရှိခဲ့သည်။ Gone With The Wind ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီဆွေဇင်ထိုက်က ရှင်းလင်းပြောကြားမည် ဖြစ်သည်ဟု သိရသည်။