စင်ကာပူနိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စင်ကာပူနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် စက်တင်ဘာလအတွင်း သွားရောက်ရန်ရှိကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သည် စင်တင်ဘာ ၂၀ရက်နှင့် ၂၂ရက်နေ့များတွင် ပြုလုပ်မည့် ဒုတိယအကြိမ် စင်ကာပူထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့် အဓိကအချက်အလက်များ ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်မှ ပြောရေးဆိုခွင့်ရှိသူနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး၀င်းမြင့်က “စင်ကာပူ ခရီးစဉ်ကို ၂၀ရက်မှာ မြန်မာနိုင်ငံကနေ ထွက်မယ်။ စင်ကာကူ Summit ကို တက်ဖို့ သွားမှာပါ။ စင်ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာဖို့ ဘာတို့ဆိုတာက သွားရင်းနဲ့ လိုအပ်တာတွေကိုလည်း ဆွေးနွေးမှုတွေ ရှိချင်လည်းရှိမှာပါ”ဟု ရန်ကုန်တိုင်းမ် သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
Global Asia Programmed Office၏ စီစဉ်မှုဖြင့် စင်ကာပူ စီးပွားရေးဖွံ့ဖြိုးမှု ဘုတ်အဖွဲ့၊ စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့၊ ကုန်သွယ်ရေးနှင့် စက်မှု၀န်ကြီးဌာန၊ ဘဏ္႑ာရေး ၀န်ကြီးဌာန၊ GICနှင့် စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်သည့် Temasek တက္ကသိုလ်တို့မှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်၍ စင်ကာပူအမျိုးသား တက္ကသိုလ်၏ East Asian Inshituteမှ ဧည့်သုတေသီ Alistair Cookက မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးဖို့ဆိုရင် ပွင့်လင်းမြင်သာမှု၊ နိုင်ငံရေး ပြုပြင်မှု၊ လွတ်လပ်သည့် တရားစီရင်ရေးစနစ်နှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ပြည်သူအားလုံးအတွက် လိုအပ်ပါတယ်”ဟု CNA သတင်းဌာန၏ ဖော်ပြချက်တွင် သုံးသပ်ပြောကြားထားသည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေအိမ်အကျယ်ချူပ်မှ လွတ်မြောက်ပြီး အမေရိကန်၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံများသို့ ၂၀၁၀ခန့်အတွင်းက သွားရောက်ခဲ့ပြီး အာဆီယံဒေသတွင်း အိမ်နီးချင်းနိုင်ငံ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ခုနှစ်အတွင်း သွားရောက်ခဲ့ကာ စင်ကာပူသို့ သွားရောက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး စင်ကာပူခရီးစဉ် မတိုင်မီ စက်တင်ဘာ ၁၀ရက်တွင် ဥရောပခရီးစဉ်များအဖြစ် ဟိုလန်ဟန်ဂေရီနှင့် ချက်သမ္မတနိုင်ငံများသို့ သွားရောက်ရန်ရှိကြောင်း သိရပါသည်။