Opinion

အဖေ့ ချွေးဖိုး

ကိုဘအေးတို့လမ်းရဲ့ ဟိုဘက်လမ်းမှာ ညပိုင်းတရားပွဲလုပ်တယ်။ ၂၃ ကြိမ်မြောက်ဗုဒ္ဓပူဇနိယ ပွဲတော်နဲ့ စတုတ္ထအကြိမ်မြောက် နှစ်ဦး တရားပွဲလို့သိရတယ်။ ကိုဘအေးတို့အိမ်နဲ့ မျက်စောင်းထိုးအိမ်ရဲ့ နောက်ဘက် ဖင်ချင်းကပ် တိုက်ခေါင်မိုးပေါ်မှာ လော်စပီကာကြီး တင်ထားတော့ ဘုန်းကြီးတရားဟောတာကို ကောင်းကောင်း ကြားနေရတယ်။ ဒီတော့ ကိုဘအေးလည်း အိမ်ကနေပဲ တရားနာလိုက် တော့တယ်။ ဒုတိယမြောက်နေ့ဟောတဲ့ စာဗူးတောင်းဆရာတော် ဘဒ္ဒန္တအရှင်ရေဝတရဲ့ တရားတော်ကို နာကြားပြီးတော့ ဒီဆောင်းပါးလေး ရေးဖြစ်လာတာပါ။

ဆရာတော် အဓိကဟောတဲ့ အကြောင်းလေးက အဖေ့ချွေးဖိုးဆိုတဲ့ အကြောင်းလေးပါ။ အများအားဖြင့် လူတွေက အမေ့ကျေးဇူး ၊ အမေ့ဂုဏ် ၊ အမေ့တန်ဖိုးတွေကိုသာ ညွှန်းဆိုကြ ၊ ဖွဲ့နွဲ့ကြ ပြောဆိုတတ်ကြတယ်။ ပြသိုလပြည့်နေ့ကို အမေနေ့လို့ သတ်မှတ်ကြ ပြီးတော့ အမေ့ရဲ့ ဂုဏ်ကျေးဇူးကို ဖွင့်ဆိုကြ ၊ ချီးမွမ်းကြတယ်။ ဂန္ဓဝင်မေမေ ၊ မြင့်မိုရ်မေမေ ၊ ကောင်းကင်မေမေဆိုပြီး အမေ့ကို ဂုဏ်ပြုကြတယ်။ ချီးမြှောက်ကြတယ်။ တင်စား ကြတယ်။ အမေ့ရဲ့ ကျေးဇူးက ကြီးမားတယ် ဆပ်လို့မကုန်နိုင်ဘူးဆိုတာလည်း မှန်ပါတယ်။ ဂေါတမမြတ်စွာဘုရား ရှင်တောင်မှ အမေ့ကျေးဇူးကို နို့တစ်လုံးဖိုးကုန်အောင်ပဲ ဆပ်နိုင်တယ်လို့ အဆိုရှိတယ် မဟုတ်လား။ အမေတွေဟာ မိမိတို့ကို ကိုးလလွယ် ၊ ဆယ်လဖွားပြီး ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အရွယ်ကတည်းက လူဖြစ်အောင် မွေးလာခဲ့ကြတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အမေ့ကျေးဇူးကိုပဲ ဂုဏ်ပြုချိီးကျူးကြပြီးတော့ မိဘနှစ်ဦးရှိကြတဲ့ အထဲမှာ အဖေ့ရဲ့ကဏ္ဍပျောက်ကွယ်နေတာကို ဆရာတော်ကဖော်ထုတ် ဟောကြားခဲ့တာ ဖြစ်ပါတယ်။

သတ္တဝါတိုင်းဟာ ဗီဇမျိုးစေ့တစ်ခုခုကို အခြေခံပြီးတော့ မွေးဖွားကြီးပြင်းလာရတာ ဖြစ်တဲ့အတွက် မိဘနှစ်ပါး ဆိုတာရှိကြရမည်သာ ဖြစ်ပါတယ်။ ယုတ်စွအဆုံး အဖေမပေါ်ဘဲ မွေးလာတဲ့ကလေးတောင်မှ အကြောင်းအမျိုးမျိုး ရှိမှာဖြစ်ပေမယ့် သူ့မှာအဖေကတော့ ရှိနေပါတယ်။ မိဘ ဒါမှမဟုတ် မျိုးရိုးဗီဇမရှိဘဲနဲ့ ဘယ်သတ္တဝါကိုမျှ ဖြစ်ထွန်း ပေါ်ပေါက်လာနိုင်မယ်မဟုတ်ပါ။ သတ္တဝါများထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မိမိတို့လူသားများဟာလည်း တိရစ္ဆာန် စတဲ့ အခြားသတ္တဝါတွေရဲ့ မိဘများထက်ပိုပြီး မြင့်မြတ်ကြသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် မိဘနှစ်ပါးကို အကြောင်းရင်းခံပြီးတော့ လူ့ဘဝရောက်လာသူတိုင်းဟာ မိနှင့်ဖဆိုပြီး ရှိကြရစမြဲ မဟုတ်လား။ မိဘဆိုပြီးမရှိဘဲ လူဖြစ်လာသူကား မရှိနိုင်ပါ။ အမေက မွေးသမိခင် ၊ ကျေးဇူးရှင်ဖြစ်သလို အဖေက ကျွေးသဖခင် ကျေးဇူးရှင်ဖြစ်ပါတယ်။ အဖေဟာ သားငယ် ၊ သမီးငယ်တွေ မွေးဖွားတဲ့နေ့ကစပြီး လူလားမြောက်လို့ ကြီးပြင်းလာတဲ့တိုင်အောင် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်ပါတယ်။ တချို့ဖခင်တွေဆိုရင် မိသားစု စားဝတ် နေရေးအတွက် ပင်ပင်ပန်းပန်းလုပ်ရတဲ့ ကာယအလုပ်နဲ့နေပူမိုးရွာမရှောင် အပင်ပန်းအဆင်းရဲခံပြီး နေ့မနား၊ ညမနား အလုပ်လုပ်ကာ စီးပွားရှာကြရပါတယ်။ ကာယလုပ်သားအဖေတွေ ပင်ပန်းဆင်းရဲသလိုပဲ ဉာဏအလုပ် သမားအဖေတွေကလည်း အရိပ်ထဲမှာ အလုပ်လုပ်ရပေမယ့် ဖိအားတွေ ဖိစီးမှုတွေနဲ့ အလုပ်လုပ်ရလို့ စိတ်ပင်ပန်း ခံပြီး အလုပ်လုပ်နေကြရတာပါ။ ကိုယ့်ရဲ့အထက်အဆင့်ဆင့် တာဝန်ရှိသူတွေရဲ့ ပြောဆိုကြိမ်းမောင်းတာ ၊ ငေါက်တာ ငမ်းတာ တချို့ဆိုရင် ဆဲတာဆိုတာ (စိတ်တိုင်းမကျလို့ထိုးတာ ကြိတ်တာတောင် ခံရတဲ့သူ ရှိပါတယ်။)ကို သည်းညည်းခံပြီး လုပ်ခဲ့ကြရတာပါ။

ကိုဘအေး ဦးစီးအရာရှိ လုပ်တုန်းကဆိုရင် ကိုယ့်လက်အောက် ဝန်ထမ်းတွေဖြစ်တဲ့ ဒုဦးစီးကနေ စာရေး ဝန်ထမ်းတွေနဲ့ ရုံးအကူအထိကို နင်ဘဲငဆ ပြောခဲပါတယ်။ ညီအစ်ကို မောင်နှမတွေလိုပဲ ဆက်ဆံခဲ့ပါတယ်။ တစ်ခါတစ်လေ စိတ်တိုင်းမကျလွန်းမှပဲ ငါ့လချီးမှပဲ မင်းတို့ ဒါလေးတောင် မလုပ်နိုင်ကြဘူးလားဆိုတာလောက်ပဲ ပြောဖူးပါတယ်။ ကိုယ့်အထက်အရာရှိတွေ အဆင့်ဆင့်ကလည်း ကိုယ့်ကို ပြင်းပြင်းထန်ထန် မပြောဘူးပါ။ ညွှန်ချုပ် ဒု-ညွှန်ချုပ်တွေဆိုရင် ဝန်ကြီးကဆဲလိုက်ဆိုလိုက်တာတောင် ကိုယ်တွေကို ပြန်ပြီး ကြိမ်းမောင်းတယ်လို့မရှိပါ။ ကိုအဝှာရေ ဒါလေးကိုတော့ ဒီလိုပြန်ပြီးလုပ်ပေးပါဦးဆိုပြီးပဲ ခိုင်းတတ်ပါတယ်။ ကိုဘအေးအနေနဲ့ လူကြီးရဲ့ ဖိစီးမှု သိပ်မရှိခဲ့ပါ။ အလုပ်ရဲ့ ဖိစီးမှုပဲရှိခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲအထိ အဆင့်ဆင့်တင်ပြဖို့ ကိစ္စတွေမှာ အားချင်းလုပ်ရတာတွေ ရှိပါတယ်။ မနက်မှာ တင်ပြနိုင်ဖို့ ညတွင်းချင်းသိအောင် လုပ်ရတာတွေ ရှိပါတယ်။ ညွှန်ချုပ်ကအစ အတူတူလုပ်ကြရတာပါ။ ပြီးရင် လူကြီးမကြိုက်မချင်း အကြိမ် ကြိမ် ပြန်လုပ်ရပါတယ်။ အဲဒီလို အခါတွေမှာတော့ လူပင်ပန်းစိတ်ပင်ပန်းပါပဲ။ ဒုညွှန်ချုပ်အခန်းထဲမှာ အလုပ်လုပ် ရင်း ကိုဘအေးနှာ ခေါင်းသွေးလျှံခဲ့ဖူးတဲ့ အကြောင်းရေးဖူးပါတယ်။ ပုဂ္ဂလိက ဝန်ထမ်းတွေအလုပ်သမားတွေ ဆိုရင်လည်း တစ်နေကုန် ထိုင်ရာမထ တကုပ်ကုပ်လုပ်နေကြရတဲ့ သူတွေရှိသလို တစ်နေ့လုံး လှုပ်ရှားလုပ်ကိုင် နေကြရသူတွေလည်း ရှိပါတယ်။ ပြောချင်တာကတော့ ကာယလုပ်သားအဖေတွေ ပင်ပန်းကြသလို ဉာဏလုပ်သား အဖေတွေလည်း သူ့အတိုင်း အတာနဲ့သူ ပင်ပန်းကြတယ်ဆိုတာ ပြောချင်တာပါ။ ဒီနေရာမှာ အဖေတွေတွင် မဟုတ်ပါဘူး။ ကာယ ဖြစ်ဖြစ် ဉာဏဖြစ်ဖြစ် မိသားစု စားဝတ်နေရေးအတွက် ခေတ်ကာလအလျောက် အလုပ်လုပ် ကြတဲ့ အမေတွေလည်း ရှိပါတယ်။ ဒီအမေတွေကတော့ မွေးကျေးဇူးအပြင် ကျွေးကျေးဇူးပါရှိတယ်လို့ ပြောရမှာပေါ့။ ကိုဘအေးတို့ ငယ်ငယ်တုန်းကတော့ အဖေတွေကပဲ စီးပွားရှာကြတာ ၊ အမေတွေကတော့ သားသမီးတွေပြုစုမယ်၊ အိမ်ထောင် ထိန်းသိမ်းမယ် ဒီအလုပ်ပဲ။

ဆရာတော်ဟောတဲ့ တရားထဲမှာ ရှိသေးတယ်။ သားသမီးတွေ အလုပ်ကနေ ၊ ကျောင်းကနေ ၊ ကစားရာကနေ အိမ်ကိုပြန်လာလို့ ရှိရင် အိမ်မှာ အဖေငုတ်တုတ်ရှိနေပေမယ့် အမေ့ကို မတွေ့ရင် အမေဘယ်သွားလဲလို့ မေးတတ်ကြတယ်။ အိမ်မှာအမေရှိနေပြီး အဖေ့ကို မတွေ့ရင် အဖေဘယ်သွားလဲလို့ မမေးကြဘူးတဲ့။ အဲဒီအခါကျ တော့ အဖေက သားသမီးတွေရဲ့ ဂရုစိုက်မှုမခံရလို့ စိတ်ဆင်းရဲမှုဖြစ်တယ်။ အဲဒီစိတ်ခံစားမှုကို ဖြေဖျောက်ဖို့ အပြင်မှာ အရက်သောက်တယ်။ အရက်သမားကြီး ဖြစ်တယ်။ ကျန်းမာရေးထိခိုက်တယ်။ တချို့ကလည်း ပြောကြ တယ်။ အရက်သောက်ချင်လို့ သောက်တာပါ။ ဆင်ခြေပေးတာပါလို့ ပြောကြတယ်။ ဟုတ်ပါတယ် သူတို့ပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် တချို့ကလည်း တခြားနည်းနဲ့ အပြင်မှာ စိတ်ရဲ့ပြေရာ ရှာကြတာ ရှိတယ်။ ဒါကြောင့် သားသမီးတွေဟာ စီးပွားရှာပြီး ပြန်လာတဲ့အဖေကိုလည်း နွေးနွေးထွေးထွေးနဲ့ ဆီးကြိုသင့်တယ် လို့ ဆိုလိုတာပါ။

တချို့ဖခင်တွေက ပျော်ပျော်နေတတ်ကြသလို တချို့ကလည်း သားသမီးတွေနဲ့ ရင်းရင်းနှီးနှီး မနေတတ်ဘဲ ဖာသိဖာသာ နေတတ်တဲ့သူလည်း ရှိပါတယ်။ အဖေတွေ တချို့ကလည်း အလုပ်တစ်ခုလုပ်ပြီး အိမ်ထောင်စုအတွက် ငွေရှာပေးနိုင်ရုံနဲ့ တာဝန်ကျေပြီလို့ မှတ်ယူထားတတ်ကြတဲ့ သူတွေလည်း ရှိပါတယ်။ အချို့ကတော့ သားသမီး တွေကို အလွန်ချစ်တတ်ပေမယ့် ဘယ်မသွားရ ၊ ဘာမလုပ်ရ စသဖြင့် စည်းကမ်းတင်းကြပ်လွန်းတဲ့ သူတွေလည်း ရှိတယ်။ ကိုဘအေးတို့ ငယ်ငယ်က အဖေနဲ့အတူနေရတဲ့ အချိန်နည်းပါတယ်။ အဖေက ခရီးထွက်နေရတာ များလို့ပါ။ အတူနေရတဲ့အချိန်မှာတော့ ဂရုစိုက်ပါတယ်။ ကိုဘအေးဆယ်နှစ်သားလောက်မှာ အဖေက နောက်အိမ်ထောင် ပြုသွားပြီး အညာမှာပဲ အခြေချလိုက်ပါတယ်။ မိသားစုကို အဝေးကနေပဲ ထောက်ပံ့ပါတယ်။ ကိုဘအေး ကိုးတန်းဖြေ ပြီးတဲ့နှစ်မှာ ကုန်သည်လူကြုံရှိတာနဲ့ အဖေရှိတဲ့ ချောက်မြို့ကို လိုက်သွားလည်ပါတယ်။ သားဖြစ်သူကို အဖေက ဂျစ်ကားကိုယ်တိုင်မောင်းပြီး ပုဂံတို့ ပုပ္ပါးတို့ကို လိုက်ပို့ပါတယ်။ နောက်ပိုင်းမှာ နွေရာသီကျောင်းပိတ်ရက်တိုင်းမှာ အဖေ့ဆီကို သွားလည်ဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်မှာ ပထမနှစ်တက်တော့ အဖေလိုက်လာပြီး ကျောင်းစရိတ် အတွက် မန္တလေးက အဖေ့မိတ်ဆွေကုန်သည် တစ်ဦးဆီမှာ မိတ်ဆက်ပေးပြီး လစဉ်အဲဒီကုန်သည်ဆီမှာ ကျောင်းစရိတ် ၁၅၀ ကျပ်ထုတ်ယူရပါတယ်။ အဲဒီအချိန်တုန်းက အဆောင်ကြေး ၁၄ ကျပ်နဲ့ ထမင်းလခ ၄၃ ကျပ် ပေါင်း ၅၇ ကျပ်ပဲ ပေးရပါတယ်။ ကျန်တာ ကျောင်းလခနဲ့ စာအုပ်ဖိုး ၊ မုန့်ဖိုးပေါ့။ ခုလူတွေကိုပြောရင်တော့ ယုံမှာမဟုတ်ဘူး။ ကိုဘအေးတို့ခေတ်တုန်းကလည်း မေမေတို့ တုန်းက နံပါးတစ်ချပ်ကို တစ်ပြားပဲ ပေးရတယ်ဆိုတာ ပုံပြင်လို့ပဲ မှတ်ခဲ့ကြတာ။ ကိုဘအေးအဆောင်မှာ ရေနီမြောင်း က သွယ်ထားတဲ့ရေတွေချိုးပြီး အနာတွေပေါက်တော့ မန္တလေးတက္ကသိုလ်ဆေးရုံမှာ တစ်ပတ်လောက်တက်လိုက် ရတာ ဖေဖေကလာကြည့်ပါတယ်။ မိထွေးလုပ်တဲ့သူ (အန်တီ)ကလည်း မန္တလေးလာရင် အဆောင်ကိုလာလည် လေ့ရှိပါတယ်။ စားစရာ ၊ သောက်စရာတွေယူလာပြီး မုန့်ဖိုးလည်း ပေးသွားတတ်ပါတယ်။ နောက်အိမ်ထောင်နဲ့ အဖေက သားသမီးမရပါ။ အဲဒီတော့ မိထွေးကလည်း ကိုယ့်ကို ချစ်ပါတယ်။ (အကြောင်းတိုက်ဆိုင်လို့ပြောတာပါ အမေရဲ့ မေတ္တာနဲ့တော့ နှိုင်းလို့မရပါ) နိုင်ငံတော် ကောင်စီရုံးမှာ လုပ်နေတုန်း အဖေ့ဆီကို တစ်ခေါက်နှစ်ခေါက် ရောက်သေးတယ်။ နောက်ပိုင်းမှာ မရောက်ဖြစ်တော့ ဘဲ ၁၉၈၉ ခုနှစ် ၊ ဒီဇင်ဘာမှာ အလုပ်ကိစ္စနှင့် ချောက်ကို ရောက်သွားတော့ အန်တီနဲ့ပဲတွေ့ခဲ့ရပြီး အဖေဆုံးသွားပြီ ဆိုတာ သိရပါတယ်) အဖေက အကြောင်းမကြားခိုင်းလို့ အကြောင်းမကြား တာလို့ ပြောပါတယ်။ ဈာပန အခမ်းအနားကို ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပြမလို့ သေတ္တာသော့ကို ဖွင့်တာမရပါ။ ကိုသန့်ဇင်တို့ကတော့ ပြတ်လိုက်တာမှ ဓါတ်ပုံတောင် ပေးမပြတော့ဘူးလို့ အန်တီက ပြောပါတယ်။ (အဖေက နောက်အိမ်ထောင် ပြုလိုက်တော့ နာမည်ကိုပါ ပြောင်းလိုက် ပါတယ်။) ကိုဘအေး ငယ်ငယ်တုန်းကတော့ အမေ့ကို သနားသလို အဖေ့ကို လည်း မုန်းတဲ့စိတ်မဖြစ်မိပါ။ ကြီးလာတဲ့ အခါကျတော့ ဒါတွေက ရှေးကံအကြောင်းတွေ ပါလားလို့ပဲ မှတ်ယူပါတယ်။ ဘာပဲဖြစ်ဖြစ် အဖေဟာ အဖေပဲလို့ သဘောထားပါတယ်။

ဆရာတော်က ပြောပါတယ်။ အမေတွေက သူတို့ရဲ့သွေးနဲ့ဆက်ပြီး ကိုယ့်ကို ကိုယ်ဝန်လွယ်ထားရတာ ဖြစ်တဲ့အတွက် သွေးကျေးဇူးရှိတယ်။ အဲဒီတော့ အမေ့ကို ကျေးဇူးဆပ်တာဟာ သွေးဖိုးဆပ်တာဖြစ်တယ်။ အဖေတွေ က ချွေးထွက်အောင် အလုပ်လုပ်ပြီး ရှာကျွေးတဲ့သူတွေဖြစ်လို့ အဖေ့ကို ချွေးဖိုးဆပ်ရမှာ ဖြစ်ပါတယ်။ ဆရာတော် က ပြာသိုလပြည့်နေ့ကို အမေနေ့လို့ သတ်မှတ်သလို တပေါင်းလပြည့်နေ့ကို အဖေနေ့လို့ သတ်မှတ်သင့်ကြောင်း ပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်ပြီး သုံးဝါအရမှာ ဖခင်သုဒ္ဓေါ ဒနမင်းကြီးနဲ့ ဆွေတော်မျိုးတော်တွေရဲ့ အဖူးမျှော်ခံဖို့ ၊ နိဗ္ဗာန်ရောက်ကြောင်း တရားတွေ ဟောဖော်ညွှန်ပြဖို့ တပေါင်းလပြည့်နေ့မှာ ဖခင်ရှိရာ ကပ္ပိလဝတ်ပြည်ကို ဒေသစာရြွီကချီတော် မူပါတယ်။ တစ်နည်းအားဖြင့် အဖေ့ရဲ့ ချွေးဖို့ဆပ် တရားဟောဖို့ ဖြစ်ပါတယ်။ ဒါကြောင့် တပေါင်းလပြည့်နေ့ ကို အဖေနေ့လို့ သတ်မှတ်ဖို့သင့်တယ်လို့ ပြောတာပါ။ ဆရာတော်က အဲဒီလိုပဲ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

မိခင် ၊ ဖခင်တို့ရဲ့ တာဝန်ဟာ ဘယ်သောအခါမှ ပြီးဆုံးသွားတယ်၊ ကုန်သွားတယ်ဆိုတာ မရှိပါ။ သားသမီး တွေ ပညာတတ်ရေး ၊ ကျန်းမာသန်စွမ်းရေး ၊ အဆင့်အတန်းမီမီ လူလားမြောက်ဖို့အတွက် မျှော်တွေးကာ နိစ္စဓူဝရတက်မအေး ဖြစ်ရပါတယ်။ ထိုက်သင့်တဲ့ ပညာတွေ တတ်မြောက်ပြီး လူလားမြောက်လာ ပြန်ရင်လည်း သူတို့ရဲ့ အိမ်ထောင်ရေးအတွက် စီစဉ်ပေးရပြန်တယ်။ ဒီတာဝန်တွေဟာ ဘယ်သူကမှ ပေးအပ်လာတဲ့ တာဝန် မဟုတ်ပါ။ သားသမီးများအပေါ် ချစ်ခင်တဲ့ မိခင်ဖခင်တို့ရဲ့ မေတ္တာစိတ်က ယိုစိမ့်ဖြစ်ထွန်းလာတဲ့ တာဝန်များပင် ဖြစ်ပါတယ်။ ဒီမေတ္တာစိတ်ဟာ မိနဲ့ဘအတူတူပဲရှိပါတယ်။ ဘယ်သူကမှ မပိုပါ။

ဒါကြောင့် မိနဲ့ဘ နှစ်ဦးရှိမှ လူဖြစ်လာရတဲ့ မိမိတို့ဟာ အမေရဲ့ မွေးကျေးဇူးသိတတ်ရသလို အဖေရဲ့ ကျွေးကျေးဇူးကိုလည်း မမေ့သင့်ပါ။ အမေ့ကို သွေးဖိုးဆပ်ဖို့ရှိသလို အဖေ့ကိုလည်း ချွေးဖိုးဆပ်ရမယ်ဆိုတာ အစဉ်ထာဝရအမြဲ အမှတ်ရနေဖို့ အကြောင်း စိတ်ဆန္ဒကောင်းလေးနဲ့ နှိုးဆော်ရပါတယ်။ (တမလွန်က အဖေ့ကို ဒီဆောင်းပါးနဲ့ ချွေးဖိုးဆပ်အပ်ပါတယ်။)

 

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *