Opinion

ရခဲလှစွ၊ လူ့ဘဝ

အော်စကာ – မင်္ဂလာပါ ဘကြီးဖြိုး။
ဘကြီးဖြိုး – မင်္ဂလာပါ အော်စကာရေ၊ အော်စကာ ကြည့်ရတာ အတွေးနက် နေပုံရတယ်၊ ဘာတွေ တွေးနေတာလဲကွဲ့။

အော်စကာ – စဉ်းစားနေတာပါ ဘကြီးဖြိုးရယ်၊ ကျွန်တော်တို့ ဘကြီးဖြိုးတို့ လူသားတွေဟာ လူဖြစ်ရတာ အမြတ်ဆုံး ဆိုပြီး ဂုဏ်ယူနေကြတာ မဟုတ်လား ခင်ဗျ။
ဘကြီးဖြိုး – သတ္တလောကကြီးမှာ သက်ရှိ သတ္တဝါတွေအပြင် ငရဲသား၊ ပြိတ္တာ၊ နတ်၊ ဗြဟ္မာဆိုတဲ့ သတ္တဝါတွေ ရှိကြသေးတယ်။ သက်ရှိသတ္တဝါဆိုတဲ့ ကုန်းနေ သတ္တဝါ၊ ရေနေ သတ္တဝါတွေ ထဲမှာ လူသာလျှင် အသိဉာဏ် အရှိဆုံးနဲ့ အမြတ်ဆုံးဆိုတာ မှန်တာပေါ့ကွယ်။

အော်စကာ – ခက်ခက်ခဲခဲ ရလာတဲ့ လူ့ဘဝမှာ လူတချို့ က ဘာလို့ ကိုယ့်အသက်ကိုကိုယ် မနှမြောကြတာပါလိမ့်လို့ စဉ်းစားနေမိတာပါ ဘကြီးဖြိုး။
ဘကြီးဖြိုး – လူ့ဘဝဆိုတာ ပျော်စရာ၊ ရွှင်စရာတွေချည်း ရှိတာမဟုတ်ဘူး၊ ဝမ်းနည်း စရာတွေလည်း ရှိကြတယ်။ ဆင်းရဲ၊ ချမ်းသာ ဆိုတာ ရှိတယ်လေ။

အော်စကာ – ဒီလိုဆို ဆင်းရဲတဲ့ လူတိုင်း ဝမ်းနည်းနေကြရပြီး ချမ်းသာတဲ့ လူတိုင်း ပျော်ရွှင် နေကြရတာလား။
ဘကြီးဖြိုး – မဟုတ်ပါဘူးကွယ်။ လူ့ဘဝဆိုတာ မွေးဖွားခြင်း မှတ်တိုင်ကနေ သေခြင်း မှတ်တိုင် ရောက်တဲ့အထိ မရပ်မနား သွားနေရတဲ့ ခရီးသွားတွေပဲ၊ ခရီးလမ်း တစ်လျှောက်မှာ ပျော်ရွှင်ခြင်းတွေ တွေ့ရနိုင်သလို၊ ဝမ်းနည်းခြင်းတွေလည်း တွေ့ရနိုင်တယ်။ ချမ်းသာခြင်းတွေ ရှိသလို၊ ဆင်းရဲခြင်းတွေလည်း ရှိတယ်။ အဓိကကတော့ ရောက်တဲ့ အရပ်၊ ရောက်တဲ့ ဘ၀မှာ ပျော်အောင် နေတတ်ဖို့ပဲ။

အော်စကာ – အဲဒီလို ကျရာဘဝမှာ ပျော်အောင် နေတတ်ဖို့ဆိုတာ မလွယ်ဘူးနော်။
ဘကြီးဖြိုး – နေတတ်ရင် လွယ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ကင်းပြီး၊ တင်းတိမ် ရောင့်ရဲနိုင်တဲ့ စိတ်ဓာတ်နဲ့ ကျေနပ်နှစ်သိမ့် နေနိုင်ရင် ချမ်းသာလည်း ပျော်ပါတယ်၊ ဆင်းရဲလည်း ပျော်ပါတယ်ကွယ်။

အော်စကာ – အခုတလော ဂျာနယ်တွေ၊ သတင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ တော်တော် များလာတယ်။
ဘကြီးဖြိုး – ဟုတ်ပါကွယ်၊ ကြိုးဆွဲချပြီး၊ မိမိကိုယ်ကို အဆုံးစီရင်မှုဟာ ၂၀၁၁ခုနှစ်မှာ (၁၁၂)ဦးနှင့် ၂၀၁၂ခုနှစ်မှာ (၁၂၁ဦး ရှိတယ်၊ ဒီနှစ် ဇန်နဝါရီလ (၂၃)ရက်အတွင်းမှာ (၇)ဦးအထက် ရှိသွားပြီလို့ ပေါ်ပြူလာဂျာနယ်မှာ ဖတ်လိုက်ရတယ်။

အော်စကာ – ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်ယုံတင် မကဘူး။ အဆိပ်သောက် သေတာ၊ မိမိကိုယ်ကို ဓားနဲ့လှီးတာ၊ အမြင့်က ခုန်ချသေတာ တွေလည်း ရှိတယ်တဲ့။
ဘကြီးဖြိုး – ဟုတ်တယ်၊ အဲဒီဖြစ်ရပ်တွေကြောင့် ၂၀၁၁ခုနှစ်မှာ (၄၇)ဦး၊ ၂၀၁၂ခုနှစ်မှာ (၅၁)ဦး၊ ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့အထိ (၅)ဦး ရှိခဲ့တယ်တဲ့။

အော်စကာ – ဒီဖြစ်ရပ်တွေဟာ စီးပွားရေး မပြေလည်မှုတွေနဲ့ အတူ လူမှုပြဿနာတွေ ကြောင့်ရယ်၊ ထုတ်ဖော်ပြော ဆိုဖို့ ခက်ခဲတဲ့ ရောဂါဝေဒနာ ခံစားသူတွေရဲ့ အလွယ်တကူ ဆုံးဖြတ်ချက် ချမှုတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြတယ်။
ဘကြီးဖြိုး – ဘဝဆိုတာ အခက်အခဲရှိမှ စွန့်စားမှုဆိုတာ တွေလည်း ရှိပေလိမ့်မယ် ဆိုတဲ့ သီချင်းစာသားလို အခက်အခဲ မရှိတဲ့ ဘဝဆိုတာ ဘယ်ရှိမလဲ၊ တွေ့လာတဲ့ အခက်အခဲကို စွန့်စားရင်ဆိုင် ဖြေရှင်းပြီး အနိုင်ယူနိုင်မှ ဘဝကို အောင်မြင်မှာပဲ၊ စိတ်ဓာတ် ခွန်အားတွေ ရှိဖို့ လိုတာပေါ့ကွယ်။

အော်စကာ – ဒီလိုကိစ္စတွေ မှာရော ဥပဒေမှာ ပြဋ္ဌာန်းထား တာတွေ ရှိလား၊ ပြစ်မှု ကျူး လွန်တဲ့လူကို ဘယ်လို အရေး ယူမလဲ ဘကြီးဖြိုး။
ဘကြီးဖြိုး – မိမိ ကိုယ်ကို သတ်သေတဲ့ အမှုမှာ ပြစ်မှု ကျူးလွန်သူက သေနေပြီပဲကွယ်၊ သူ့ကို ဘယ်အရေးယူ နိုင်တော့မလဲ၊ ဒါပေမယ့် သူ့ကို အားပေးကူညီတဲ့ လူကိုတော့ အရေးယူနိုင်တယ်။

အော်စကာ – ရှင်းပါဦး ဘကြီးဖြိုး။
ဘကြီးဖြိုး – လူတစ်ဦး တစ်ယောက်က မိမိ ကိုယ်ကို မိမိသတ်ရာမှာ အားပေးကူညီ ရင် အားပေး ကူညီတဲ့ လူကို ဆယ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင် တယ်လို့ ရာဇဝတ်ကြီး ဥပဒေပုဒ်မ ၃၀၆ မှာ ပြဋ္ဌာန်းထားတယ်။

အော်စကာ – ဟိုတလောက ကြားလိုက်မိသေးတယ်၊ သမီးရည်းစား နှစ်ယောက် သတ်သေဖို့ ကြံစည်ကြပြီး၊ ရေထဲ ပြိုင်တူ ခုန်ချတာ၊ မိန်းကလေးက သေဆုံးပြီး၊ ယောက်ျားလေးကတော့ ကံကောင်းထောက်မလို့ အသက် မသေဘူးတဲ့။
ဘကြီးဖြိုး – အသက် မသေလို့ ကံကောင်းထောက်မ သွားပေမယ့် ဒီလို မကြံကောင်း မစည်ရာကို ကြံစည်ပြုလုပ်တဲ့ အတွက် ရာဇဝတ်ဘေး ကတော့ ပြေးမလွတ်ဘူးကွဲ့။

အော်စကာ – ရှင်းပါဦး ဘကြီးဖြိုး။
ဘကြီးဖြိုး – သမီးရည်းစား နှစ်ယောက် သတ်သေဖို့ ကြံစည်ကြတယ် ဆိုတော့ မိန်းကလေးက မိမိ ကိုယ်ကို သတ်သေရာမှာ အားပေး ကူညီရာရောက်တဲ့အတွက် ရာဇဝတ်ကြီး ဥပဒေ ပုဒ်မ ၃၀၆အရ အပြစ်ရှိတယ်။ ဒါပြင် ယောက်ျားလေးက ရေထဲ ခုန်ချပြီး မိမိကိုယ်ကို မိမိ သတ်ရန် အားထုတ်တဲ့ အတွက် ရာဇဝတ်ကြီး ဥပဒေ ပုဒ်မ ၃၀၉အရလည်း အပြစ် ရှိတယ်။

အော်စကာ – ရာဇဝတ်ကြီး ဥပဒေပုဒ်မ ၃၀၉က ပြစ်ဒဏ် ဘယ်လောက်ရှိလဲ။
ဘကြီးဖြိုး – မည်သူမဆို မိမိကိုယ်ကို မိမိ သတ်ရန် အားထုတ်၍ ထိုပြစ်မှုကို ကျူးလွန်ရန် ရှေ့ရှုသော ပြုလုပ်မှု တစ်ခုခုကို ပြုရင် ရာဇဝတ်ကြီး ဥပဒေပုဒ်မ ၃၀၉အရ တစ်နှစ်အထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားတယ်။

အော်စကာ – မိမိကိုယ်ကို မိမိ သတ်သေတာ အထမြောက်လို့ သေသွားခဲ့ရင် အဖန်ငါးရာ၊ ငါးကမ်ဘာ သံသရာမှာ ခံရဦးမယ်။ အထ မမြောက်လို့ မသေခဲ့ရင် ဒီဘဝမှာ ရာဇဝတ် ပြစ်ဒဏ် ခံရဦးမယ်ဆိုတော့ မကြံစည်အပ်တဲ့ အရာပဲ ပေါ့နော်။
ဘကြီးဖြိုး – မှန်တာပေါ့ကွယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံတော် တည်ဆောက်ရေးမှာ တန်ဖိုး မဖြတ်နိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဖြစ်တယ်။ နိုင်ငံတော် အစိုးရကလည်း နိုင်ငံသူ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ တာဝန် ရှိတယ်၊ ဒါကြောင့် မိမိကိုယ်ကို မိမိ သတ်သေခြင်း မှ တားဆီးဖို့၊ မိမိ ကိုယ်ကို သတ်သေတာကို အားပေး ကူညီခြင်းမပြုဖို့၊ ဒီလို ပြစ်မှု၊ ပြစ်ဒဏ်တွေ ပြဋ္ဌာန်းထား ရတယ်။
အော်စကာ – တလောက ရွာတစ်ရွာမှာ လူတစ်ဦးက ရေထဲခုန်ချဖို့ ရေတွင်းရှိရာကို ပြေးလွှားစဉ် ရေတွင်းကို မရောက်မီ ဘေးက လူတွေ ဝိုင်းဆွဲထားလိုက်နိုင်လို့ ရေထဲ ခုန်မချ ဖြစ်ဘူး။ အဲဒါရော အပြစ်ရှိမလား။
ဘကြီးဖြိုး – ပြစ်မှုတစ်ခု ကျူးလွန်မိဖို့ ပထမ ပြင်ဆင်မှု ပြီးမှ အားထုတ်မှု အဆင့်ကို ရောက်တယ်။ ရေတွင်းထဲ ခုန်ချဖို့ ပြေးသွားတဲ့လူဟာ ရေတွင်းကို ရောက်တဲ့အခါမှာ စိတ်ပြောင်း သွားနိုင်သေးတယ်။ ရေထဲခုန်ချလိုက်ပြီး လူတွေ ဝိုင်းဆယ်ခဲ့မှ အားထုတ်တယ်လို့ ပြောနိုင်တယ်။ ပြေးသွားတဲ့ အဆင့် ကတော့ ပြင်ဆင်မှု အဆင့်သာ ရှိသေးတယ်လို့ ပြောရမယ်။ ဒါကြောင့် အားထုတ်မှုအရ အပြစ်မပေးနိုင်ပါဘူးကွယ်။

အော်စကာ – ဒါဆို အဆိပ် သောက်သေဖို့ အကြံနဲ့ အဆိပ် ဝယ်ယူ ဆောင်ထားတဲ့ လူကရော အပြစ်ရှိသလား။
ဘကြီးဖြိုး – အဆိပ် ဝယ်ယူ ဆောင်ထားခြင်းကလည်း ပြင်ဆင်ခြင်းသာ ဖြစ်တယ်။ အဆိပ် မသောက်ဖြစ်ဘဲနဲ့ စိတ်ပြောင်း သွားနိုင်သေးတယ်လေ။ ဒါကြောင့် အားထုတ်မှုအရ အပြစ် မရှိပါဘူး ကွယ်။

အော်စကာ – အသက်ငယ် သူတွေ၊ စိတ်မမှန်သူတွေ၊ မူးယစ်နေသူတွေ ကိုယ့်ကိုယ် ကိုယ် သတ်သေတဲ့ ကိစ္စမှာ အားပေးကူညီတဲ့ လူတွေရော ဘယ်လောက် ပြစ်ဒဏ်ရှိလဲ ဘကြီးဖြိုး။
ဘကြီးဖြိုး – အသက် (၁၈)နှစ်အောက် ကလေး ဖြစ်စေ၊ ရူးသွပ်သူ ဖြစ်စေ၊ သွေးလေ ခြောက်ခြားသူ ဖြစ်စေ၊ ဝမ်းတွင်းရူး ဖြစ်စေ၊ မူးယစ်နေသူ ဖြစ်စေ၊ မိမိကိုယ် ကို သတ်သေရာတွင် မည်သူ မဆို ထိုသို့ သတ်သည်ကို အားပေးကူညီရင် သေဒဏ် ဖြစ်စေ၊ တစ်သက် တစ်ကျွန်းဒဏ် ဖြစ်စေ၊ ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ် တစ်မျိုး မျိုး ဖြစ်စေ၊ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ် လို့ ရာဇဝတ်ကြီး ဥပဒေ ပုဒ်မ ၃၀၅မှာ ပြဋ္ဌာန်းထားပါတယ်။

အော်စကာ – အုပ်ထိန်းသူ တစ်ယောက်အနေနဲ့ မိမိရဲ့ ပျက်ကွက်မှုကြောင့် မိမိ အုပ်ထိန်းခြင်း ခံရတဲ့ အသက် ငယ်ရွယ်သူ (သို့မဟုတ်) စိတ်မမှန်သူဟာ မိမိ ကိုယ်ကို သတ်သေဖို့ လွယ်ကူသွားစေတယ် ဆိုရင်ရော ဘကြီးဖြိုး။
ဘကြီးဖြိုး – အုပ်ထိန်းသူရဲ့ မတရား ပျက်ကွက်မှုကြောင့် အုပ်ထိန်းခံရသူရဲ့ မိမိကိုယ်ကို သတ်သေမှုကို တိုက်ရိုက် အကျိုး သက်ရောက်စေပြီး၊ လွယ်ကူစေတယ် ဆိုရင်တော့၊ ရာဇဝတ်ကြီး ဥပဒေ ပုဒ်မ ၃၀၅အရ အားပေးကူညီရာ ရောက်တယ်လို့ ပြောရမှာ ပေါ့ကွယ်။

အော်စကာ – ဘာပဲဖြစ်ဖြစ်ပေါ့ ဘကြီးဖြိုး၊ လူဆိုတာ ဘယ်သူမှ ကိုယ်ကိုယ်ကိုယ် သတ်သေချင်ကြမှာ မဟုတ်ပါဘူး။ အလွန် ဆိုးဝါးတဲ့ ကိုယ်စိတ် ဆင်းရဲမှု အခြေအနေ တစ်ခုခုကြောင့်၊ မိမိကိုယ်ကို မိမိ မထိန်းသိမ်းနိုင်တဲ့ ကာလအတွင်း ဖြစ်သွားကြတာ နေမှာပါ။ အဲဒါအပြင် ပြစ်ဒဏ်လည်း အကြီးကြီး ခံရမယ်ဆိုတော့ သနားစရာ ကောင်းပါတယ်။
ဘကြီးဖြိုး – ဒီလိုပြစ်မှုတွေအရ ပြစ်ဒဏ်စီရင်တဲ့ အခါမှာ ပြစ်မှု ကျူးလွန်သူရဲ့ အသက်၊ စိတ်၊ အခြေအနေ၊ သတ်သေရန် အားထုတ်ခြင်းရဲ့အကြောင်း ရင်း၊ ဆင်းရဲဒုက္ခ ရောက်လို့လား၊ ရောဂါ ဝေဒနာကြောင့်လား၊ မိမိ ချစ်ခင် နှစ်သက်သူ ဆုံးရှုံးလို့လား၊ မနာလို ဝန်တို စိတ်ကြောင့်လား ဆိုတာတွေကို ထည့်သွင်း စဉ်းစားပြီးမှ လျော်ကန် သင့်မြတ်တဲ့ ပြစ်ဒဏ်ကို ချမှတ်ကြမှာပါကွယ်။

အော်စကာ – ဒီလိုဆို တော်သေးတာပေါ့။ ကျွန်တော်တော့ နောက်ဘဝကို ရွေးခွင့် ရှိမယ်ဆိုရင် လူ့ဘဝကိုပဲ ရွေးဦးမယ် ဘကြီးဖြိုးရယ်၊ တဏှာကုန် ခန်းပြီး ရဟန္တာ မဖြစ်သေးခင်ပေါ့။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

One thought on “ရခဲလှစွ၊ လူ့ဘဝ

  1. may thu kyaw says:

    သိထားသင့်တာတွေကို တင်ပြပေးလိုကျေးဇူးပါ……….

Leave a Reply

Your email address will not be published. Required fields are marked *