အမေရိကန် ပြည်ထောင်စု Las Vegasမှာ နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ ရောက်တာနဲ့ နည်းပညာလောကရဲ့ အထင်ကရ ပြပွဲကြီးတစ်ခုကို ပြုလုပ်လေ့ရှိပါတယ်။ ဒါကတော့ Consumer Electronics Showပါပဲ။ နည်းပညာ ကုမ္ပဏီကြီးတွေရော၊ ကုမ္ပဏီငယ်တွေပါ ဒီအထင်ကရပွဲမှာ နောက်ဆုံးပေါ် နည်းပညာ ထုတ်ကုန်တွေကို ခင်းကျင်းပြသကြပါတယ်။ လေးရက်နေ့က ပြသခဲ့တဲ့ နည်းပညာ ထုတ်ကုန်များစွာ ထဲမှာမှ အကောင်းဆုံးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
Hardwareအပိုင်းမှ လူကြိုက်အများဆုံး အသစ်များ
Nvidiaက တနင်္ဂနွေညနေပိုင်းမှာ CESမှာ မီဒီယာတွေ့ဆုံပွဲကြီး ပြုလုပ်ခဲ့ပါတယ်။ Nvidiaစီအီးအို Jen-Hsun Huangက ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်မြင့် Tegra X1 Chipအသစ်ကို ပြသလိုက်ပြီး မိုဘိုင်း ကိရိယာများနဲ့ ကားတွေဆီကို ဂိမ်းစက်အဆင့် ဂရပ်ဖစ် စွမ်းရည်တွေကို ယူဆောင်လာမယ့် ကုမ္ပဏီရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြခဲ့ပါတယ်။ Tegra X1ဟာ Maxwellလို့ ခေါ်တဲ့ ကုမ္ပဏီရဲ့ ဂရပ်ဖစ်အတွက် အဆင့်မြင့် Architectureကို အသုံးပြုထားပြီး 8 core central processing unit အပေါ်မှာ 256 core GPUကို တပ်ဆင်ထားပါတယ်။
နေအိမ်အတွက် ထုတ်ကုန်များ
နာမည်ကြီး စမတ်တီဗီ ပလက်ဖောင်းဖြစ်တဲ့ Roku TVက Hardware Brandအသစ်နှစ်ခုကို တိုးချဲ့တော့မှာ ဖြစ်ပြီး ပထမဆုံး အနေနဲ့ 4K နယ်ပယ်ထဲကို ၀င်ရောက်တော့မှာ ဖြစ်ပါတယ်။ Haier, Insigniaတို့က ဒီနှစ်နှောင်းပိုင်းမှာ Roku TVကို စတင်ရောင်းချတော့မှာပါ။ လက်ရှိ ထုတ်လုပ်သူ TCLက 4K အသုံးပြုနိုင်တဲ့ Roku TVကို ရောင်းချပေးမှာ ဖြစ်ပါတယ်။
HPက စွမ်းဆောင်ရည်မြင့် 4K, 5K နဲ့ မျက်နှာပြင်ကွေး မော်နီတာများကို ကြေညာလိုက်ပါတယ်။
Belkinက တံခါးနဲ့ ပြတင်းပေါက်များအတွက် Sensorတစ်ခု၊ ကီးချိန်း၊ အလန်း Sensor၊ Wireless Motion Sensorများ အပါအ၀င် Sensorအသစ်များပါတဲ့ WeMo Smart Home Platformကို တည်ဆောက်နေပါတယ်။ ဒီနှစ်ထဲမှာပဲ ရောင်းချမယ်လို့ သိရပါတယ်။ Belkinက ရေနဲ့ စွမ်းအင် အသုံးပြုမှုကို တိုင်းတာပေးမယ့် Echoဆိုတဲ့ ထုတ်ကုန်ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ Echoကို ဒီနှစ်အစပိုင်းမှာပဲ ရောင်းချမယ့်ပုံပေါ်ပါတယ်။
Kwiksetက သူ့ရဲ့ Smart Lock Systemအတွက် အဆင့်မြှင့်တင်မှုကို ကြေညာလိုက်ပါတယ်။ Kevo Plusမှာ အချိန်နဲ့ တစ်ပြေးညီ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်တာ၊ အကန့်အသတ်မရှိတဲ့ eKeysနဲ့ အဝေးကနေ Lock, Unlockလုပ်နိုင်တာတွေ ပါရှိလာပါတယ်။ အဲဒီစွမ်းဆောင်ချက် အသစ်တွေအတွက်တော့ ပိုက်ဆံပေး အသုံးပြုရမှာ ဖြစ်ပါတယ်။
ကားအတွက် ထုတ်ကုန်များ
General Motorsက မျိုးဆက်သစ် Chevy Voltကားကို အကြို ပြသလိုက်ပါတယ်။ အကျဉ်းချုပ်ပြသတာ ဖြစ်ပြီး အဓိက အသေးစိတ်အချက်အလက်တွေကို မသိရသေးပါ။ ဒါပေမယ့် နောက်တစ်ပတ်မှာ ပြုလုပ်မယ့် Detroit Auto Showမှာ အဲဒီကားအကြောင်း ပိုမို သိရမှာပါ။
Audiက San Franciscoကနေ Las Vegasအထိ မိုင် ၅၅၀ ခရီးကို Jackလို့ အမည်ပေးထားတဲ့ လူမဲ့ Audi A7ကားကို စေလွတ်ပြီး လူမဲ့ မော်တော်ကား စွမ်းရည်ကို ပြသလိုက်ပါတယ်။ အဲဒီ အစီအစဉ်ဟာ ပြီးခဲ့တဲ့နှစ်က Audi ရဲ့ ခရီးပေါက်မြောက်လာတဲ့ လူမဲ့ မော်တော်ကား နည်းပညာကို သတိရစေခဲ့ပါတယ်။
General Motorsက နောက်တစ်နှစ် နှစ်နှစ်အတွင်းမှာ အသုံးပြုနိုင်မယ့် ကားတွင်း လက်ထောက် အစီအစဉ်ဖြစ်တဲ့ OnStarရဲ့ တိုးတက်ကောင်းမွန်မှုများကို ပြသလိုက်ပါတယ်။ OnStarက ကားရဲ့ ဘက်ထရီ၊ မော်တာနဲ့ လောင်စာဆီ စနစ်မှာ ပြဿနာများ ရှာတွေ့ရင် ယာဉ်မောင်းသူထံ Notificationများ ပေးပို့ပြီး ယာဉ်အန္တရာယ်ကင်းဝေးစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက အနီးအနားမှ စားသောက်ဆိုင်များအတွက် ကူပွန်များ ရယူတာ၊ Audio Bookများ ၀ယ်တာနဲ့ ဟိုတယ်များမှာ အခန်းမှာတာ စတဲ့ ၀န်ဆောင်မှုတွေကိုလည်း ပြုလုပ်ဖို့ ကြိုးစားနေပါတယ်။
ကားနဲ့ ပတ်သက်တဲ့ နောက်ထပ် စိတ်၀င်စားစရာ တစ်ခုက စမတ်နေအိမ်နည်းပညာမှာ အရင်က အာရုံစိုက်ခဲ့တဲ့ Peqမှ နည်းပညာ အသစ်တစ်ခုပါ။ Peqရဲ့ Appနဲ့ တွဲဖက် အသုံးပြုဖို့ သင့်ကားမှာ Zubie Deviceကို တပ်ဆင်ရမှာပါ။ Zubieရဲ့ ကြိုးမဲ့ဆက်သွယ်မှုနဲ့ GPSက သင့်ရဲ့ ယာဉ်မောင်းနှင်မှု အရည်အချင်းကို စစ်ဆေးပေးနိုင်ပြီး သင်နဲ့ သင့်ကလေးအတွက် ကားရဲ့ တည်နေရာကို ရှာဖွေပေးနိုင်ပါတယ်။ ဘက်ထရီနဲ့ အင်ဂျင် ပြဿနာများကိုလည်း စစ်ဆေးပေးမှာပါ။
ချပ်၀တ်တန်ဆာ ထုတ်ကုန်များ
ဒီတစ်ပတ်ထဲမှာ Apple ရဲ့ နောက်ရောင်းမယ့် စမတ်နာရီနဲ့ ပတ်သက်ပြီး ကြားရမယ်လို့ မမျှော်လင့်ထားပေမယ့် အခြား ထုတ်လုပ်သူများစွာရဲ့ စမတ်နာရီ၊ Trackers, Sensorsနဲ့ အခြား ချပ်၀တ်တန်ဆာကွန်ပျူ တာများကို မြင်တွေ့ရမယ်လို့ ကြိုတင်မျှော်လင့်ခဲ့ကြပါတယ်။
Withingsက ကြေညာခဲ့တဲ့ ဂတ်ဂျက်တစ်ခုကတော့ Apple Watchကို ယှဉ်ပြိုင်မယ့် စမတ်နာရီပါပဲ။ တစ်၀က်တစ်ပျက် စမတ်နာရီလို့လည်း ခေါ်ပါတယ်။ Activite Popလို့ အမည်ရပြီး သာမာန် နာရီတစ်လုံးနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် နာရီမှာ ကိုယ်လက်ကြံ့ခိုင်မှုနဲ့ အိပ်စက်မှုကို တိုင်းတာပေးနိုင်တဲ့ စွမ်းရည်တွေ ပါရှိပါတယ်။ တန်ကြေးက ဒေါ်လာ ၁၅၀ ဖြစ်ပါတယ်။
အခြား ထုတ်ကုန်များ
အခြား ထုတ်ကုန်များ အနေနဲ့ လက်လှုပ်ရှားမှုနဲ့ စမတ်ဖုန်းကိုထိန်းချုပ်နိုင်တဲ့ လက်စွပ်၊ အစားအစာများကို ချက်ပြုတ်ပေးနိုင်တဲ့ ပရင်တာ၊ 4K Drone Cameraအတွက် လက်ကိုင် ထိန်းချုပ်စနစ်၊ စမတ် ခါးပတ်တို့ကို CESပွဲမှာ တနင်္ဂနွေနေ့က ပြသခဲ့ပါတယ်။
CES ပွဲကို ဇန်နဝါရီလ ကိုးရက်နေ့ အထိ ကျင်းပမှာ ဖြစ်တဲ့အတွက် ဘယ်လို ရင်ခုန်စရာကောင်းတဲ့ နည်းပညာ ထုတ်ကုန်တွေကို နောက်ရက်များမှာ ကြေညာမလဲဆိုတာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။