စင်တင်ဘာလ ၇ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများ၌ လက်ရှိ၀န်ကြီးချူပ် ကီဗင်ရုသ်၏ ညွန့်ပေါင်းအစိုးရ နိုင်ခြေရှိလိမ့်မည် မဟုတ်ဟူ၍ သြစတြေးလျလောင်း ကစားဒိုင်တစ်ခုက သြဂုတ် ၂၉ရက်တွင် ကြေညာခဲ့ပြီး လောင်းကြေးအလျော်အစား လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲများ ကျင်းပရန် ကိုးရက်လိုသေးသော်လည်း ရလာဒ်ကို ခန့်မှန်းနိုင်ပြီဖြစ်ရာ တိုနီအက်ဘ်ဘော့ ဦးဆောင်သော အတိုက်အခံ ကွန်ဆာဗေးတစ် အုပ်စုဘက်မှ လောင်းကြေးတင်ထားသူများကို စတင်ပေးလျော်နေပြီဖြစ်ကြောင်း စပေါ့ဘက်အမည်ရှိ သြစတြေးလျ အွန်လိုင်း လောင်းကစားဒိုင်က ပြောကြားခဲ့သည်။
မကြာသေးမီကာလက ပြုလုပ်ခဲ့သော လူထုသဘောထား ကောက်ခံချက်များအရ အတိုက်အခံ ခေါင်းဆောင်တိုနီအက်ဘ်ဘော့၏ ကွန်ဆာဗေး တစ်ညွန့်ပေါင်း အုပ်စုသည် လက်ရှိ ၀န်ကြီးချူပ် ကီဗင်ရုသ်၏ လေဘာပါတီညွန့်ပေါင်း အစိုးရအဖွဲ့ကို စက်တင်ဘာ ၇ရက်နေ့ ရွေးကောက်ပွဲ၌ အနိုင်ယူနိုင်မည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။
စပေါ့ဘ် လောင်းကစားဒိုင်၏ ရွေးကောက်ပွဲရလာဒ် ကြိုတင်ခန့်မှန်းချက်များအရ သြစတြေးလျ အောက်လွတ်တော်၏ အမှတ်နေရာ ၁၅၀ အနက် ၉၀ကို ကွန်ဆာဗေးတစ်များ ရရှိနိုင်ပြီး လေဘာပါတီက ၅၆နေရာ ရနိုင်ကြောင်း သိရပါသည်။