ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ရောင်းချမည့် ကားနံပါတ် အလှများကို ကြိုတင်စနစ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းဌာနမှ ရောင်းချမည့် ကနဦး မူသေအမှတ်အား ပိုင်ရှင်၏ဆန္ဒအရ ရွေးချယ်ဝယ်ယူခြင်းကို ယခုရောက်ရှိနေသည့် အက္ခရာမှ နောက်အက္ခရာ နှစ်ခုအထိ ကြိုတင်စနစ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်ဟု ဆိုသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန( မြင်သာ)မှ ဒုတိယ ညွှန်ကြားရေးမှုး ဦးမိုးမြင့်က “အခုရောင်းချနေတဲ့ ပုံစံ အသစ်က အခုရောက်နေတဲ့ အက္ခရာကနေ နောက်အက္ခရာ နှစ်ခုအထိ ကြိုတင်ဝယ်ယူနိုင်တဲ့ပုံစံပါ။ အခုရောက်နေတဲ့ အက္ခရာက 9Fဆိုတော့ နောက်အက္ခရာနှစ်ခုဖြစ်တဲ့ 1Gနဲ့ 2Gကို ကြိုတင်စနစ်နဲ့ ဝယ်လို့ ရပြီ”ဟု ပြောသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ကနဦး မူသေအမှတ်အား ပိုင်ရှင်ဆန္ဒအရ ရွေးချယ်ဝယ်ယူသည့် ပုံစံအသစ်ကို 9F/1001မှ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ယင်းစနစ်ဖြင့် စတင်ရောင်းချပြီး နောက်ပိုင်းတွင် 1G/4444မှ နောင်လာမည့် အက္ခရာအတွက် ကြိုတင်ဝယ်ယူခြင်း ဖြစ်ကာ ကျပ်သိန်း၃၀ ရရှိကြောင်း ကညန (မြင်သာ) ငွေစာရင်းဌာနမှ သိရသည်။