တနင်္သာရီတိုင်း၊ မြိတ်မြို့မှ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အင်ဖာမြို့သို့ နိုင်ငံပြတ် ဘတ်စ်ကားလိုင်း ပြေးဆွဲမည်ဖြစ်ပြီး ယင်းကားလိုင်းကို ဆီးဂိမ်းအမီပြေးဆွဲမည် ဖြစ်သည်ဟု ကားလိုင်းပြေးဆွဲမည့် Yangon Air Bus အသင်းဥက္ကဋ္ဌ ဦးသာနိုင်က သြဂုတ် ၂၈ရက်နေ့က မဇ္ဈိမကို ပြောကြားသည်ဟု သိရသည်။ အဆိုပါ နိုင်ငံဖြတ်ကျော် ဘတ်စ်ကားလိုင်းမှာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ဖြစ်ပြီး နိုဝင်ဘာလ ၁၀ရက်နေ့တွင် စတင် ပြေးဆွဲရန် စီစဉ်နေသည်ဟု ပြောသည်။
ဦးသာနိုင်က “မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းနဲ့လည်း သြဂုတ် ၂၇ရက်နေ့က အသင်းရုံးခန်းမှာ သွားရောက် ဆွေးနွေးခဲ့ပါတယ်။ ဒီအတိုင်း ဘတ်စ်ကားလိုင်း သပ်သပ်ကြီးထက် နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးလမ်းကြောင်း သဘောမျိုး သက်ရောက်ချင်လို့ပါ”ဟု ပြောသည်။ အဆိုပါ ဘတ်စ်ကားလိုင်းသည် ၃၆ယောက်ဆံ့ မီနီဘတ်စ်ကားလေးစင်းဖြင့် စတင်ပြေးဆွဲမည်ပြီး တစ်ပတ်လျှင် လေးရက်ပြေးဆွဲမည်ဖြစ်ကာ နှစ်ညအိပ်သုံးရက် ခရီးကြာမြင့်မည် ဖြစ်သည်။ ကားခမှာ ခရီးစဉ်တစ်ကြောင်းအတွက် ကျပ်ခြောက်သောင်း ဖြစ်သည်ဟု သိရသည်။
ကားလိုင်းပြေးဆွဲမှုနှင့် ပတ်သက်ပြီး မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း အတွင်းရေးမှူး ဦးရဲထက်က “ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေက အိန္ဒိယသံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်ပေးရမယ့် ကိစ္စတွေနဲ့ အချို့ကိစ္စတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးဖို့ပါ။ နှစ်နိုင်ငံချစ်ကြည်ရေး သဘောမျိုးပါ။ စီးပွားရေးဆိုင် ပတ်သက်မှုမျိုးတော့ မဟုတ်ပါဘူး” မဇ္ဈိမသတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ ဘတ်စ်ကားလိုင်းအား တိုးချဲ့ပြေးဆွဲရသည့် ရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် ကုန်းလမ်း၊ ရေလမ်း ဆက်စပ်လျက်ရှိနေပြီး ယဉ်ကျေးမှုလည်း ဆက်နွှယ်နေရာ နှစ်နိုင်ငံခရီးသွားများ အနေဖြင့် စရိတ်သက်သာစွာ သွားလာလည်ပတ်နိုင်စေရန် ဖြစ်သည်ဟုလည်း ဦးသာနိုင်က ဆိုသည်။ နယ်စပ်ဖြတ်ကျော်ခွင့်နှင့် ဗီဇာကိစ္စရပ်များနှင့် ပတ်သက်၍လည်း ယခင်ကထက် ပိုမို လွယ်ကူလာပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။ အဆိုပါ ခရီးစဉ်မှာ မိုင် ၅၀၀ခန့် ရှည်လျားမည် ဖြစ်သည်။
မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ကို ဖြတ်ကျော်၍ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့မှ တမူး-ကလေး-မုံရွာ-မန္တလေး-နေပြည်တော်-ရန်ကုန်-မော်လမြိုင်-မောင်တော-ပရာချက်-ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ သွားနိုင်မည့် အာရှလမ်းမကြီးတစ်ခုကို ၂၀၁၈ခုနှစ်တွင် ပေါ်ထွက်လာရန်လည်း ဆောင်ရွက်နေသည်ဟု သိရပါသည်။