တရုတ်နိုင်ငံတွင် သြဂုတ်လ ၂၅ရက်နေ့ အစောပိုင်းက အကြီးမားဆုံး DDoS အင်တာနက် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး တရုတ်၏ .cn ဆာဗာများ တိုက်ခိုက်ခံခဲ့ရကာ အင်တာနက် အသုံးပြုသူအချို့ နာရီအနည်းငယ်ကြာ အသုံးပြု၍ မရခဲ့ကြောင်း တရုတ်အင်တာနက် ကွန်ရက်သတင်းအချက်အလက် စင်တာ (China Internet Network Information Centre (CNNIC)က ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
၎င်းတိုက်ခိုက်မှုသည် .cnနှင့် ဆုံးသော ဝက်ဘ်ဆိုက်များကို ပစ်မှတ်ထားကာ ဒေသစံတော်ချိန် နံနက် ၂နာရီနှင့် နံနက် ၄နာရီတွင် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒုတိယအကြိမ် တိုက်ခိုက်မှုသည် တရုတ်အတွက် အကြီးမားဆုံး တိုက်ခိုက်မှု တစ်ခုဖြစ်ပြီး မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကိုမူ မထုတ်ပြန်ခဲ့ပေ။
တရုတ်တွင် DDoS တိုက်ခိုက်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာကြောင်း သိရသည်။ DDoS တိုက်ခိုက်မှုများမှာ ဆာဗာ၏ လုပ်ဆောင်မှုများကို နှောင့်ယှက်ဟန့်တားသည့် တိုက်ခိုက်မှု ဖြစ်သည်။ အမေရိကန် အစိုးရဌာနများနှင့် စီးပွားရေး လုပ်ငန်းများ၏ ဝက်ဘက်ဆိုက်များအား ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမေရိကန်အစိုးရက တရုတ်အား အကြိမ်ကြိမ် စွပ်စွဲထားသည်ဟု သိရသည်။