Automobile, Featured, News

Audi A7မော်တော်ကားက CESပွဲအတွက် ဆန်ဖရန်စစ္စကိုမြို့ကနေ လတ်စ်ဗီးဂတ်စ်မြို့အထိ လူမဲ့ အလိုအလျှောက်မောင်းနှင်

Audi A7မော်တော်ကားက CESပွဲအတွက် ဆန်ဖရန်စစ္စကိုမြို့ကနေ လတ်စ်ဗီးဂတ်စ်မြို့အထိ လူမဲ့ အလိုအလျှောက်မောင်းနှင်

Audiကုမ္ပဏီက ဒီတစ်ပတ်ထဲမှာ လတ်စ်ဗီးဂတ်စ်မှာ ပြုလုပ်တဲ့ 2015 Consumer Electronics Showမှာ ထူးထူးခြားခြား မှတ်တမ်းတစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ A7ကားကို စနေနေ့မှာ ဆန်ဖရန်စစ္စကိုမြို့ကနေ ပွဲရှိရာ လတ်စ်ဗီးဂတ်စ်ကို အလိုအလျှောက်မောင်းနှင်စေခဲ့တာပါ။ ခရီးအကွာအဝေးကတော့ မိုင် ၅၅၀ ကျော်ဖြစ်ပါတယ်။

ဒါဟာ Audiအနေနဲ့ လူမဲ့ကားကို ရောင်းတန်း၀င်ဖြစ်လောက်ပြီလားလို့ စမ်းသပ်တဲ့ အနေနဲ့ ဒေတာများကို ကောက်ယူဖို့ အတွက် စတန့်လုပ်ပြတာ တစ်ခုတည်းမဟုတ်ဘဲ လက်ရှိ မော်တော်ကား လမ်းမတွေနဲ့ လမ်းအခြေအနေတွေမှာပဲ လူမဲ့ကားဟာ အောင်မြင်စွာ မောင်းနှင်နိုင်တယ်ဆိုတာ သရုပ်ပြလိုက်တာပါပဲ။ အများပြည်သူသုံးလမ်းမများမှာ လူမဲ့ကားတွေကို စမ်းသပ်ခွင့်ပြုထားတဲ့ ကယ်လီဖိုးနီးယားနဲ့ နီဗားဒါးမြို့များကို ဖြတ်ပြီး မောင်းနှင်ခဲ့တာပါ။

A7ဟာ အတားအဆီးများတို့ကို ကျော်ဖြတ်ခြင်းနဲ့ လမ်းကြောင်းပြောင်းလဲခြင်းတို့ အပါအ၀င် အမြန်နှုန်း 70 mph အတွင်း အလိုအလျှောက်မောင်းနှင်နိုင်ခဲ့ပါတယ်။ A7ဟာ လမ်းကြောင်းမပြောင်းခင်မှာ ဘေးပတ်၀န်းကျင်က ကားတွေရဲ့ အမြန်နှုန်းကို ပုံတူကူးယူလိုက်တာပါ။ အမြန်နှုန်းနဲ့ အကွာအဝေးက စိတ်ချရပြီဆိုတဲ့ အချိန်မှ A7ဟာ တိကျစွာနဲ့ အချိန်ကိုက်စွာ လမ်းကြောင်းပြောင်းခဲ့ပါတယ်။

အလိုအလျှောက်မောင်းနှင်နိုင်ဖို့အတွက် A7ဟာ ရောင်းတန်း၀င်အဆင့်ဖြစ်ဖို့ နီးစပ်နေပြီဖြစ်တဲ့ Sensorအမျိုးအစားများစွာရဲ့ ပေါင်းစပ်မှုအပေါ် မှီခိုထားပါတယ်။ အဲဒီ Sensorတွေထဲမှာ Audiရဲ့ Cruise Controlနဲ့ Side-Assist Driving Aidsတို့မှာ အသုံးပြုနေပြီဖြစ်တဲ့ ရှည်လျားတဲ့ အကွာအဝေးအတွက် Radar Sensorတွေအပြင် ၃၆၀ ဒီဂရီမြင်ကွင်းကို အာရုံခံနိုင်တဲ့ အလယ်အလတ် အကွာအဝေးအတွက် Radar Sensorsတွေ ပါရှိပါတယ်။ ရေဒါ စကင်နာတွေကို ပြတင်းပေါက် သံတိုင်နဲ့ အနောက်ဘက် Bumperတွေမှာ တပ်ဆင်ထားတာပါ။ အဲဒီ Sensorတွေက လမ်းမပေါ်က အမျိုးမျိုးသော အရာ၀တ္ထုတွေ၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် ဒေတာတွေကို ပံ့ပိုးပေးပါတယ်။

အဓိကကတော့ နောက်ထုတ်မယ့် 2016 Q7မှာ ထည့်သွင်းထားတဲ့ နောက်မျိုးဆက် Driving Aidsစနစ်မှာ ပါရှိပြီးဖြစ်တဲ့ High Resolution 3D Video Cameraပါပဲ။ ကင်မရာက ကားအရှေ့ဘက်မှ မြင်ကွင်းကျယ်ကို ဖမ်းယူပေးနိုင်ပါတယ်။ အရှေ့နဲ့ အနောက်ဘက်မှ ကင်မရာအသေး လေးလုံးက အနီးကပ်မြင်ကွင်းတွေကို ဖမ်းယူပေးပါတယ်။ နောက်ဆုံးမှာတော့ လမ်းကြောင်းညွှန်ပြမှု ဒေတာကို အခြေခံယာဉ်မောင်းနှင်မှု အတွက် အသုံးပြုပါတယ်။

ဒီစနစ်အားလုံးက သတင်းအချက်အလက်တွေကို စတီယာရင်၊ ဘရိတ်စတာတွေကို ထိန်းချုပ်တဲ့ ကွန်ပျူ တာက တွက်ချက်ပါတယ်။ အချိန်မရွေး လူက အလိုအလျှောက်မောင်းနှင်နေတဲ့ ကားကို ထိန်းချုပ်နိုင်ဖို့ ပြုလုပ်ထားပါတယ်။ A7ဟာ အဝေးပြေးလမ်းမတွေပေါ်မှာလည်း အလိုအလျှောက်မောင်းနှင်နိုင်ပါတယ်။ ရှုပ်ထွေးတဲ့ မြို့ပြ ပတ်၀န်းကျင်နားကို ရောက်လာပြီဆိုရင်တော့ အန္တရာယ်ကင်းဖို့အတွက် ကားက အချက်ပေးမှုများကနေ တစ်ဆင့် ယာဉ်မောင်းသူကို တောင်းဆိုမှာ ဖြစ်ပါတယ်။

A7ကားကို ဒီတစ်ပတ်ထဲမှာပဲ CESမှာ ပြသမှာ ဖြစ်ပါတယ်။ မနှစ်က ပွဲမှာလည်း Audiက လမ်းမပေါ်မှာ အလိုအလျှောက် မောင်းနှင်တဲ့ ကားနဲ့ ကားပါကင် အလိုအလျှောက်ထိုးနိုင်တဲ့ ကားကို သရုပ်ပြသခဲ့ပါတယ်။ ဒီနှစ်ပွဲမှာတော့ Audiက အသံနဲ့ မီးအလင်းရောင် နည်းပညာအသစ်များ၊ Display Interfaceအသစ်များနဲ့ အင်တာနက် ချိတ်ဆက်နိုင်တဲ့ ကားနည်းပညာများကို ပြသမှာ ဖြစ်ပါတယ်။

A7ရဲ့ အလိုအလျှောက်မောင်းနှင်မှုကို အောက်ပါ ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *