News

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် အိမ်ရှင်မြန်မာက လာအိုကို ၅-၀နှင့်နိုင်၊ သုံးမှတ်ရ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၃ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု ဒုတိယနေ့ပွဲစဉ်များကို စက်တင်ဘာ ၁၀ရက်က သု၀ဏ္ဏကွင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင်မြန်မာအမျိုးသမီး အသင်းက လာအိုအသင်းကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိပြီး ပွဲဦးထွက် သုံးမှတ် စတင်ရရှိခဲ့သည်ဟု သိရသည်။

မြန်မာအသင်းသည် စန်းစန်းမော်၊ သန်းသန်းထွေး၊ ရီရီဦး၊ မိုးမိုးဝါစသည့် အမာခံ ကစားသမားများဖြင့် ပွဲထွက် ကစားခဲ့သော်လည်း ပထမပိုင်းတွင် တိုက်စစ်ပိုင်း၌ အချိတ်အဆက် လွဲချော်နေ၍ တစ်ဂိုးသာ ရရှိခဲ့ပြီး ဒုတိယပိုင်းတွင် လူအပြောင်းအလဲ ပြုလုပ်ပြီးမှသာ တိုက်စစ်ကစားပုံ ပိုကောင်းလာကာ လေးဂိုးအထိ ထပ်မံသွင်းယူပြီး ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာအသင်းအတွက် အဖွင့်ဂိုးကို မိနစ် ၃၀တွင် ပယ်နယ်တီမှတစ်ဆင့် အသင်းခေါင်းဆောင် စန်းစန်းမော်က သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် အမာခံ တိုက်စစ်မှူး ခင်မာလာထွန်း ၀င်ရောက် ကစားပြီးနောက်ပိုင်း မြန်မာအသင်း တိုက်စစ် ပိုမိုကောင်းမွန်လာပြီး ၅၃မိနစ်တွင် ခင်မာလာထွန်း၊ ၇၆မိနစ်တွင် ရီရီဦး၊ ၇၉မိနစ်နှင့် ၈၁မိနစ်တို့တွင် ခင်မိုးေ၀တို့က အနိုင်ဂိုးများ ထပ်မံ သွင်းယူပေးခဲ့သည်။

မြန်မာအသင်းသည် ဒုတိယပွဲစဉ်အဖြစ် စက်တင်ဘာ ၁၄ရက်တွင် ဖိလစ်ပိုင် အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယပွဲတွင် ဖိလစ်ပိုင်က အင်ဒိုနီးရှားကို ၆-၀ဖြင့် အနိုင်ရရှိခဲ့သည်။

စက်တင်ဘာ ၁၁ရက် (ယနေ့)တွင် အုပ်စု (က) ဒုတိယပွဲစဉ်အဖြစ် မလေးရှားနှင့် သြစတြေးလျ၊ ဂျော်ဒန်နှင့် ထိုင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *