News

iPhone နှင့် iPad တို့၏ processor မူပိုင်ခွင့်ကြောင့် Apple စံချိန်တင် ဒဏ်ကြေးပေးဆောင်ရမည်

iPhone နဲ့ iPad တို့မှာ အသုံးပြုထားတဲ့ A7၊ A8 နဲ့ A8X processor များနဲ့ ပတ်သက်ပြီး မူပိုင်ခွင့် ချိုးဖောက်မှုများကြောင့် Apple အနေနဲ့ ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ကျော် ပေးဆောင်သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

iPhone 5S၊ iPhone 6 နဲ့ 6Plus နဲ့ iPad ဗားရှင်းများစွာမှာ အသုံးပြုထားတဲ့ ယင်း processor များနဲ့ပတ်သက်ပြီး University of Wisconsin က Apple ကို တရားစွဲခဲ့တာဖြစ်ပြီး အမေရိကန် တရားရုံးကလည်း ၎င်းတို့ရဲ့ စွဲချက်ကို အောက်တိုဘာ ၁၃ ရက်က လက်ခံသဘောတူခဲ့ပါတယ်။

ယင်းကဲ့သို့ သဘောတူညီမှုကြောင့် Apple အနေနဲ့ University of Wisconsin ကို လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၈၆၂ သန်း ပေးဆောင်သွားရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က Wisconsin Alumni Research Foundation က Apple ကို processor နည်းပညာများ ကူးယူအသုံးပြုခဲ့ခြင်းနဲ့ ပတ်သက်ပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။

Apple ရဲ့ယင်း processor များကို University of Wisconsin က မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း Apple က ယင်းလိုင်စင်များမှာ မှန်ကန်မှုမရှိကြောင်း တရားရုံးသို့ပြန်လည် လျှောက်ထားခဲ့ပါတယ်။ သို့သော်လည်း တရားရုံးမှ ယင်းလိုင်စင်ဟာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး Apple မှ ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး Apple နဲ့ Samsung ကြား အရှုပ်အရှင်းများစွာ ဖြစ်ပေါ်ခဲ့ကာ Apple က Samsung ထံကနေ လျော်ကြေးငွေ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ရရှိခဲ့ပါတယ်။

Apple ကနေ Wisconsin University ကို ပေးဆောင်ရမယ့် လျော်ကြေးငွေ အတိအကျကို မသိရှိရသေးပေမယ့်လည်း Apple အနေနဲ့ လျော်ကြေးငွေကို လျှော့ချဖို့ အယူခံဝင်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *