မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ကျောင်း၀င်သက်ကို လက်ရှိသတ်မှတ်ထားသော ၅နှစ်မှ ၆နှစ်သို့ ပြောင်းလဲရန် သြဂုတ် ၃၀ရက်က နေပြည်တော် MICCတွင် ကျင်းပပြုလုပ်သော ပညာရေး ကဏ္႑လေ့လာ သုံးသပ်ရေး လုပ်ငန်းအဆင့် ၁ အစီရင်ခံစာ (မူကြမ်း) ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာ မျိုးသိမ်းကြီးက ထောက်ခံ အကြံပြု ပြောကြားခဲ့သည်ဟု သိရသည်။
ကလေးငယ်များသည် အသက် ၆နှစ်ပြည့်မှသာ ဦးနှောက်၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ပြည့်စုံသဖြင့် အခြေခံ ပညာသင်ရိုးညွန်းတမ်းများကို သင်ယူရန် အဆင်သင့်ဖြစ်ခြင်းကြောင့် အာဆီယံ အပါအ၀င် နိုင်ငံတကာတွင် အသက် ၆နှစ်ပြည့်မှသာ အခြေခံပညာမူလတန်း၀င်အဖြစ် ကျောင်း၀င်းသက် သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံတွင် အသက်အရွယ် ၅နှစ်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။
သို့ဖြစ်၍ နိုင်ငံတကာနှင့် လိုက်လျောညီထွေရှိအောင် မူလတန်းကျောင်း၀င်သက်ကို ၆နှစ်အရွယ် ပြောင်းလဲသတ်မှတ်ရန် CESRက အကြံပြုထားကြောင်း သိရသည်။ “အာဆီယံ နိုင်ငံတွေမှာ Grade 1 ကျောင်း၀င်သက်ကို ၆နှစ်သတ်မှတ်ထားပြီး မြန်မာတစ်နိုင်ငံတည်းသာ တစ်နှစ်စောနေပါတယ်။ ကျောင်း၀င်းသက်အပြင် သူငယ်တန်း သင်ရိုးညွှန်းတမ်းတွေကိုလည်း အသက်အရွယ်နဲ့ ကိုက်ညီအောင် ပြုပြင်ရေးဆွဲ သင့်ပါတယ်”ဟု ဒေါက်တာ မျိုးသိမ်းကြီးက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္႑ လေ့လာသုံးသပ်ရေး လုပ်ငန်းကို နိုင်ငံတကာမှ ငွေကြေးနှင့် နည်းပညာအကူအညီဖြင့် (၂၀၁၂-၂၀၁၄) ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူးဖြစ်သော ဒေါက်တာမျိုးသိမ်းကြီးက အဆင့် (၁) အစီရင်ခံစာ (မူကြမ်း)ကို ဖတ်ကြားရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဘါဖြစ်လို့တစ်နှစ်တိုးမှာလဲ။