ပြည်တွင်း စက်မှုလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ စက်ရုံတွင် အလုပ်အချိန်ပို ခိုင်းစေမှုများ လုပ်ဆောင်မည်ဆိုပါက သက်ဆိုင်ရာ အလုပ်သမားဌာနများသို့ ကြိုတင်အကြောင်းကြားမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ အလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချူပ် ဦး၀င်းရှိန်က ပြောကြားသည်ဟု သိရသည်။ လက်ရှိ စက်မှုလုပ်ငန်းများတွင် အလုပ်သမားများကို သတ်မှတ်ထားသည့် အလုပ်ချိန်ထက် အချိန်ပို ခိုင်းစေမှုများ ရှိနေခြင်းကြောင့် အလုပ်ရှင်များအနေဖြင့် ဥပဒေအရ အရေးယူခံရခြင်းများ မဖြစ်ပေါ်စေရန်အတွက် မိမိတို့၏ စက်ရုံတွင် အလုပ်ချိန် ခိုင်းစေမှုများအား ကြိုတင်အကြောင်းကြားရန် လိုသည်ဟု ယင်းက စက်တင်ဘာ ၇ရက်တွင် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးရုံး၌ ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အလုပ်သမား၀န်ကြီးဌာန ညွှန်ကြားရေမှူးချူပ် ဦး၀င်းရှိန်က “ရှေ့တစ်ပတ်က အလုပ်သမားရုံးက သူတွေနဲ့ လှိုင်သာယာ၊ ရွေပြည်သာ၊ အင်းစိန်၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ မင်္ဂလာဒုံက စက်ရုံတွေမှာရှိတဲ့ စက်ရုံပေါင်း ၁၄၃ရုံစစ်တဲ့နေရာမှာ အထည်ချူပ်စက်ရုံ ၂၇ရုံမှာ အချိန်ပို ခိုင်းစေမှုတွေက သတ်မှတ်ချက်နဲ့ မကိုက်ညီတာ တွေ့ခဲ့ရတယ်”ဟု ဆိုသည်။ ယင်းက ဆက်လက်၍ အဆိုဥပဒေ သတ်မှတ်ချက်ထက် ကျော်လွန် လုပ်ဆောင်မှုများအား နောက်တစ်ကြိမ် ထပ်မံစစ်ဆေး တွေ့ရှိပါက ဥပဒေအရ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ အမှာစာတွေ ကောင်းသော်လည်း မိမိစက်ရုံရှိ လုပ်သားများ၏ လုပ်နိုင်စွမ်းအားအပေါ် မူတည်ကာ လက်ခံသင့်ကြောင်း သတ်မှတ်ချက်ဖြစ်သည့် တစ်ပတ်နာရီ ၂၀ထက် မကျော်လွန်ရန် လိုအပ်ကြောင်းပြောသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က ပြည်တွင်း စက်ရုံများအနေဖြင့် ၂၀၁၅ခုနှစ်အရောက်တွင် အာဆီယံလွတ်လပ်သော စီးပွားရေး အသိုက်အမြုံနှင့်အတူ AFTAအား ဘေးပတ်၀န်းကျင် နိုင်ငံများနှင့် ယှဉ်ပြိုင်ကျော်ဖြတ်ရမည် ဖြစ်သည့်အတွက် အလုပ်ရှင်၊ အလုပ်သမားတို့၏ နားလည်မှုရှိစွာဖြင့် လုပ်ငန်းတိုးတက်ရေးအား ပြုလုပ်သင့်ကြောင်း၊ အလုပ်ချိန်အား ဥပဒေတွင် ဖော်ပြထားချက် ဖြစ်သည့် တစ်နေ့ရှစ်နာရီတွင် အမှန်တကယ် အရေးကြီးသည့်နေ့မှတပါး ကျန်အချိန်များတွင် အချိန်ပိုအား အလုပ်သမားနှင့် ညှိနှိုင်း၍ သုံးနာရီထက် မပိုစေသင့်ဟု အဆိုပါပွဲတွင် လုပ်ငန်းရှင်များကို ပြောသည်။
အစိုးရဝန်ထမ်းတွေရောလား
Rubbish!!!!!