News

ပိတ်ဆို့မှုများ မရှိသင့်တော့ပြီ

blockade

ဖေဖော်ဝါရီ (၂၃)ရက်နေ့၊ အင်တာနက်သတင်း တစ်ရပ်အရ မြန်မာနိုင်ငံ၏ အဓိက ဘဏ်ကြီးလေးခုကို အမေရိကန်နိုင်ငံက အရေးယူ ပိတ်ဆို့ထားခြင်းမှ ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ကြောင်း၊ ယင်းဘဏ်ကြီးလေးခုမှာ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် (AGD)နှင့် ဧရာ၀တီဘဏ်တို့ဖြစ်ပြီး အမေရိကန်ကုမ္ပဏီများ၊ NGOများအနေဖြင့် ယင်းဘဏ်များနှင့် ဘဏ် လုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရပါသည်။

ပိတ်ဆို့မှုမှန်သမျှ ဘယ်ဟာမှ မကောင်းပါ။ ပိတ်ဆို့သည့် သူရော၊ ပိတ်ဆို့ခံရသည့်သူပါ နှစ်ဦးနှစ်ဖက် မည်သူမျှ အကျိုးမရှိပါ။ နိုင်ငံတစ်နိုင်ငံ၏ အုပ်စိုးသူအစိုးရကို မကြိုက်၍သော်လည်းကောင်း၊ နိုင်ငံရေး Imageကို မနှစ်သက်၍သော်လည်းကောင်း၊ ထိုနိုင်ငံ အခက်တွေ့စေရန်အတွက် အမေရိကန် ဦးဆောင်သော အနာဂတ်နိုင်ငံများသည် ပိတ်ဆို့မှုများ ပြုလုပ်တတ်ကြပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောသည် စီးပွားရေးဖြစ်သဖြင့် စီးပွားရေး ပိတ်ဆို့မှုကို အဓိက လုပ်တတ်ပါသည်။ ပြည်တွင်းထွက်ကုန်များ တင်ပို့ခြင်းနှင့် နိုင်ငံခြားမှ ကုန်ပစ္စည်းများ တင်သွင်းခြင်းတို့ကို တားမြစ်ပိတ်ပင်ခြင်း ဖြစ်ပါသည်။

တစ်ဘက်တည်းမှာပဲ ငွေပြောင်း ငွေလွှဲလုပ်ငန်းများ၊ ငွေကြေးလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုနိုင်ရန် ဘဏ်များကိုလည်း ပိတ်ဆို့မှုများ ပြုလုပ်ပါသည်။
နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် ငွေကြေး အရင်းအနှီး လုံလုံလောက်လောက် ရှိရမည်။ နည်းပညာပိုင်းနှင့် လူ့စွမ်းအား အရင်းအမြစ်များ ပြည့်စုံရမည်။ ထိုအခွင့်အလမ်းများ ရဖို့ဆိုလျှင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို မလွှဲမသွေ ရယူရမှာ ဖြစ်ပါသည်။ စီးပွားရေး ပိတ်ဆို့ထားသည့်အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ၀င်မလာနိုင်ပါ။ ထို့ကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးပြီး အလုပ်လက်မဲ့များ တိုးပွားလာမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပိတ်ဆို့မှုများကို တဖြည်းဖြည်း ပြေလျှော့လာသည်ကို တွေ့ရသည်။ အစပိုင်းတွင် သူတို့ရဲ့ သွင်းကုန်တွေကို ခွင့်ပြုပေးသည်။ Pepsiတို့၊ 7upတို့ကို ပြန်ပြီး သောက်လာ ရသည်။ အမေရိကန်၊ ဥရောပကားတွေ တင်သွင်းလာသည်။ ရင်းနှီးမြှုပ်နှံမှုများ ပြုရန် ဆွေးနွေးလာကြသည်။ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို သုံးကြိမ်မြောက် လာရောက်အပြီးမှာတော့ ပို့ကုန်များကို ဖွင့်ပေးလာတာ တွေ့ရသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံကြတာသည် သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွား ကြည့်ပြီး ဆက်ဆံကြတာပဲ ဖြစ်သည်။ သို့ဖြစ်ပါ၍ အပြန်အလှန် အကျိုးရှိမည့် ပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းကို ကြိုဆိုရမည် ဖြစ်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *