News

လေစွမ်းအင် ထုတ်ယူနိုင်အောင် ကြိုးစားကြည့်သင့်

air-engery

ကမ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်လာသည့် လေစွမ်းအင်ကဏ္႑ဆိုသော သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ကမ္ဘာတစ်ဝှမ်းရှိ နေရောင်ခြည်မှ စွမ်းအင်ထုတ်လုပ်ပေးနိုင်မှု ပမာဏသည် (၁၀၀) ဂစ်ဂါ၀ပ်ကျော်ကျော် ရှိပြီး၊ လေစွမ်းအင် ထုတ်လုပ်ပေးနိုင်မှု စုစုပေါင်းပမာဏမှာ (၂၈၂)ဂစ်ဂါ၀ပ် ရှိသဖြင့်၊ (၂)နှစ်အတွင်း လေစွမ်းအင်ကနေ စွမ်းအင်ထက် ပမာဏ နှစ်ဆကျော် တိုးတက်လာသည့် သဘောဖြစ်ကြောင်း၊ (၄၅)ဂစ်ဂါဝပ်ကျော် ထုထ်လုပ် နိုင်သည့် လေတာဘိုင်အသစ်များကို ၂၀၁၂ခုနှစ်အတွင်း တိုးချဲ့တပ်ဆင်ခဲ့ကြပြီး၊ တရုတ်နှင့် အမေရိကန်တို့သည် (၁၃)ဂစ်ဂါ၀ပ်စီဖြင့် လေစွမ်းအင် အများဆုံး ထုတ်လုပ်နိုင်ခဲ့ကြောင်းနှင့်၊ ဂျာမဏီ၊ အိန္ဒိယနှင့် ယူနိုက်တက် ကင်းဒမ်း (အင်္ဂလန်နိုင်ငံ)တို့က (၂)ဂစ်ဂါ၀ပ်စီ ထုတ်လုပ်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဤကဏ္႑တွင် ခေတ္တ အဆက်ပြတ်သွားချိန်တွင်၊ အမေရိကန်နှင့် ဥရောပတို့၏ ထုတ်လုပ်မှု ဈေးကွက်သည် မယုံကြည်နိုင်လောက်အောင် တိုးတက်လာခဲ့ပြီး၊ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွင် အာရှက ဦးဆောင်နေဆဲဖြစ်၍၊ ဒုတိယနေရာမှ မြောက် အမေရိက လိုက်နေပြီး၊ ဥရောပကလည်း နောက်ကျ ကျန်မနေရစ်ကြောင်း၊ ကမ္ဘာ့လေစွမ်းအင်ကောင်စီမှ ထုတ်ပြန်သော ကိန်းဂဏန်း အချက်အလက်များအား ကိုးကား၍၊ ၎င်းကောင်စီ၏ အထွေထွေ အတွင်းရေးမှုးက ပြောကြားခဲ့ပါသည်။

တစ်နိုင်ငံချင်း အနေဖြင့် ကမ္ဘာ့အဆင့် တစ်နေရာတွင် (၇၇)ဂစ်ဂါ၀ပ်ဖြင့် တရုတ်က ရှိနေပြီး၊ အမေရိကန်က (၆၀)ဂစ်ဂါ၀ပ်ဖြင့် အဆင့်နှစ်၊ ဂျာမဏီက (၃၁)ဖြင့် တတိယ၊ စပိန်က (၂၃)ဖြင့် စတုတ္ထ၊ UK ကမူ (ဂ.၅)ဂစ်ဂါ၀ပ်ဖြင့်၊ ကမ္ဘာ့အဆင့်(၆)နေရာတွင် ရှိနေကြောင်း သိရသည်။ အင်္ဂလန်သည် ကမ္ဘာပေါ်တွင် ကမ်းလွန်ဒေသ အသုံးချနိုင်မှု အများဆုံးဖြစ်ပြီး၊ ၂၀၁၂ခုနှစ်အတွင်း လေစွမ်းအင် (၀.၈၅)မဂ္ဂါ၀ပ် ထုတ်ပေးနိုင်မည့် စီမံကိန်းတစ်ခု တည်ဆောက်လျက်ရှိရာ လေစွမ်းအင် ထုတ်လုပ်မှု စုစုပေါင်း၊ (၃)ဂစ်ဂါ၀ပ် နီးပါး ရှိခဲ့ကြောင်း၊ UK၏ စွမ်းအင်နှင့် ရာသီဥတု ပြောင်းလဲမှု မှတ်တမ်းပြုစုရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါသည်။ အနာဂတ်တွင် ကာဗွန် လျှော့ချနိုင်သော စွမ်းအင် ရရှိဖို့အတွက်ဆိုလျှင် လေစွမ်းအင်သည် အဓိကနေရာမှာ ရှိနေပါသည်။

မြန်မာနိုင်ငံတွင် စွမ်းအင်ရရှိမှုအတွက် ရေအားလျှပ်စစ်သည် အဓိက ဖြစ်ခဲ့ပါသည်။ ရှေးပဝေသဏီကပင် လောပိတ ဘီလူးချောင်း ရေအားလျှပ်စစ်ကို အားထားခဲ့ရပြီး ယင်းမဟာ ဓာတ်အားလိုင်း မရရှိသော နေရာများတွင် ဒီဇယ်သုံး၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်များဖြင့် လည်ပတ် သုံးစွဲဲခဲ့ကြရပါသည်။ နောက်ပိုင်းတွင် ရေအားလျှပ်စစ် စီမံကိန်းများ၊ အများအပြား ပေါ်ပေါက်လာခဲ့ပါသည်။ သဘာ၀ ဓာတ်ငွေ့ဖြင့်လည်း စွမ်းအင်ထုတ်ယူ သုံးစွဲခဲ့ကြပါသည်။ ယခုအခါ နေစွမ်းအင်ဖြင့်လည်း ကျေးလက်ဒေသ မီးရရှိရေးများ တစ်ပိုင်တစ်နိုင် ဆောင်ရွက်နေကြသည်။ သို့ရာတွင် တစ်နိုင်ငံလုံး အနေဖြင့် လျှပ်စစ်ဓာတ်အားကို ပြည့်ပြည့်ဝဝ သုံးစွဲနိုင်ခြင်း မရှိသေးပါ။ ရေအားလျှပ်စစ် စီမံကိန်းကြီး ဖြစ်သည့် မြစ်ဆုံစီမံကိန်းလည်း သဘာဝ ပတ်၀န်းကျင် ထိခိုက်မှု အကြောင်းအရာများဖြင့် ရပ်ဆိုင်းခဲ့ရပါသည်။ ထို့အတူ အခြား ဆောင်ရွက်ရန်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများသည်လည်း ပြဿနာ ရှိနိုင်ပါသည်။

မြောက်ပင်လယ်တွင် (၆)မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်းတစ်ခု တည်ဆောက်ပြီး စွမ်းအင် ထုပ်လုပ်လျက် ရှိသည်။ အီသီယိုးပီးယားနိုင်ငံရှိ၊ (၅၂)မဂ္ဂါ၀ပ် ထုတ်နိုင်သည့် လေစွမ်းအင် စီမံကိန်း တစ်ခုသည် အာဖရိကတိုက်၏ ပထမဆုံးသော စီးပွားဖြစ် လေစွမ်းအင် ထုတ်လုပ်ရေး တစ်ခု ဖြစ်လာခဲ့သည်ဟု သိရှိရသည်။ မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီ ကမ်းရိုးတန်း၊ မုတ္တမကမ်းလွန် ပင်လယ်ပြင် တို့ရှိသည်။ မြေလွတ် မြေရိုင်းများလည်း များစွာရှိသည်။ လေအားလျှပ်စစ်သည် သဘာဝ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်နိုင်ဟု ယူဆသည်။ နိုင်ငံခြားတွင် လေတာဘိုင်များကို ပင်လယ်ကမ်းခြေများ၊ လယ်ကွင်းများထဲမှာ တွေ့ဖူးသည်။ ရေအား လျှပ်စစ်ထက် ကုန်ကျစရိတ် သက်သာမည်ဆိုပါက လေစွမ်းအင်ထုတ်ယူရေးဘက်ကို တစ်ချက်လောက် လှည့်ကြည့်စေချင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *