Opinion

အိမ်စောင့်ထားတဲ့ လူတွေမဖယ်ရင်

အော်စကာ
မင်္ဂလာပါ ဘကြီးဖြိုး

ဘကြီးဖြိုး
မင်္ဂလာပါ အော်စကာရေ

အော်စကာ

ဘကြီးဖြိုးကို ရှာနေတာ ၊ ဖုန်းဆက်တော့လည်း ဘကြီးဖြိုးရဲ့ ကောင်မလေးက ဆက်သွယ်ရေး ဧရိယာ ပြင်ပ ရောက်နေတယ်ပဲ ပြောနေလို့ ၊ ဘကြီးဖြိုး ဘယ်တွေသွားနေတာလဲ ။

ဘကြီးဖြိုး
ဘကြီးဖြိုး ဘယ်မှမသွားပါဘူး အော်စကာရယ်၊ ဖုန်းကိုလည်း ဒီအတိုင်းပဲ ချထားတာပါပဲ၊ ဖုန်းထဲက ကောင်မလေးက ဘကြီးဖြိုးကို သေချာမသိဘဲ သူဖြေချင်တာ ဖြေတတ်တာ အကျင့်ပါနေပြီလေကွာ။

အော်စကာ

Information Technology တွေ ဒီ ထက်မြှင့်ဖို့လိုနေပြီထင်ပါရဲ့ ဘကြီးဖြိုးရာ။

ဘကြီးဖြိုး
ဟိုးမြင့်မြင့် တာဝါတိုင်ကြီးတွေ ၊ စလောင်းကြီးတွေ ပိုများလာရင်တော့ ဆက်သွယ်ရေး ဧရိယာပြင်ပ မရောက်နိုင်တော့ဘူး ထင်ပါရဲ့ကွာ။

အော်စကာ
ထားပါတော့ ဘကြီးဖြိုးရယ်၊ အခု လာတာက သူငယ်ချင်းတစ်ယောက်က သူ့ဘာသာသူ ဘာလုပ်ရမှန်းမသိ ဖြစ်နေလို့ ဘကြီးဖြိုးရ။

ဘကြီးဖြိုး
ပြောပါဦးကွ။

အော်စကာ
သူငယ်ချင်းကလေ လွန်ခဲ့တဲ့(၂) နှစ် လောက်က မြေဈေး၊ အိမ်ဈေးတွေ သိပ်မတက်သေးတော့ တန်တယ်ထင်တာနဲ့ အိမ်ခြံမြေတစ်ကွက် ၀ယ်လိုက်တယ်၊ ခြံလေးက သပ်သပ်ရပ်ရပ်လေးပါ ဘကြီးဖြိုးရယ်။

ဘကြီးဖြိုး
အေး၊ ကောင်းသားပဲကွဲ့။

အော်စကာ
အိမ်ခြံမြေ၀ယ်ပြီးတော့ သူများတွေ မကျူးကျော်် မဖျက်ဆီးအောင်၊ အသိ လင်မယားနှစ်ယောက်ကို အိမ်စောင့် ထားလိုက်တယ်လေ။

ဘကြီးဖြိုး
ထားရမှာပေါ့၊ မီးဘေးရေဘေးအတွက် အိမ်စောင့် ခြံစောင့်ဆိုတာ ထားရတာ ပေါ့ကွယ်။

အော်စကာ
အခု(၂) နှစ်လောက်ကြာတော့ အိမ်ဈေး မြေဈေးတွေ တက်လာတာ ဘကြီးဖြိုး အသိပဲလေ၊ ဒီတော့ အဲဒီခြံကို ရောင်းဖို့ အစောင့်လင်မယားကို ဖယ်ခိုင်းတာပေါ့။

ဘကြီးဖြိုး

ဟုတ်ပါ့ကွယ်၊ ၀ယ်တဲ့လူကလည်း အိမ်နဲ့ ခြံပဲ လိုချင်မှာပေါ့၊ အိမ်ပေါ်မှာ လူပါလာရင်တော့ ဘယ်၀ယ်ချင်မလဲ။

အော်စကာ
အဲဒါပေါ့၊ ထားတုန်းကတော့ အလကား နေပါရစေဆိုပြီး အလကားထားခဲ့တာ၊ အိမ်လခလည်း မယူဘူး၊ ရေဖိုး၊ မီးဖိုးတောင် ကိုယ်ကပေးခဲ့ရသေးတာ၊ အခု ဖယ်ပါ ဆိုတော့ ငွေပေးမှ ဖယ်ပေးနိုင်မယ်တဲ့။

ဘကြီးဖြိုး

အော်၊ လူတွေ လူတွေ ကတိသစ္စာ မတည်နိုင်ကြတော့ဘူး။ လောဘမီးတွေ လွန်ကဲနေကြပြီပဲကွယ်။

အော်စကာ
ဒါပေါ့၊ ဘကြီးဖြိုးရယ်၊သူငယ်ချင်းဆိုတာ ဒေါသ တွေထွက်ပြီး ဆွေ့ဆွေ့ခုန် နေတာပေါ့၊ သွေးတိုးနဲ့ နှလုံးရောဂါလည်းရှိတော့ တရား နဲ့ ဖျောင်းဖျနေရတယ်။

ဘကြီးဖြိုး
အေးကွယ်၊ ပစ္စည်းစိတ်ကြောင့် လူ ဒုက္ခမရောက်အောင်တော့ မြတ်ဗုဒ္ဓရဲ့ မေတ္တာတရားတော်နဲ့ဖြေခိုင်းပေါ့၊ ဒီလူတွေ မတရား ပြုကျင့်တာကိုတော့ တုတ်ဆွဲ၊ ဓားဆွဲလို့မဖြစ်ဘူးလေ။ တရားဥပဒေဘောင် အတွင်းက ဖြေရှင်းရမှာပေါ့။

အော်စကာ

အဲဒါသူငယ်ချင်းက သူ့အိမ်ကို ကျူးကျော် နေထိုင်တယ်ဆိုပြီး ရာဇ၀တ်မှု၊ အိမ်ကျော်နင်းမှုနဲ့ တရားစွဲတယ်လေ။

ဘကြီးဖြိုး
အဲဒီတော့။

အော်စကာ

အဲဒါရှုံးတယ်လေ ဘကြီးဖြိုးရဲ့၊ သူငယ်ချင်းက သူမှန်ရဲ့သားနဲ့ရှုံးလိ့ု တိုင်မယ် တောမယ် လုပ်နေတယ်လေ။

ဘကြီးဖြိုး
အော်စကာရဲ့သူငယ်ချင်း မှန်တယ်ဆိုတာလည်း ဟုတ်တယ်၊ ဒါပေမယ့် ရှုံးတယ်ဆိုတာလည်း မှန်တယ်၊ မတိုင်ခိုင်းပါနဲ့ကွယ်။

အော်စကာ

ရှုပ်သွားပြန်ပြီ ဘကြီးရယ်၊ မှန်ရင်နိုင်ရမှာပေါ့၊ ဘာလို့ ရှုံးရမှာလဲ၊ ဒီလင်မယားအိမ်ပေါ်က ဆင်းပေးရမှာပေါ့။

ဘကြီးဖြိုး

တရားရုံးမှာ တရားစွဲတယ်ဆိုတာ တရားနည်းလမ်းတကျ စွဲဆိုဖို့လိုတယ်။ စွဲဆိုပုံ မှားယွင်းရင် ဥပဒေနဲ့မညီရင် တရားရုံးက ဥပဒေနဲ့အညီ
ဆောင်ရွက်ပေးလို့ မရဘူး ပေါ့ကွယ်။

အော်စကာ

ရှင်းစမ်းပါဦး ဘကြီးဖြိုး။

ဘကြီးဖြိုး

တရားစွဲတယ်ဆိုတဲ့နေရာမှာ ရာဇ၀တ် ကြောင်းနဲ့ တရားမကြောင်းဆိုပြီး(၂)မျိုးရှိတယ်။ အိမ်ကျော်နင်းမှုနဲ့ စွဲတယ် ဆိုတာ ရာဇ၀တ်ကြောင်းအရဖြစ်ပြီး၊ ရာဇ၀တ် မကင်းသော အိမ်ကျော်နင်းမှုလို့ ခေါ်တယ်၊ ပုဒ်မအားဖြင့် ရာဇ၀တ်ကြီး ဥပဒေပုဒ်မ (၄၄၈)ပေါ့ကွယ်။

အော်စကာ

ဟုတ်တယ်လေ၊ ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ ကျူးကျော်နေထိုင်တာ အိမ်ကျော်နင်းမှုပေါ့။

ဘကြီးဖြိုး
မဟုတ်သေးဘူးကွဲ့၊ လူတစ်ယောက်ဟာ လူနေအိမ်ကို ၀င်ရောက်တဲ့နေရာမှာ ရာဇ၀တ်မကင်းသော ကျော်နင်းမှုကို ကျူးလွန်မှသာ အိမ် ကျော်နင်းမှု ကျူးလွန်ရာရောက်တယ်၊ ရာဇ၀တ် မကင်းသော ကျော်နင်းမှုဆိုတာ ပစ္စည်းလက်ရှိဖြစ်တဲ့လူကို ခြောက်လှန့်ရန်၊ စော်ကားရန်၊ သို့မဟုတ် စိတ်ငြိုငြင်စေရန် အကြံနှင့် ၀င်ရာက်ခြင်းဖြစ်ရမယ်။ ဒါမှမဟုတ် အဲဒီပစ္စည်းအိမ်မြေပေါ်ကို တရားသဖြင့် ၀င်ရောက်ပြီးနောက် ထိုပစ္စည်းအား လက်ရှိဖြစ်သူကို ခြောက်လှန့်ရန်၊ စော်ကားရန် သို့မဟုတ် စိတ်ငြိုငြင်စေရန်အကြံနှင့် ဆက်လက် နေထိုင်ခြင်းဖြစ်ရမယ်။ အဓိက အရေးကြီး တဲ့အချက်က အဲဒီပစ္စည်းအိမ်မြေလက်ရှိဖြစ်တဲ့လူကို အဆိုပါအကြံတစ်ခုခုနှင့် နှောင့်ယှက်ရန် ၀င်ရောက်ခြင်း ဖြစ်ရမယ်။

အော်စကာ
ဟုတ်တယ်လေ။ အိမ်စောင့် လင်မယားက ဖယ်ခိုင်းတာ မဖယ်ပေးဘဲ အိမ်ပိုင်ရှင် ကျွန်တော့်သူငယ်ချင်းကို စတင် ငြိုငြင်အောင် လုပ်တယ်လေ။

ဘကြီးဖြိုး

ရာဇ၀တ်ကြီးပုဒ်မ (၄၄၈) ဖြစ်တဲ့ အိမ်ကျော်နင်းမှုမှာ အဲဒီပြစ်မှု ကျူးလွန်တဲ့အချိန်မှာ အိမ်ကို ဘယ်သူလက်ရှိဖြစ်လဲဆိုတာပဲ စဉ်းစားတယ်။ အဲဒီအချိန်မှာ အိမ်ပိုင်ရှင်က ဘယ်သူလဲဆိုတာကို မစဉ်းစားဘူး။ ဆိုလိုတာက ဒီလိုအမှုတွေမှာ ပိုင်ဆိုင်ခွင့်ကို ထည့်သွင်း စဉ်းစားရန်မလိုဘူး။ ကိုသန်းမောင်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမှုစီရင်ထုံး (၁၉၅၄) ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ (၂၈၃)မှာ ဒီမူသဘောကို လမ်းညွှန်ထားတယ်ကွ၊ ရှာဖတ်ကြည့်ကွာ။

အော်စကာ

ရှာဖတ်မကြည့်တော့ပါဘူး ဘကြီးဖြိုးရာ၊ သိပ်မရှင်းသေးလို့ ဘကြီးဖြိုးပဲ ရှင်းပြပါဦး။

ဘကြီးဖြိုး
အော်စကာရဲ့ သူငယ်ချင်းက အဲဒီအိမ်ကို ၀ယ်သာ၀ယ်ထားတာ သူလက်ရှိ သွားနေဖူးလို့လား။ သူပဲ အစောင့် လင်မယားကို အဲဒီအိမ်မှာ ထားခဲ့တာလေ။ ဒီတော့ အဲဒီအိမ်က အစောင့် လင်မယားရဲ့လက်ရှိပေါ့။ အိမ်သော့ကလည်း အစောင့်လင်မယားဆီမှာ ဒါကြောင့် ဒီအိမ်ဟာ အစောင့်လင်မယားရဲ့ လက်ရှိဖြစ်ပြီး၊ အော်စကာသူငယ်ချင်းရဲ့ လက်ရခြံ မဟုတ်ဘူး။ လက်ရှိဖြစ်တဲ့လူကို ခြောက်လှန့်ရန်၊ စော်ကားရန်၊ စိတ်ငြိုငြင်စေရန် အကြုံနဲ့ ပြုမှုရာဇ၀တ်မှု မြောက်မှာ ဆိုတော့၊ အော်စကာသူငယ်ချင်းက အိမ်ပိုင်ရှင် ဖြစ်သော်လည်း အိမ်လက်ရှိနေသူ မဟုတ်တဲ့အတွက် အစောင့်လင်မယားက အိမ်ကျော်နင်းမှုကျူးလွန်တယ်လို့ မဆိုနိုင်တော့ဘူးပေါ့။ (ကိုကြွက်ပါ -၂ )နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမှုစီရင်ထုံး ၁၉၆၆ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၈၃၈) ကို ရည်ညွှန်းပါသည်။ လင်မယားကို ဒီလိုပဲ ဆက်ထားရတော့မှာလား၊ သူတို့ မတရား တောင်းတဲ့ငွေကို ပေးရ တော့မလား။

ဘကြီးဖြိုး
ဒီလိုတော့ ဘယ်ဟုတ်မလဲကွယ်။ မတရားမှုတွေမဖြစ်အောင် တားဆီးဖို့ တရားရုံးတွေ ထားတာပေါ့ကွယ်။ ဒါပေမယ့် တရားနည်းလမ်းတကျ တရားစွဲတတ် ဖို့တော့ လိုတာပေါ့။

အော်စကာ

ဒါဆိုဘယ်လိုစွဲရမလဲ ဘကြီးဖြိုးရဲ့။

ဘကြီးဖြိုး
အော်စကာက ရှေ့နေခလည်းမပေးဘဲ မေးပဲ မေးနေတာပဲလားကွယ်၊ ဘကြီးဖြိုး ကလည်း ကုသိုလ်ဖြစ် စေတနာ့၀န် ထမ်းလုပ်တဲ့ ရှေ့နေဆိုတော့ မေးသမျှ ဖြေပါမယ်ကွဲ့၊ စာဖတ်သူတွေလည်း မေးစရာရှိရင် ICT ဂျာနယ်က တစ်ဆင့် မေးခွန်းတွေ ပို့လိုက်ပါကွယ်။

အော်စကာ
နောက်မှ စဉ်းစားဦးမယ်လို့ မပြော နဲ့နော်။

ဘကြီးဖြိုး

ဥပဒေသမားဆိုတာ လေ့လာဖတ်ရှု သုံးသပ်ပြီးမှ ဆုံးဖြတ် ဖြေကြားရတာ အမှားနည်းအောင်ပေါ့ကွယ်။

အော်စကာ
ဘကြီးဖြိုးကလည်း မှန်အောင်ဖြေမယ် လို့မပြောဘူး။ အမှားနည်းအောင်လို့ပဲ ပြောတယ်။

ဘကြီးဖြိုး
မမှားသောရှေ့နေ မသေသော ဆေးသမားဆိုတာ မရှိဘူးမဟုတ်လားကွဲ့။ ဒါကြောင့် ငါတော်တယ်၊ ငါတတ်တယ်၊ ငါပြောတာမှ မှန်တယ်ဆိုတာ ပညာရှိ ဟုတ်ပါ့မလား။

အော်စကာ

ကျွန်တော်မေးထားတာ မဖြေရသေးဘူး။ စကားတွေ ေ၀့ကုန်ပြီ။

ဘကြီးဖြိုး

ဖြေပါ့မယ်ကွယ်၊ တရားမကြောင်းအရ ထိုက်သင့်တဲ့ ရုံးခွန်တံဆိပ်ခေါင်း ကပ်ပြီး စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးမှာ အိမ်မှ နှင်ထုတ်လိုမှုစွဲရမယ်။ ဒီလိုတရားမကြောင်း ဖြင့် တရားစွဲဆိုရမယ့် ကိစ္စမျိုးမှာ တရား စရိတ် အကုန်အကျ သက်သာအောင် ဖြတ်လမ်းလိုက်ပြီး ရာဇ၀တ်ကြောင်းနဲ့ တရားစွဲဆိုခြင်းကို ပြုလို့မရဘူး။

အော်စကာ

အော်၊ ဒါကြောင့်ကိုး။ ကျေးဇူးတင်ပါတယ် ဘကြီးဖြိုးရယ် ၊ နောက်အပတ်မှ တွေ့ကြသေးတာပေါ့။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *