News

ဆမ်ဒိုးရီးယားအသင်းကို ရမ်ဘိုစတိုင်နဲ့ သူလျှိုလုပ်တဲ့ ဂျီနိုအာဂိုးနည်းပြ

အီတလီစီးရီးအေကလပ် အသင်းတစ်သင်းဖြစ်သည့် ဂျီနိုအာအသင်းမှ ဂိုးနည်းပြတစ်ဦးသည် ရမ်ဘိုစတိုင် တောတွင်းပုံဖျက် ၀တ်စုံ၀တ်ဆင်၍ ပြိုင်ဘက် ဆမ်ဒိုးရီးယားအသင်း လေ့ကျင့်ရေးကွင်းကို သူလျှိုလုပ် ချောင်းမြောင်းနေစဉ် လူမိခဲ့ရကြောင်း စက်တင်ဘာ ၁၄ရက် သတင်းများတွင် ဖော်ပြထားသည်။

လူကာဒီပရာ အမည်ရှိ ဂျီနိုအာဂိုးနည်းပြသည် လေ့ကျင့်ရေးကွင်း အနောက်ဘက် သစ်ပင်အုပ်ထဲတွင် ပုန်းကွယ်ချောင်းမြောင်းနေကြောင်း၊ ပရိသတ်များ၏ သတင်းပေးချက်အရ ဆမ်ဒိုးရီးယားအသင်း တာ၀န်ရှိသူများက လူကာဒီပရာကို လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။ လူကာဒီပရာ၏ လျှို့၀ှက်ထောက်လှမ်းရေး အစီအစဉ်နှင့် ဂျီနိုအာအသင်း ပတ်သက်မှုမရှိကြောင်း ဂျီနိုအာအသင်း တာ၀န်ရှိသူများက ပြောကြားခဲ့ပြီး လူကာဒီပရာကို ဂိုးနည်းပြ တာ၀န်မှ ရပ်ဆိုင်းခဲ့သည်ဟု ဆိုသည်။

ဆမ်ဒိုးရီးယားအသင်း လေ့ကျင့်ရေးကွင်းကို သူလျှိုလုပ် ချောင်းမြောင်းရန် ကလပ်အာဏာပိုင်များက လူကာဒီပရာကို တာ၀န်ပေးခဲ့ခြင်း မရှိကြောင်း၊ ၄င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ဆမ်ဒိုးရီးယားအသင်း လေ့ကျင့်ရေးကွင်းကို ထောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း ဂျီနိုအာအသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

လူကာဒီပရာသည် ဂျီနိုအာအသင်း သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးသမားဖြစ်ခဲ့သူ အီတလီနိုင်ငံသား ဂျီယိုဗန်နီဒီပရာ၏ တူတော်စပ်သူ ဖြစ်သည်ဟု ဆိုသည်။ ဂျီနိုအာ အသင်းနည်းပြ လူကာဒီပရာသည် ဆမ်ဒိုးရီးယား၏ တန်ပြန်ထောက်လှမ်းရေး အစီအစဉ်ကို အရှုံးပေးခဲ့ရကြောင်း ဆမ်ဒိုးရီးယားအသင်း တာ၀န်ရှိသူများက ပြောကြားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *