မြန်မာအခေါ် သွက်ချာပါဒ၊ တစ်နည်းအားဖြင့် လေဖြတ်ခြင်းဆိုသည်မှာ အသက် ၆၅နှစ်အထက် လူကြီးပိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသည်ကို တွေ့ရသော်လည်း ယခုအခါ လူငယ်များသည်လည်း ၄င်းရောဂါ အဖြစ်များလာကြကြောင်း လေ့လာမှုသစ်တစ်ခုက ဆိုထားသည်။ အမေရိကန်နိုင်ငံတွင်မူ အသက် ၁၅နှစ်နှင့် ၄၄နှစ်ကြား အရွယ်များတွင်လည်း ဖြစ်လေ့ရှိကြောင်း လေ့လာမှုအရ သိရသည်။
လေဖြတ်သူအများစု၏ ၁၅ရာခိုင်နှုန်းမှာ လူငယ်လူရွယ်များ ဖြစ်နေကြောင်း၊ ဤအချက်က လူငယ်လူရွယ်များ လေဖြတ်ခြင်း ဖြစ်ပွားမှုနှုန်း များလာသည်ကို ပြသခြင်းဖြစ်ကြောင်း လေ့လာသူတို့က ဆိုသည်။ အမေရိကန် ဆေးရုံများရှိ အချက်အလက်များအား လေ့လာခြင်းအရ အသက် ၁၅နှစ်မှ ၄၄နှစ်ကြားအရွယ်ရှိ လေဖြတ်သူနှုန်းထားမှာ ၁၉၉၅-၁၉၉၆ခုနှစ် ကာလက ၂၃ရာခိုင်နှုန်းမျှသာ ရှိခဲ့သော်လည်း ၂၀၀၇-၂၀၀၈ခုနှစ် အရောက်တွင် လူငယ် လေဖြတ်သူဦးရေ ၅၃ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သည်ဟု သိရသည်။
ထိုကဲ့သို့ လေဖြတ်သူ ဦးရေ၏ ၈၅ရာခိုင်နှုန်းတို့မှာ ဦးနှောက်သွေးကြောပြတ်ခြင်းများ၊ သွေးကြောပိတ်ဆို့မှုများ ဖြစ်ပွားသောကြောင့် ရုတ်တရက် သေဆုံးမှုများ ဖြစ်ကြပြီး ဖြစ်ပွားသူတိုင်းတွင် လူငယ်များသည်ဟု ဆိုသည်။ ဤကဲ့သို့ ဖြစ်ပွားသည့် အကြောင်းရင်းမှာ အ၀လွန်ခြင်း၊ ဆေးလိပ် သောက်ခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ကိုလက်စထရော ပမာဏများခြင်း၊ မွေးရာပါ နှလုံးရောဂါရှိခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု သိရသည်။