၂၀၁၃ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်မဆမှု ၁၈၅၄ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၁၃ဦးနှင့် ဒဏ်ရာရရှိသူ ၂၈၄၃ဦး ရှိသည်ဟု ရန်ကုန်တိုင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ သိရသည်။
၄င်းယာဉ်ထိန်းရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက “ပျမ်းမျှတစ်လကို ယာဉ်မတော်တဆမှု ၂၃၀ကျော် ဖြစ်ပွားတယ်”ဟု ပြောသည်။ ယာဉ်မတော်တဆမှုသည် ညအချိန်တွင် ပိုမိုဖြစ်ပွားပြီး ရန်ကုန်မြို့ပြင်ဘက်တွင် အဖြစ်များကာ မင်္ဂလာဒုံ၊ လှိုင်သာယာနှင့် အင်းစိန်ဘက်တွင် အဖြစ်များကြောင်း သိရသည်။
ယင်းရုံးမှ ရဲမှူးဦးသာဌေးကလည်း “အဲဒီဘက်တွေမှာက ညပိုင်းဖြစ်တဲ့အတွက် လမ်းကျယ်တယ်။ လူရှင်းတယ်။ ကားတွေ မဆင်မခြင်နဲ့ အရှိန်ပြင်းပြင်း မောင်းတာတွေရှိတယ်။ မီးအလင်းရောင်လည်း ကောင်းစွာမရလို့ ဖြစ်တယ်”ဟု ပြောကြားသည်။
ယာဉ်တိုက်မှုဖြစ်၍ လူသေဆုံးလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က)အရ ၇နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ကမ္ဘာတစ်၀ှမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ပျမ်းမျှသေဆုံးသူမှာ တစ်နှစ်အတွင်း ၁ဒသမ ၂၄သန်းရှိပြီး ဒဏ်ရာရရှိသူမှာ သန်း၂၀မှ သန်း၅၀အထိ ရှိသည်ဟု သိရပါသည်။