News

ပညာရေး၀န်ထမ်းတွေလည်း “၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား မိသိန်းကြည်” ဖြစ်နေပြီ

ပညာရေး ၀န်ထမ်းများအကြား လစာ၏ ကိုးဆကို ချေးငွေအဖြစ် ထုတ်ချေးပေးမည်ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ ယင်းသတင်းများ ထွက်ပေါ်ခြင်းကြောင့် အကျိုးသက်ရောက်နိုင်မှု အခြေအနေကို သိရှိလို၍ အဆိုပါ သတင်းများ လွှင့်ထားခြင်းလည်း ဖြစ်နိုင်သည်ဟု မြို့နယ် လက်ထောက် ပညာရေးမှူးတစ်ဦးက သုံးသပ်ပြောကြားသည်။

“ဒီလို သတင်းတွေလွှင့်ပြီးတော့ ပြည်သူတွေဘက်က ဘာပြန်လာမလဲဆိုတာကို သိချင်လို့ အကြီးအကဲ တစ်ယောက်ယောက်က ဖန်တီးတာမျိုး ဖြစ်နိုင်တယ်။ အစိုးရက ပြည်သူတွေကိုကျတော့ မကြည့်ဘူး။ နိုင်ငံ့၀န်ထမ်းတွေကိုပဲ ကြည့်တယ်ဆိုတဲ့ အသံတွေ ထွက်လာမလား။ ကုန်ဈေးနှုန်းကစားတာတွေ ဖြစ်လာမလား။ ဘာပြဿနာတွေ ဖြစ်လာမယ်ဆိုတဲ့ အသံတွေကို အရင် နားထောင်ပြီးမှ ဘာပြဿနာမှ မရှိဘူးဆိုရင်တော့ ချေးရင် ချေးလိမ့်မယ်။ အတိုး သက်သက်သာသာနဲ့ပေါ့”ဟု အဆိုပါ လက်ထောက်ပညာရေးမှူးက ဆိုသည်။

ယင်းကဲ့သို့ လစာ၏ ကိုးဆကို ထုတ်ချေးမည်ဆိုလျှင်လည်း ပညာရေး၀န်ကြီးဌာန အနေဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ပဲ ဘဏ္႑ာရေး ၀န်ကြီးဌာနက ဘာလုပ်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။ “ကျွန်တော်တို့လည်း ဒီသတင်းတွေကို ကြားတော့ ကြားနေတာပဲ။ ဟိုလူပြောသလိုလို၊ ဒီလူပြောသလိုလိုနဲ့။ ဒီသတင်းကသာ အတည်ဖြစ်ရင် သက်ဆိုင်ရာ ဌာနတွေကို ဘဏ္႑ာရေး ၀န်ကြီးဌာနက အကြောင်းကြားလိမ့်မယ်။ ကျွန်တော်တို့ ပညာရေး ၀န်ကြီးဌာနက ဘဏ္႑ာနဲ့တော့ မဖြစ်နိုင်ဘူး။ ပညာရေး ဘတ်ဂျက်က သူ့အစီအစဉ်နဲ့သူရှိပြီးသားပါ။ ချေးမယ်ဆိုရင် ဘဏ္႑ာရေး ၀န်ကြီးဌာနကပဲ ချေးလိမ့်မယ်”ဟု ၄င်းက ဆိုသည်။

ယင်းသတင်းများမှာ ကောလာဟာလသာဖြစ်ပြီး ဘ႑ာရေး၀န်ကြီးဌာနမှ ယင်းကဲ့သို့ ထုတ်ချေးပေးမည့် အစီအစဉ်မရှိကြောင်း ဘတ်ဂျက်ဌာနမှ ဒါရိုက်တာ ဦးဇော်နိုင်က ပြောသည်။ “ကျွန်တော်တို့ ၀န်ကြီးဌာနက စဉ်းစားမယ်ဆိုရင် ၀န်ထမ်းအားလုံးအတွက် စဉ်းစားပါတယ်။ ပညာရေးဌာန တစ်ခုတည်း မဟုတ်ပါဘူး။ လောလောဆယ်မှာတော့ အဲဒီကို ငွေထုတ်ချေးပေးမယ်ဆိုတဲ့ အစီအစဉ်လည်း မကြားသေးပါဘူး”ဟု ယင်းက ထပ်မံပြောကြားသည်။

လွန်ခဲ့သည့် ၁၉၉၀ပြည့်နှစ် ၀န်းကျင်ခန့်က ပညာရေး၀န်ထမ်းများကို ချေးငွေကျပ်တစ်သောင်း ထုတ်ချေးပေးခဲ့ဖူးကြောင်း သိရသည်။ ပညာရေး ၀န်ထမ်းတစ်ဦးက “အခုလို ကျွန်မတို့ ပညာရေး ၀န်ထမ်းတွေကို လစာကိုးဆ ထုတ်ချေးပေးမယ်ဆိုတော့ ၀မ်းသာမျှော်လင့်နေကြတာပါ။ ပထမကြားတာ ဆယ်ဆချေးမယ်လို့တောင် ကြားတာ။ ချေးငွေ ကြေွးကျန်တွေဆပ်ပြီး ကျေမှ ချေးမယ်လို့ ပြောတယ်။ အခု ဟိုလိုလို ဒီလိုလို မရေမရာနဲ့ဆိုတော့ ကျွန်မတို့လည်း ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား မိသိန်းကြည့် ဖြစ်နေပြီ”ဟု မချိတင်ကဲ ပြောကြားခဲ့သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “ပညာရေး၀န်ထမ်းတွေလည်း “၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား မိသိန်းကြည်” ဖြစ်နေပြီ

  1. Aung Kyaw says:

    ငွေထုပ်မချေးဘူးဆိုရင်ကျောင်းအချိန်ပိုကျေးတွေပိုတောင်းမှာနော်….

Leave a Reply

Your email address will not be published. Required fields are marked *