မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် Art Expo Malaysia 2013 ပန်းချီပွဲတော်သို့ မြန်မာနိုင်ငံမှ ပန်းချီဆရာ ငါးဦး ပါ၀င်ပြသမည်ဟု သိရသည်။ ယင်းပြပွဲကို Matrade Exhibition and Convention Centre (MECC) ခန်းမ၌ စက်တင်ဘာ ၁၉ရက်မှ ၂၂ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာပန်းချီဆရာများသည် Summit art Collection အနေဖြင့် သွားရောက်ပြသမည်ဖြစ်ကြောင်း၊ စီစဉ်သူ ပန်းချီမြင့်စိုးက မဇ္ဈိမသို့ ပြောကြားသည်။
ယင်းသို့သွားရောက်ပြသရာတွင် Summit art Collection ပိုင် ပန်းချီကားများအား အဓိကထား ပြသလေ့ရှိပြီး ၄င်းပြပွဲသို့ ပါ၀င်ပြသဖြစ်ပုံကို “ဒီပြပွဲကို နှစ်တိုင်းသွားပြ ဖြစ်ပါတယ်။ ဒါနဲ့ဆိုရင် ငါးကြိမ်မြောက် ဖြစ်သွားပါပြီ။ ၂၀၀၉ခုနှစ်က စပြဖြစ်တာပါ။ သူတို့က နှစ်တိုင်းလှမ်းဖိတ်ပါတယ်။ ဒီပွဲကို သွားပြရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ မြန်မာပန်းချီပညာရဲ့ အဆင့်အတန်းကိုလည်း ပြသချင်တယ်။ နောက်ပြီး ဒီလို Art Fair တွေမှာက နိုင်ငံတကာက ပန်းချီစုဆောင်းသူတွေ၊ ပွဲစားတွေလည်းလာတော့ အများကြီး အကျိုးရနိုင်တယ်။ တို့ဆီမှာ ဒီလိုလူတော်တွေ ရှိတယ်ဆိုတာကို ပြချင်တာလည်း ပါပါတယ်”ဟု ပန်းချီမြင့်စိုးက ပြောသည်။
အဆိုပါ ပန်းချီပြပွဲသို့ ပန်းချီကြီးမြင့်စော၊ မြင့်စိုး၊ တက်အောင်ဇော်၊ မင်းလွင်နှင့် ပန်းချီဆရာမ ၀င်းသန္တာတို့က တစ်ဦးလျှင် သုံးကားနှုန်းဖြင့် စုစုပေါင်း ပန်းချီကား ၁၅ကားကို သွားရောက် ပြသမည်ဖြစ်သည်။ ယခု ကျင်းပသော ပွဲတော််မှာ ခုနှစ်ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး၊ ပန်းချီပြခန်းပေါင်း ၆၀ပါ၀င်မည်ဖြစ်ကာ ပြင်သစ်၊ အင်္ဂလန်၊ ကနေဒါ၊ စပိန်၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်၊ ဟောင်ကောင်နှင့် ဂျပန် စသည့်နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၂၆နိုင်ငံမှ ပန်းချီလက်ရာများကို ပါ၀င်ပြသမည်ဖြစ်သည်ဟု သိရသည်။