News

မြန်မာတိုင်းမ် ရပ်ဆိုင်းရန် ဒါရိုက်တာ အဖွဲ့ဝင်အချို့ တရားရုံးသို့ လျှောက်ထား

မြန်မာတိုင်းမ် ရပ်ဆိုင်းရေးအတွက် ဒါရိုက်တာအဖွဲ့ဝင်အချို့က တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း သိရသည်။ Myanmar Consolidated Media Co., Ltd.ကို ဖျက်သိမ်းရန်နှင့် ၎င်းတိုက်မှ ထုတ်ဝေလျက်ရှိသော မြန်မာတိုင်းမ် (အင်္ဂလိပ်၊ မြန်မာ) ဂျာနယ် နှစ်မျိုးအား ရပ်ဆိုင်းရန်အတွက် ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်သည့် ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့က အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မြန်မာတိုင်းမ် ဖျက်သိမ်းရန် တောင်းဆိုထားသော ဒေါက်တာ တင်ထွန်းဦးက “ကျွန်တော်တို့အနေနဲ့ တရားရုံး အစီအစဉ်အတိုင်း သွားမှာပါ”ဟု ပြောကြားသည်။ မြန်မာတိုင်းမ်ဂျာနယ်၏ ရှယ်ယာ ၅၁ရာခိုင်နှုန်း ပိုင်ဆိုင်သော မိမိတို့နှင့် ၄၉ရာခိုင်နှုန်း ပိုင်ဆိုင်သော မစ္စတာရော့စ်ဒန်ကလေတို့အကြား ရှယ်ယာကိစ္စများနှင့် မည်သို့မျှ ညှိနှိုင်းမရတော့သဖြင့် ကုမ္ပဏီအား တရားရုံး အစီအစဉ်ဖြင့် ဖျက်သိမ်းရန် လျှောက်ထားခဲ့ရခြင်း ဖြစ်ကြောင်း ဒေါ်ခင်မိုးမိုးက ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်ဟု ဆိုသည်။

၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက်နေ့က ဒေါက်တာ တင်ထွန်းဦး၏ ဇနီးသည် ဒေါ်ခင်မိုးမိုးက ကုမ္ပဏီနှင့် မသက်ဆိုင်သူ ငါးဦးကို မြန်မာတိုင်းမ် ရုံးသို့ ခေါ်လာခြင်းနှင့် ပတ်သက်ပြီး ရော့စ်ဒန်ကလေနှင့် ဒေါ်ခင်မိုးမိုးတို့အကြား အချင်းများခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် ပြစ်မှုကြီး အမှတ် ၉၁/၂၀၁၃နှင့် ၉၂/၂၀၁၃တို့ဖြင့် ပုဂ္ဂိုလ်ရေးအရ ဖြစ်သော မကျေနပ်မှုများအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄၊ ၃၂၃နှင့် ၄၄၇၊ ၂၉၄၊ ၅၀၆တို့အရ အပြန်အလှန် တရားစွဲဆိုသည့် အမှုများရှိခဲ့သည်။

သြစတြေးလျနိုင်ငံသား မစ္စတာရော့စ်ဒန်ကလေသည် ၂၀၀၀ပြည့်နှစ်အချိန်က မြန်မာနိုင်ငံသား ရှယ်ယာရှင် ဦးမြတ်ဆွေ (ဆန်နီဆွေ)နှင့် ပူးပေါင်းပြီး မြန်မာတိုင်းမ် အပတ်စဉ် ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ၂၀၀၅ခုနှစ်၌ ဦးမြတ်ဆွေ (ဆန်နီဆွေ)နှင့် ဇနီးဒေါ်ယမင်းထင်အောင်တို့ ပိုင်ဆိုင်သည့် ရှယ်ယာများကို စွယ်စုံမီဒီယာဂရုပ်ပိုင်ရှင် ဒေါက်တာတင်ထွန်းဦးထံ လွှဲပြောင်းရောင်းချပေးရန် ရော့စ်ဒန်ကလေအား ဖိအားပေးမှုများ ရှိခဲ့သောကြောင့် လွှဲပြောင်းရောင်းချခဲ့ရကြောင်း သိရသည်။

ထိုအချိန်မှစ၍ နှစ်ဦးသဘောတူညီချက်အရ မြန်မာတိုင်းမ် စီမံခန့်ခွဲမှု အပိုင်းအား မစ္စတာ ရော့စ်ဒန်ကလေက အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၁ခုနှစ်တွင် မြန်မာတိုင်းမ်၏ အမှုဆောင်အရာရှိချုပ် တာဝန်ကို ဒေါက်တာ တင်ထွန်းဦးက ရယူခဲ့ပြီး ကုမ္ပဏီ၏ နေ့စဉ်စီမံခန့်ခွဲမှုများကို မစ္စတာရော့စ်ဒန်ကလေက တာဝန်ယူခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *