မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ဆောင်မှု ပေးလျက်ရှိသော မိုဘိုင်းလ်ဖုန်းလိုင်းများ အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကို သြဂုတ်လ ၂၆ရက်နေ့ ညနေပိုင်းမှ သြဂုတ်လ ၂၇ရက်နေ့အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“Networkတွေကျပြီး လိုင်းပြတ်တောက်မှုတွေ ဖြစ်နေတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းပို့ထားပါတယ်။ ပြုပြင်မှုတွေ ဆောင်ရွက်နေပြီး ဒီကြားထဲမှာတော့ လိုင်းပြတ်တောက်တာတွေ၊ ခေါ်ဆိုလို့ မရတာတွေ၊ Messageပို့လို့ မရတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ မနေ့ညနေကတည်းက စဖြစ်တာဖြစ်ပြီး ဒီနေ့ထိ ဖြစ်နေတုန်းပါပဲ။ ဂျီအက်စ်အမ်ဖုန်းတွေရော၊ စီဒီအမ်အေဖုန်းတွေပါ ကြုံတွေ့ရနိုင်ပါတယ်။ ခေါ်လို့ရတဲ့အခါရှိသလို ပြတ်တောက်တဲ့အခါလည်း ကြုံတွေ့ရနိုင်တာမျိုးပါ”ဟု Call Center၏ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဝန်ဆောင်မှုပိုင်းမှ သြဂုတ်လ ၂၇ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်လည်ဖြေကြားခဲ့သည်။
“မနေ့ည ၁၂နာရီလောက်ကတည်းက ဖုန်းလိုင်းတွေ ပြတ်သွားတာ နေ့လယ် ၁နာရီအထိပဲ။ ဆက်တိုက် ပြတ်တောက်သွားတာမျိုး မဟုတ်ပဲ ရလိုက် မရလိုက်ဖြစ်နေတာမျိုးပါ။ ၄၂နဲ့စတဲ့ ဖုန်းတွေမှာ အဖြစ်များပြီး ၃၁နဲ့စတဲ့ ဖုန်းတွေလည်း ဖြစ်ကြတယ်လို့ ကြားရတယ်”ဟု Network Operator တစ်ဦးက ပြောကြားသည်ဟု သိရသည်။