Skypeလိုမျိုး “Video Conferencing App”တွေဟာ ေ၀းကွာနေတဲ့ သူငယ်ချင်း၊ မိသားစု၊ ဆွေမျိုး စတဲ့လူတွေနဲ့ စကားပြောတဲ့အခါမှာ တစ်ယောက်ချင်း တွေ့ဆုံနိုင်တဲ့အတွက် သီးသန့် ဖြစ်စေပါတယ်။ ကောင်းကျိုးတွေ များစွာရှိပေမယ့် Video Callတွေရဲ့ အဓိကပြဿနာ တစ်ရပ်က ဘာလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောတဲ့ အခါမှာ မျက်လုံးချင်း မဆုံတာပါပဲ။ ဒီအချက်ဟာ တကယ်ပဲ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ သင်က ဒီဘက်မှာ သင့်ကိုစကားပြော နေတဲ့လူရဲ့ မျက်နှာ၊ မျက်လုံးကို သေချာကြည့်ပြီး ပြောတာ ဖြစ်ပေမယ့် ဟိုဘက်မှာ သွားပေါ်မှာ သင့်ရဲ့ပုံကတော့ တစ်ဖက်လူနဲ့ သေချာမျက်နှာချင်း ဆိုင်တဲ့ပုံစံ ဖြစ်မှာ မဟုတ်ပါဘူး။ ဒါဟာများသောအားဖြင့် ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Web Camဟာ အသုံးပြုတဲ့သူထက် နိမ့်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
Skype, VZOစတဲ့ ဗီဒီယို ခေါ်ဆိုမှုတွေကို သုံးဖူးတဲ့သူတိုင်း ဒါကိုကြုံဖူး ကြမှာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာရှိတဲ့ ကွန်ပျူတာဂရပ်ဖစ် စမ်းသပ်ခန်းကနေ နည်းပညာအသစ် တစ်ခုကို ရှာဖွေခဲ့ပါတယ်။ Video Callတွေမှာ ပေါ်တဲ့လူတွေရဲ့ မျက်နှာအနေအထားကို အဆင်ပြေအောင် ဖန်တီးပြုပြင်ပေးတဲ့ Softwareတစ်ခု တီထွင်ခဲ့တာ ဖြစ်ပြီး ရလဒ်ကတော့ အံ့အားသင့်ဖွယ် ကောင်းမွန်နေပါတယ်။ အခု စီးပွားရေးလုပ်ငန်းကြီး တွေမှာသာ သုံးစွဲနိုင်ပြီး မကြာခင်တော့ Userတွေဆီကို ရောက်လာနိုင်ပါတယ်။
အဆိုပါ Softwareကို အသုံးပြုမယ် ဆိုရင်တော့ “Depth Sensor”တွေ ပါ၀င်တဲ့ Web Camကို တပ်ဆင်မှသာ Softwareက အလုပ်လုပ်မှာ ဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်ထဲက Web Camအများစုဟာ Depth Sensorမရှိကြ ပါဘူး။ ဈေးကြီးတာကြောင့်လည်း ပါတာပေါ့။ ဒါပေမယ့်လည်း သိပ်တော့ စိတ်မပူပါနဲ့ဗျာ။ တီထွင်ဖန်တီးတဲ့ သူတွေက ဒီလောက်ကောင်းတဲ့ Softwareကို စံချိန်စံညွှန်းမီတဲ့ ဘယ်Webcamနဲ့ မဆို အသုံးပြုနိုင်အောင် ကြိုးစားလုပ်ဆောင်နေကြ ပါတယ်။ ရေမြေခြားနေတဲ့ ချစ်သူတွေ၊ အေ၀းရောက်နေတဲ့ မိသားစုတွေ အများဆုံး သုံးကြတဲ့ ဗီဒီယိုခေါ်ဆိုမှုမှာ မျက်လုံးချင်းဆုံဖို့ ဆိုတာ အရေးကြီးတဲ့ အချက်ပဲ မဟုတ်ပါလားဗျာ။