သြဂုတ်လ ၂၆ရက်ကို နိုင်ငံတော်ဘာသာနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ကြရန် တိုက်တွန်း နှိုးဆော်မှုများကို မြိတ်မြို့တွင် သြဂုတ်လ ဒုတိယအပတ်မှ စတင်၍ ရပ်ကွက်နှင့် ကျေးရွာ အသီးသီး၌ ပြုလုပ်နေကြသည်ဟု သိရသည်။
လက်ဖက်ရည်ဆိုင်များ နေအိမ်များတွင် နှိုးဆော်စာများ လိုက်လံဝေငှခြင်း လူစည်ကားသည့် နေရာများတွင် လိုက်လံ နှိုးဆော်ခြင်းများ ပြုလုပ် နေကြသည်ကိုလည်း တွေ့ရသည်။ အဆိုပါ နေရာများ၌ နှိုးဆော်နေကြသည့် စာများတွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အတည်ပြု ပြဌာန်းခဲ့သည့် ၅၂နှစ်မြောက် အဖြစ် နိုင်ငံတော် ဘာသာနေ့ အခမ်းအနားများ ပြုလုပ်ကြရန် တိုက်တွန်း ရေးသားထားကြောင်း သိရသည်။
ထို့အပြင် ၎င်းနှိုးဆော်စာများတွင် ယဉ်ကျေးသောဘာသာတရား၏ အဆုံးအမများကို လိုက်နာ၍ ကုသိုလ်ကောင်းမှုများ ဆောင်ရွက်ကြရန်၊ ဗုဒ္ဓဘာသာဝင်များ၏ ညီညွတ်သော စိတ်ဓာတ်အင်အားကို မေတ္တာတရားဖြင့် တည်ဆောက်၍ ဘာသာအချင်းချင်း လေးစားသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်းလည်း ရေးသားထားသေးသည်ဟု ဆိုသည်။ နိုင်ငံတော် ဘာသာနေ့ အခမ်းအနားကို သြဂုတ် ၂၅မှ ၂၇အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုနေ့များတွင် သာသနာ့အလံများ လွှင့်ထူခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ အလှူများပြုလုပ်ခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့ပေးခြင်း၊ တရားပွဲများ ပြုလုပ်ခြင်း တို့ကို မြိတ်မြို့ခံများက ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ယခင်ပါလီမန် ဒီမိုကရေစီခေတ် ဝန်ကြီးချုပ် ဦးနု အစိုးရအုပ်ချုပ်စဉ်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အစိုးရမှ ယင်းကဲ့သို့ နိုင်ငံတော်ဘာသာ ပြဌာန်းသည်ကို ပါလီမန်အတွင်း၌ ကန့်ကွက်မှုများလည်း ရှိခဲ့ကြသည်။
Thz 4 news
အလွန်ကောင်းမွန်တဲ့…အစီအစဉ်ပါ..ခင်ဗျာ…အားပေးပါတယ်..နော်
ကောင်းလိုက်တဲ့စိတ်ကူးပါ ဂုဏ်ပြုပါတယ်