McWill အင်တာနက်ဖုန်းလိုင်းများ ဝယ်ယူတပ်ဆင်ရာတွင် ကျသင့်သော ကုန်ကျစရိတ် ကြွေးမြီ ကျပ်သန်းပေါင်း ရှစ်ထောင့် ခုနှစ်ရာကျော်ကို ရတနာပုံတယ်လီပို့ဘက်မှ ပြန်လည် ပေးဆပ်မည်ဟု ယုံကြည်ကြောင်း McWill အင်တာနက် ဖုန်းတစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော အေးချမ်းမေတ္တာ ကုမ္ပဏီမှ အကြံပေး ဒေါ်အေးအေးလွင်က ပြောကြားသည်။ “အတိုးတက်ခံပြီး မပေးပဲ နေတာထက် ပေးလိုက်တာ ပိုကောင်းပါတယ်။ ပိုက်ဆံကိစ္စ ရှင်းပြီးသွားရင် BTSတာဝါတိုင်တွေ ချဲ့ပြီးလိုင်းတွေ တိုးချဲ့ဖို့ ဆက်ပြီး ညှိမယ်”ဟု ဆိုသည်။
ရတနာပုံတယ်လီပို့က တရုတ်ကုမ္ပဏီ Xinwei၏ တရားဝင်ကိုယ်စားလှယ် လွှဲစာရရှိထားသော အေးချမ်းမေတ္တာကုမ္ပဏီသို့ ၂၀၁၂ခုနှစ်စာရင်းများအရ ကျပ်သန်းပေါင်း ၆၈၆၄ဒသမ ၇၂၉ပေးအပ်ရန် ရှိနေပြီး ယခုနှစ်သြဂုတ်လအထိ တွက်ချက်မည်ဆိုပါက ကျပ်သန်းပေါင်း ရှစ်ထောင့်ခုနှစ်ရာခန့် ရှိနေပြီဖြစ်ကြောင်း အေးချမ်းမေတ္တာ ကုမ္ပဏီမှ CEO ဦးဇော်ဝင်းက ပြောကြားသည်။ ရတနာပုံ တယ်လီပို့ ကုမ္ပဏီသည် McWill အင်တာနက်ဖုန်းလိုင်းများ ဝယ်ယူတပ်ဆင်ထားရာတွင် ကျသင့်သော ကုန်ကျစရိတ် ကြွေးမြီများကို ၂နှစ်ကျော် ကြာသည့်တိုင်အောင် ပေးချေခြင်း မရှိသေးသောကြောင့် Xinwei ကုမ္ပဏီနှင့် အေးချမ်းမေတ္တာ ကုမ္ပဏီက နေ့စဉ်ထုတ် သတင်းစာများမှတစ်ဆင့် အသိပေးခဲ့ကြောင်း အေးချမ်းမေတ္တာကုမ္ပဏီထံမှ သိရသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌနှင့် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီသို့ ၂၀၁၂ အောက်တိုဘာလတွင် တိုင်ကြားစာ ပေးပို့ခဲ့ပြီး အဆိုပါကော်မတီက ပြန်လည်ပေးချေရန် အကြောင်းစာ ပြန်လည်ပေးပို့ခဲ့သည်ဟု အေးချမ်းမေတ္တာကုမ္ပဏီထံမှ သိရသည်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီဘက်မှ ငွေပေးချေရန် အသင့်ရှိပြီး အေးချမ်းမေတ္တာကုမ္ပဏီမှ ဦးဇော်ဝင်းနှင့် ညီအကိုအရင်းဖြစ်သော FISCAကုမ္ပဏီပိုင်ရှင် ဦးဇော်ဝိတ် တို့သည် မိသားစုဝင် အချင်းချင်း၊ အပြန်အလှန် တရားစွဲဆိုမှုများ ရှိနေကာ ငွေပေးချေမှုကို ဦးဇော်ဝိတ်က ကန့်ကွက်ထားသည့်အတွက် ယခုကဲ့သို့ ငွေပေးချေမှု မဆောင်ရွက်နိုင်ခြင်း ဖြစ်သည်ဟု ရတနာပုံ တယ်လီပို့ဘက်က ဆိုကြောင်း ကော်မတီ၏ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၄ရက်စွဲဖြင့် ပြန်ကြားသော တင်ပြစာတွင် ဖော်ပြထားသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် McWill အင်တာနက် ဖုန်းလိုင်းများကို ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့တို့အပါအဝင် တိုင်းဒေသကြီး ၁၀ခုရှိ မြို့နယ်၂၆ခုတွင် Base Transceiver Station (BTS) ၅၄ခု တပ်ဆင်ထားပြီး ရန်ကုန်မြို့ တိုးကြောင်ကလေးနှင့် မန္တလေးမြို့တို့တွင် Mobile Switching Center (MSC) တစ်ခုစီ တည်ဆောက် ထားသည်။ မြန်မာနိုင်ငံ၏ အဓိကအင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော ရတနာပုံတယ်လီပို့ ကုမ္ပဏီသည် လက်ရှိတွင် အများပိုင် ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲထားပြီး ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးပါက ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီလည်း ဖြစ်သည်ဟု သိရပါသည်။
15သိန်းတန်ဖုန်း၅၃၃၃၃လုံးရောင်းရုံနဲ့ကျေတဲ့ဟာ၊ဘာလို့လဲမသိ