အချမ်းသာဆုံး တရုတ်အမျိုးသမီး သရုပ်ဆောင်စာရင်းတွင် ကျန်းကျိရီက ဝင်ငွေဒေါ်လာ ၁၉ဒသမ ၆သန်းဖြင့် ထိပ်ဆုံးနေရာတွင် ဖော်ပြခံခဲ့ရသည်ဟု သိရသည်။ ဒါရိုက်တာအန်းလီ၏ Crouching Tiger, Hidden Dragon ဇာတ်ကားမှတစ်ဆင့် နာမည်ကျော်ကြားခဲ့သော ကျန်းကျိရီသည် Housing of Flying Daggers, Memoirs of A Geisha စသည့်ဇာတ်ကားများ အပါအဝင် ဇာတ်ကားများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် ဖြန့်ချိခဲ့သည့် ကျန်းကျိရီ၏ The Grandmaster ဇာတ်ကားကို သြဂုတ်လ ၁၃ရက်နေ့က ပြသခဲ့ပြီး ယင်းဇာတ်ကားပြသမှုသို့ ကျန်းကျိရီနှင့် တိုနီလျန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ၁၉၉၀ပြည့်လွန် နှစ်များတွင် ကျော်ကြားခဲ့သည့် သရုပ်ဆောင် မက်ဂီချွမ်သည် ဝင်ငွေဒေါ်လာ ၁၇သန်းကျော်ဖြင့် အချမ်းသာဆုံး တရုတ်အမျိုးသမီး စာရင်း၏ ဒုတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။ ချွမ်သည် ပြီးခဲ့သည့်နှစ်များအတွင်း ဇာတ်ကားရိုက်ကူးမှု နည်းပါးခဲ့သဖြင့် ဝင်ငွေကျဆင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Memoirs of A Geisha ဇာတ်ကားတွင် ကျန်းကျိရီနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် ဂေါင်းလီသည် ဝင်ငွေ ဒေါ်လာ၁၄သန်းကျော်ဖြင့် ယင်းစာရင်း၏ တတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။ဂေါင်းလီသည်လည်း ယခင်နှစ်များအတွင်း ဇာတ်ကားရိုက်ကူးမှု နည်းပါးခဲ့သဖြင့် ဝင်ငွေလည်းကျဆင်းခဲ့ခြင်း ဖြစ်သည်။ တရုတ် ပြည်မကြီး ဟောင်ကောင်နှင့် ထိုင်ဝမ်အခြေစိုက် တရုတ်အမျိုးသမီး သရုပ်ဆောင်များ၏ ကြော်ငြာ ရိုက်ကူးမှု၊ သီချင်းသီဆိုမှု၊ ဇာတ်ကားရိုက်ကူးမှုမှ ရရှိသည့် ဝင်ငွေနှင့် မီဒီယာတွင် ဖော်ပြခံရမှုများကို အခြေခံပြီး အချမ်းသာဆုံး အမျိုးသမီး စာရင်းအား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ဟူနန်ရုပ်သံတွင် ဖော်ပြခဲ့သည်။ ၎င်းစာရင်း၏ ထိပ်တန်း ၁၀ဦးစာရင်းတွင် ကရီနာလျှု၊ Cecilia Cheung၊ ရူဘီလင်းနှင့် ရှုကျိတို့လည်း ပါဝင်ကြကြောင်း သိရပါသည်။