News

ဆီးရီးယား ပြည်တွင်းစစ်က အမေရိကန် လုံခြုံရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်ကြောင်း CIA ဒုညွှန်မှူးပြော

ဆီးရီးယားသည် အစိုးရအဖွဲ့ ပြုတ်ကျနိုင်မှုနှင့် အယ်ကေဒါများအတွက် လက်နက်အများအပြား ရစေမည့် နိုင်ငံဖြစ်လာနိုင်သောကြောင့် ဆီးရီးယား ပြည်တွင်းစစ်သည် အမေရိကန် လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်ကြောင်း၊ စီအိုင်အေ ဒုတိယ ညွှန်ကြားရေးမှူး မိုက်ကယ်မိုရေးက သြဂုတ်လ ၆ရက်နေ့တွင် ထုတ်ဝေခဲ့သည့် ဝေါစထရိ ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခဲ့သည်ဟု သိရသည်။
မိုရေးသည် စီအိုင်အေတွင် ၃၃နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး မကြာမီ အနားယူတော့မည့်သူ ဖြစ်သည်။

ဆီးရီးယားနိုင်ငံတွင်းသို့ ပြည်ပနိုင်ငံများမှ တိုက်ခိုက်ရေးသမားများ ဝင်ရောက်ကာ အယ်ကေဒါနှင့် ဆက်နွှယ်သည့် အုပ်စုများနှင့် ပူးပေါင်းလျက်ရှိရာ အီရတ်စစ်ပွဲ အပြင်းထန်ဆုံး ကာလအတွင်း အယ်လ်ကေဒါတို့နှင့် ပူးပေါင်းသည့် အရေအတွက်ထက် ပိုများနေကြောင်း၊ လစ်ဗျားခေါင်းဆောင်ဟောင်း မွမ်မာကဒါဖီ အစိုးရ ပြုတ်ကျခဲ့စဉ်ကာလကကဲ့သို့ပင် ဆီးရီးယား အစိုးရ၏ လက်နက်များသည် အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် အခြေအနေသို့ ရောက်ရှိတော့မည် ဖြစ်ကြောင်း မိုရေးက ပြောကြားသည်။

“သမ္မတ ဘာရှားအယ်လ်အာဆတ် ရာထူးက ပြုတ်ကျတော့မယ့် အလားအလာ ရှိနေတာကြောင့် ဆီးရီးယား စစ်ပွဲဟာ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး ပြဿနာတစ်ရပ် ဖြစ်နေပါတယ်”ဟု ၎င်းက ပြောကြားသည်။ ဆီးရီးယားနိုင်ငံ မတည်ငြိမ်မှုများသည် အိမ်နီးချင်း လက်ဘနွန်၊ ဂျော်ဒန်နှင့် အီရတ်နိုင်ငံများသို့ ပျံ့နှံ့သွားဖွယ် ရှိကြောင်း၊ ဆီးရီးယားပြီးနောက် စိုးရိမ်စရာ အကောင်းဆုံး ပြဿနာများမှာ အီရန်၊ အယ်လ်ကေဒါတို့၏ ခြိမ်းခြောက်မှု၊ မြောက်ကိုရီးယားနှင့် ဆိုက်ဘာစစ်ပွဲတို့ ဖြစ်ကြောင်း၊ အမေရိကန် အနေဖြင့် ပါကစ္စတန်နှင့် အာဖဂန် နစ္စတန်တို့ရှိ အယ်လ်ကေဒါတို့၏ အန္တရာယ်ကို အရှိန်အဟုန်ဖြင့် လျှော့ချနိုင်ပြီဖြစ်သော်လည်း ၎င်းတို့၏ အိုင်ဒီရော်လော်ဂျီနှင့် ကမ္ဘာအနှံ့ရောက်ရှိမှုများတွင် အောင်မြင်မှုများ ရရှိနေကြောင်း မိုရေးက ပြောကြားခဲ့သည်။

ရာထူးမှ အနားယူရတော့မည့် မိုရေး၏ နေရာတွင် အိမ်ဖြူတော် ရှေ့နေတစ်ဦးဖြစ်သူ အသက် ၄၃နှစ်အရွယ် အေဗရွိုင်ဟိုင်းစ်က အစားထိုး တာဝန်ယူမည်ဖြစ်ကြောင်း သိရပါသည်။ အယ်လ်ကေဒါတွေရဲ့ လက်ထဲကို ဆီးရီးယား လက်နက်တွေ ဒါမှမဟုတ် အတိုက်အခံတွေကို အမေရိကန်က ထောက်ပံ့ပေးနေတဲ့ လက်နက်တွေသာ ရသွားမည် ဆိုလျှင်တော့ မြင်းကို ဂျိုတပ်ပေးသလို ဖြစ်သွားမှာ အသေအချာပင် ဖြစ်ပေတော့သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *