ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ကလေးသူငယ်များအား အကြမ်းဖက်မှု တိုက်ဖျက်ရာတွင် ပိုမိုပူးပေါင်း ပါဝင်ကြရန် နိုင်ငံသူ နိုင်ငံသားများ၊ အမတ်များနှင့် အစိုးရများအား သြဂုတ်လ ၅ရက်နေ့က တိုက်တွန်းထားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
ကလေးငယ်များအပေါ် တိုက်ခိုက်မှုများမှာ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလတွင် အသက် ၁၄နှစ်အရွယ် မာလာလာအား ပါကစ္စတန်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့မှု နယူးတောင်းတွင် တပည့်အရွယ် ကလေးငယ် ၂၆ဦးအား သေနတ်နှင့် ပစ်ခတ်ခဲ့မှု၊ အိန္ဒိယနှင့် တောင်အာဖရိကတွင် ၂၀၁၃ခုနှစ်က ကလေးများအား တိုက်ခိုက်ခဲ့ခြင်းများကို ထောက်ပြပြောဆိုထားသည်ဟု သိရသည်။
နိုင်ငံတိုင်းလိုလိုတွင် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ ရှိနေကြောင်း၊ မိမိတို့ အနေဖြင့် မဖြစ်ပွားစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းကြရန်လိုကြောင်း၊ ယူနီဆက်ဖ် အမှုဆောင် ဒါရိုက်တာ အန်ထော်နီက ပြောကြားခဲ့သည်။ ထိုကဲ့သို့ အကြမ်းဖက်မှုများတွင် အသက် (၁၈)နှစ်အောက် အမျိုးသမီး သန်း ၁၅၀နှင့် ယောကျာ်းလေး ၇၃သန်းတို့မှာ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမှုများ ခံနေရပြီး ကလေးငယ် ၁ဒဿမ ၂သန်းမှာ လူကုန်ကူးမှု ခံနေရကြောင်း၊ အိုင်အယ်လ်အို၏ အစီရင်ခံစာအရ သိရသည်ဟု ဆိုပါသည်။
ကမ္ဘာပေါ်တွင် ကလေးသူငယ်များအား အကြမ်းဖက်မှုနှင့် ပတ်သက်၍ အိုင်အယ်လ်အိုက ထုတ်ပြန်ထားသော အထက်ပါ ကိန်းဂဏန်းများအရ ကြောက်ဖွယ်လိလိ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ အကြမ်းဖက်မှုများကို နိုင်ငံတော် အစိုးရများ၊ ပြည်သူ ပြည်သားများက ပူးပေါင်း ပါဝင်တိုက်ဖျက်ကြရန် ထပ်လောင်း၍ တိုက်တွန်းအပ်ပါသည်။