ကိုရီးယားသို့ EPS စနစ်ဖြင့် သွားရောက် လုပ်ကိုင်သည့် လုပ်သားများသည် တစ်လလျှင် လစာဝမ် ၁၁သိန်းခန့် ရရှိတော့မည် ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ သတင်းရရှိသည်ဟု 7 Day Dailyတွင် ဖော်ပြထားသည်။ ကိုရီးယားနိုင်ငံတွင် EPS စနစ်ဖြင့် လာရောက်လုပ်ကိုင်သော နိုင်ငံပေါင်း ၁၅နိုင်ငံရှိ လုပ်သားများအား လုပ်ခလစာ တိုးမြှင့်ပေးရန် ၎င်းနိုင်ငံရှိ အနည်းဆုံး အခကြေးငွေ ကော်မတီမှ မဲခွဲ ဆုံးဖြတ်ခဲ့ရာ အများစုက လက်ခံခဲ့ကြောင်း သိရသည်။
“EPSနဲ့ သွားတဲ့ အလုပ်သမားတွေကို ကိုရီးယားဘက်က လစာ တိုးမြှင့်ပေးဖို့ရှိတယ်။ အရင်က တစ်နာရီကို ဝမ် ၄၈၅၀ (မြန်မာငွေ ၁ကျပ်လျှင် ကိုရီးယား ဝမ် ၁.၁၄ဝမ် ရှိသည်)ဆိုရင် အခုနောက်ပိုင်း ဝမ်ငါးထောင်ကျော်လောက် ပေးဖို့ ရှိတယ်”ဟု ယင်းအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က ပြောသည်ဟု ဆိုသည်။ လစာနှုန်းထား ရရှိမှုနှင့် ပတ်သက်၍ လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ သွားရောက် လုပ်ကိုင်လျက် ရှိသော လုပ်သားများကို တစ်လလျှင် ဝမ်ဆယ်သိန်း ရှစ်ထောင်ခန့် ရရှိပြီး လစာတိုးမြှင့်ပေးပါက တစ်လလျှင် ဝမ် ၁၁သိန်းခန့် ရရှိမည် ဖြစ်ရာ လက်ရှိ တစ်နာရီ ဝမ် ၄၈၅၀မှ ဝမ် ၃၀၀မှ ၅၀၀အထိ ထပ်ပေါင်း ပေးမည်ဟုဆိုခြင်း ဖြစ်သည်။
သို့ရာတွင် လစာနှုန်း သတ်မှတ်ချက် အပါအဝင် ပြောင်းလဲ သတ်မှတ်ပေးမည့် ရက်အတိအကျကို လက်တလော သိရှိခြင်း မရှိသေးကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ သိရသည်ဟု ဆိုသည်။ ၎င်းအပြင် EPS စနစ်ဖြင့် ကိုရီးယားသို့ သွားရောက် လုပ်ကိုင်မည့် မြန်မာအလုပ်သမားများကို အစိုးရဌာနမှ အထွေထွေစရိတ်အဖြစ် ဝန်ဆောင်ခ ကျပ်တစ်သိန်း နှစ်သောင်း ကောက်ခံလျက် ရှိရာ လေယာဉ်လက်မှတ်ခနှင့် ဗီဇကြေးအတွက် မိမိကိုယ်တိုင် အကုန်အကျခံရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း မြင့်တက်လျက် ရှိသောကြောင့် ယခင်က ဝန်ဆောင်ခအဖြစ် လေယာဉ်ခနှင့် ဗီဇကြေး အပါအဝင် ကျပ်ငွေ ခြောက်သိန်းခွဲ ကောက်ခံခဲ့ကြောင်း သိရသည်။
Ref : 7 Day Daily