Genre – Fantasy, Slice of Life
No. of Episodes – 12
Studio – Production I.G
Score – 2.5 out of 5
Shining Hearts: Shiawase no Pan (English အမည်- Shining Hearts: Bread of Happiness) ဟာ 2012 အတွင်း ထွက်ရှိထားတဲ့ Animation Series သစ် ဖြစ်သလို Sega ရဲ့ Role Playing Games (RPG)series ဖြစ်တဲ့ “Shining” Video Game Series တွေထဲက PSP မှာထွက်ရှိထားတဲ့ Shining Hearts ကို မှီငြမ်းထားသော ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ Shining Hearts Anime Series မတိုင်ခင်ကတော့ Shining Tears နှင့် Shining Wind ဂိမ်းတွေကို မှီငြမ်းထားတဲ့ Shining Tears X Wind ဆိုတဲ့ Animation Series ထွက်ရှိဖူးပြီး Shining Tears X Wind ကတော့ Action ပိုင်း ပိုအသားပေးထားတဲ့ ဇာတ်လမ်းဖြစ်ပြီး Shining Hearts ကတော့ သူ့ရဲ့ Video Game Gameplay ကိုက အေးအေးဆေးဆေး ကစားရတဲ့ပုံစံ ဖြစ်တဲ့အတွက်ကြောင့် TV Series ဟာလည်း Fantasy နှင့် Drama အမျိုးအစား ဇာတ်လမ်းဖြစ်နေတာ တွေ့ရမှာပါ။ RPG ဂိမ်းကို မှီငြမ်းထားတာထက် Visual Novel ဂိမ်းကို မှီငြမ်းထားတဲ့ ဇာတ်လမ်းပုံစံမျိုး ဖြစ်နေပါတယ်။
Shining Hearts ရဲ့ အဓိက ထူးခြားချက်တွေကတော့ ချစ်ဖို့ကောင်းသလို စွဲဆောင်မှုလည်းရှိတဲ့ ဇာတ်ကောင်တွေကို ဖန်တီးနိုင်တဲ့ နာမည်ကြီး Dating Sims နှင့် Eroge Character Designer ဖြစ်တဲ့ Tony Taka ရဲ့ ဇာတ်ကောင်ဒီဇိုင်းတွေ ပါဝင်တဲ့အပြင် ဝါရင့် animation studio ဖြစ်တဲ့ Production I.G ကရေးဆွဲပေးထားတဲ့ အချက်တွေပါပဲ။ Shining Hearts: Shiawase no Pan ရဲ့ အဓိကဇာတ်ကောင် Rick ဟာ Wyndaria ကျွန်းပေါ်ကို သောင်တင်လာတဲ့ အတိတ်မေ့နေသူ တစ်ယောက်ဖြစ်ပြီး Amil၊ Airy နှင့် Neris အမည်ရ ကောင်မလေး သုံးယောက်ရဲ့ ကယ်တင်ခြင်း ခံရပြီးချိန်မှာတော့ Le Coeur ပေါင်မုန့်ဆိုင်ရဲ့ မုန့်ဖုတ်သူ baker တစ်ယောက်အဖြစ် ဝင်ရောက် လုပ်ကိုင်ဖြစ်ပုံနှင့် ဇာတ်လမ်း စထားပါတယ်။ ဇာတ်ကောင်များစွာ ပါဝင်သလို နာရီ(၈၀)နီးပါး ကစားရတဲ့ Video Gameကို မှီငြမ်းထားတဲ့အတွက် ဂိမ်းထဲကလောက် ဇာတ်ကောင်နှင့် ဇာတ်လမ်းဇာတ်ကွက်တွေ အများကြီး မပါဝင်ဘဲ Airy တို့ရဲ့ ပေါင်မုန့်ဆိုင်နှင့် သူတို့ နေ့စဉ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို အဓိက တင်ဆက်ထားတာ တွေ့ရပါတယ်။
အခြားအရေးပါတဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Rick ကဲ့သို့ ပင်လယ်ထဲမှ မျှောပြီး Wyndaria ကျွန်းပေါ် သောင်တင်လာတဲ့ Kaguya၊ ကြောင်မလေး Xiao Mei နှင့် စုန်းမလေး Melty တို့ကတော့ ပေါင်မုန့်ဆိုင်က ဇာတ်ကောင်တွေလောက် Screen Time သိပ်မရတာ တွေ့ရပါတယ်။ ဇာတ်လမ်း တစ်ဝက်လောက်ကတော့ နည်းနည်းအေးပြီး ဇာတ်လမ်းပြီးခါနီးမှာ တိုက်ခိုက်ခန်းလေးတွေ အနည်းငယ် ပါဝင်လာသလို Production I.G ရဲ့ ထုံးစံအတိုင်း Action Scene တွေကတော့ Animationပိုင်း အရည်အသွေး အလွန်ကောင်းမွန်တာ တွေ့ရမှာပါ။ Designer Tony Taka ရဲ့ ဇာတ်ကောင်နှင့် အဝတ်အစား ဒီဇိုင်းတွေက ကောင်မလေးတွေ တစ်ယောက်နှင့် တစ်ယောက် ပုံစံ ကွဲပြားပြီး ကြည့်ကောင်းပေမဲ့ ဇာတ်ကောင် စရိုက်ပိုင်းကတော့ မျှော်မှန်းထားသလောက် ထူးခြားမှုမရှိဘဲ သမားရိုးကျ Stereotype ဇာတ်ကောင်တွေ များနေတာ တွေ့ရပါတယ်။ Shining Hearts ဟာ Video Game ဇာတ်လမ်းတွေကို မှီငြမ်းထားတဲ့ Shining Tears X Wind၊ Valkyria Chronicles နှင့် Persona 4: The Animation တို့လောက် စွဲဆောင်မှု မရှိပေမဲ့ အေးအေးဆေးဆေး Fantasy ဇာတ်လမ်းလေးတွေ ကြည့်ချင်တဲ့ ပရိသတ်အတွက် သင့်တော်မယ့် Anime Series တစ်ခု ဖြစ်ပါတယ်။