ကာတွန်းဆရာကြီး ဦးအောင်ရှိန်၏ (၈၅)နှစ်မြောက် မွေးနေ့အလှူကို ဒဂုံမြို့နယ် ရွှေတိဂုံ ဘုရားလမ်းရှိ ကျားကူးဗိမာန်ကျောင်းတိုက်၌ သြဂုတ်လ ၂၅ရက်နေ့ နံနက် ၁၀နာရီက ပြုလုပ်ရာ ကာတွန်းဆရာများ တက်ရောက်ကြသည်ဟု သိရသည်။ “အခုလို မွေးနေ့အလှု ကျင်းပတာက ဖေဖေက အသက်ကလည်း ကြီးနေပြီဆိုတော့ အမှတ်တရလေး ဖြစ်သွားအောင်လို့ပါ”ဟု ကာတွန်းဆရာကြီး ဦးအောင်ရှိန် ကိုယ်စား သမီးဖြစ်သူ မနီနီအောင်ရှိန်က ပြောသည်ဟု ဆိုသည်။
ကာတွန်းဆရာကြီး ဦးအောင်ရှိန်သည် ပြည်သူ့အကျိုးပြု စာပေနှင့် ဆောင်းပါး သရုပ်ဖော်ပုံများကို ရေးဆွဲရာတွင် ကလောင်အမည် “အောင်ရှိန်”ဖြင့် ရေးသားခဲ့ကြောင်း၊ မြန်မာ့အလင်းသတင်းစာ၊ ဗမာ့ခေတ် သတင်းစာ၊ မြဝတီမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း၊ လုံမလေးမဂ္ဂဇင်း၊ ရှေ့သို့စာစောင်၊ မျက်ရှုစာစောင်၊ မင်္ဂလာမောင်မယ်၊ မြက်ခင်းသစ်နှင့် ရတနာပန်းခင်းရုပ်စုံမဂ္ဂဇင်းတို့တွင် ကာတွန်းနှင့် လုံးချင်းများစွာ ရေးဆွဲခဲ့ကြောင်း၊ ဆရာကြီး ဦးဘဂျမ်းနှင့် ဦးဟိန်စွန်းတို့ထံ၌ ဦးစွာ ကာတွန်းပညာ သင်ယူခဲ့ကြောင်း၊ ၁၉၄၉ခုနှစ်မှစ၍ မြန်မာ့အလင်း သတင်းစာတွင် ကာတွန်းများ စတင်ရေးဆွဲခဲ့ကြောင်းနှင့် ယနေ့အထိ တစ်ဦးတည်း ကျန်ရစ်သော သက်တော်ရှည် ကာတွန်းဆရာကြီး တစ်ဦးဖြစ်သည်ဟု သိရသည်။
အဆိုပါ ဆရာကြီး ဦးအောင်ရှိန်၏ မွေးနေ့အလှူသို့ ကာတွန်းဆရာကြီးများဖြစ်ကြသည့် ကာတွန်းရွှေမင်းသား၊ ငွေကြည်၊ မြေဇာ၊ မောင်မောင်၊ မြဦး (ပေစိ)၊ ရွှေထူး၊ မောင်မောင်ညှက်၊ ဆန်းထွန်း၊ သစ်ထွဏ်း၊ မောင်မောင်အောင်၊ အောက်တိုဘာ အောင်ကြီး၊ ပန်းချီကျော်သောင်း၊ ပန်းချီမျိုးတင့် စသည့် ကာတွန်းဆရာနှင့် ပန်းချီဆရာများ တက်ရောက်ကြပြီး ကာတွန်းဆရာကြီး ဦးအောင်ရှိန်ကို ကန့်တော့ငွေကျပ် တစ်သိန်းကျော်ဖြင့် စုပေါင်းကန်တော့ကြသည်ဟု သိရသည်။
ကာတွန်းဆရာကြီး ဦးအောင်ရှိန်ကို ၁၉၂၈ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့တွင် အဖဦးမောင်ကွန်းနှင့် အမိ ဒေါ်သန်းရင်တို့က ပုသိမ်မြို့တွင် မွေးဖွားခဲ့ပြီး၊ ၁၉၄၉ခုနှစ်မှ၍ ကာတွန်းလောကသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ဆိုင်းထိုးရာတွင် အိမ်မြှောင်လေးတစ်ကောင် အမှတ်အသားဖြင့် ကာတွန်းအောင်ရှိန်၏ ရှံစားနဲ့ ဒိန်းဒေါင်၊ ဦးစိတ်တိုနဲ့ မျောက်ညို၊ ဦးကပ်စေးနဲ့တူ ခင်မောင်သိန်းထွန်းဝင်း၊ ကြာဇံ-ခင် စသည့် ကာတွန်းဇာတ်လမ်းများသည် ကလေးများ အလွန်နှစ်သက်ကြသော ကာတွန်းများ ဖြစ်သည်။ “ခင်” နှစ်ကွက်ပါ ကာတွန်းတွင် ခင်၏ အန်တီလုပ်သူ၏ “နမူနာပါပဲတော်”ဆိုသည့် စကားလေးကလည်း ကာတွန်း ဝါသနာရှင် လူငယ်လူကြီးတို့ကြားတွင် အသုံးတွင်ခဲ့သည်။ ယခုကဲ့သို့ သက်တော်ရှည် ကာတွန်းဆရာကြီးအဖြစ် မြင်တွေ့ရသဖြင့် ဝမ်းသာရပါကြောင်းနှင့် နောက်ထပ်လည်း ကျန်းမာချမ်းသာစွာဖြင့် သက်တော်ရာကျော် ရှည်ပါစေကြောင်း ပုသိမ်သားဖြစ်သူ တစ်ဦးအနေဖြင့် ဆုတောင်းပေးလိုက်ရပါသည်။