ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်ကို သိနိုင်တဲ့ တစ်ခုတည်းသော မှန်ကန်တဲ့ နည်းလမ်းက တတိယကမ္ဘာစစ်ပါပဲ။ တောင်တရုတ်ပင်လယ်မှာ စစ်ရေးတင်းမာနေပြီး ယူကရိန်းမှာ စစ်ဖြစ်ပွားနေသလို အရှေ့အလယ်ပိုင်းမှာလည်း ပစ်ခတ်နေကြပေမယ့် တတိယကမ္ဘာစစ်ဖြစ်မလာသေးတာ အလွန်၀မ်းမြောက်စရာပါ။
တကယ် တတိယကမ္ဘာစစ်ဖြစ်စရာမလိုဘဲ ကမ္ဘာ့ အင်အားအကြီးဆုံး စစ်တပ်ကို သိနိုင်ဖို့ အတွက် Global Firepowerရဲ့ စစ်တမ်းကို ကြည့်နိုင်ပါတယ်။ စစ်တမ်းဟာ စစ်တပ် အသုံးစရိတ်၊ လူအင်အား၊ လက်နက်များ အပါအ၀င် အချက်အလက် ငါးဆယ်ကျော် အပေါ်အခြေခံပြီး နိုင်ငံ ၁၀၆ ခုရဲ့ စစ်တပ် အင်အားကို အဆင့်သတ်မှတ်ပေးထားပါတယ်။
စစ်တမ်းဟာ အဓိက အားဖြင့် အရေအတွက်ကို တွက်ချက်ထားတာပါ။ နူကလီးယားလက်နက်ပိုင်ဆိုင်မှုကို တွက်ချက်ထားခြင်းမရှိသလို ရေတပ်မရှိတဲ့ ကုန်းပိတ်နိုင်ငံတွေကိုလည်း ထည့်သွင်းထားခြင်းမရှိပါဘူး။
Global Firepower Indexရဲ့ စစ်တမ်းကို အခြေခံပြီး ထိပ်ဆုံး ၃၅ နိုင်ငံကို ဖော်ပြပေးလိုက်ပါတယ်။ စစ်တမ်းကို ဧပြီလမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
စစ်တမ်းမှ အဓိက အချက်တွေကို ရွေးနုတ် ဖော်ပြလိုက်ပါတယ်။
တစ်ကမ္ဘာလုံးမှာ ထိပ်ဆုံး စစ်တပ်ဖြစ်အောင် အမေရိကရဲ့ ငွေကြေးသုံးစွဲမှု
အမေရိကဟာ ၆၀၀ ဘီလီယမ်ကျော်သုံးပြီး ကမ္ဘာ့ငွေကြေး အသုံးစွဲဆုံး စစ်တပ်အဖြစ် ရပ်တည်နေပါတယ်။ တရုတ်ကတော့ ၁၃၀ ဘီလီယမ်နီးပါးသုံးပြီး အမေရိကန်ပြီးရင် ငွေအများဆုံးသုံးထားတဲ့ စစ်တပ်ပါ။ ဒါပေမယ့် တရုတ်ရဲ့ အသုံးစရိတ်ဟာ အမေရိကန် အသုံးစရိတ်ရဲ့ သုံးပုံပုံတစ်ပုံသာ ရှိပါတယ်။
ရုရှားကတော့ ခေတ်မီလက်နက်များတပ်ဆင်ဖို့ ၈၈ ဘီလီယမ်အထိ တိုးမြှင့်အသုံးပြုလာပါတယ်။
လေယာဉ်တင် သင်္ဘောများရဲ့ အခန်းကဏ္ဍ
လေယာဉ်တင် သင်္ဘောများဟာ နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ်အင်အားမှာ အဓိကကျပါတယ်။ လေယာဉ်တင် သင်္ဘောတွေဟာ ကမ္ဘာတစ်၀န်းမှာ ထိုးစစ်ဆင်ဖို့နဲ့ နယ်ခြားပြင်ပထိအောင် နယ်ချဲ့ဖို့ အသုံး၀င်ပါတယ်။ လေယာဉ်တင် သင်္ဘောများဟာ ရွေ့လျားနေတဲ့ ရေတပ်နဲ့ လေတပ်ကို ပေါင်းစည်းထားတာပါ။ သင်္ဘောများဟာ Dronesများကိုလည်း တင်ဆောင်နိုင်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စုံစမ်းထောက်လှမ်းမှု ကစားပွဲကို ပြောင်းလဲနိုင်ပါတယ်။
အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘောများဟာ နိုင်ငံရဲ့ စစ်အင်အားကို အဓိက ကြီးမားစေတာပါ။ အမေရိကန်က လေယာဉ်တင်သင်္ဘောများကို ပါရှင်းပင်လယ်ကွေ့အထိ ဖြန့်ကျက်ထားပြီး အီရတ်ရှိ ISIS အဖွဲ့များကို လေယာဉ်များနဲ့ ခြေမှုန်းနိုင်ဖို့ပါ။ ရုရှားကလည်း ဆီးရီးယားမှ အာဆတ်ကို ဆန့်ကျင်တဲ့ အနေနဲ့ လေယာဉ်တင်သင်္ဘောကို မက်ဒီတယ်ရီးယန်း အထိ ပို့လွှတ်ခဲ့ဖူးပါတယ်။
မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောများ
စစ်တမ်းအရ မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘော အများဆုံးပိုင်ဆိုင်ထားတဲ့ စစ်တပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီ ရေငုပ်သင်္ဘောအများစုဟာ သုံးစားမရတော့ပါဘူး။ သုံးပုံတစ်ပုံဟာ ဒီဇယ်အင်ဂျင်ကို အသုံးပြုထားပြီး ၁၉၆၁ ခုနှစ်ကတည်းက တည်ဆောက်ထားတာပါ။ နောက်ပြီး မြောက်ကိုရီးယား ရေငုပ်သင်္ဘောများမှ လက်နက်များဟာ လေးမိုင်အကွာအဝေးသာ ပစ်ခတ်နိုင်ပါတယ်။ အမေရိကန် ရေငုပ်သင်္ဘောများမှ ဒုံးကျည်များဟာ ၁၅၀ မိုင်အကွာအဝေးကို ပစ်ခတ်နိုင်ပါတယ်။