News

အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်အတွက် လူငယ်ဒါရိုက်တာ သုံးဦးရွေးချယ်

အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်သို့ မြန်မာနိုင်ငံမှ တက်ရောက်နိုင်ရန်အတွက် လူငယ်ဒါရိုက်တာ သုံးဦးအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သြဂုတ်လ ၂၉ရက်နေ့က ရွေးချယ်လိုက်ကြောင်း သိရသည်။ အဆိုပါ ပွဲတော်အတွက် ရွေးချယ်ခံရသူသုံးဦးမှာ Preminence of Aggrievent ခေါင်းစဉ်ဖြင့် အမှတ် ၇၄၂-မသီရိမေ၊ Beyoung of Torment ခေါင်းစဉ်ဖြင့် အမှတ် ၆၃၈-မဝတ်ရည်၊ Repercussion of Agoey ခေါင်းစဉ်ဖြင့် အမှတ် ၆၃၆ မောင်အောင်မျိုးမင်းတို့ ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်က လာယှဉ်ပြိုင်တဲ့ ကလေးတော်တော်ကို နည်းတယ်။ အရင်နှစ်တွေကဆိုရင် စိတ်ဝင်စားမှုလည်း ပိုများတယ်။ ပြိုင်ပွဲနီးလာပြီဆိုရင် လျှောက်လွှာက ဘယ်တော့လဲဆိုပြီးတော့ ဖုန်းဆက်မေးတဲ့သူတွေတောင် ရှိတယ်။ ဒီနှစ်တော့ ကလေးတွေ သိပ်စိတ်မဝင်စားကြတော့ဘူးထင်တယ်”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုဥက္ကဋ္ဌ-၂ ဦးအေးကြူလေးက ပြောသည်။ ၂၀၁၃ခုနှစ် အာရှနိုင်ငံတကာ ကလေးများ ဒါရိုက်တာပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်သော လူငယ်ဒါရိုက်တာ ခုနှစ်ဦးသာ ရှိခဲ့ပြီး သုံးဦးကို ပြန်လည်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူရွေးချယ်ပွဲတွင် အကဲဖြတ် ဒါရိုက်တာများအဖြစ် ဦးကြည်စိုးထွန်း၊ ဦးညီညီထွန်းလွင်၊ ဒေါ်ဆွေဇင်ထိုက်၊ ဦးမျိုးဇော်အောင်၊ ဦးဝင်းထွန်းထွန်း၊ မလိခစိုးထိုက်အောင်၊ ဦးမိုက်တီး၊ ဦးမောင်မောင်ဦး၊ ကိုဇော် (အရုဏ်ဦး)၊ ဦးဇော်မြင့်ဦးတို့၏ ဆုံးဖြတ်ချက်များဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ခုနှစ်၊ အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်ကို ဂျပန်နိုင်ငံ မီနာမိအာဝဂျိမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၎င်းရုပ်ရှင်ပွဲတော်သို့ မြန်မာနိုင်ငံမှ လူငယ်ဒါရိုက်တာ ၁၀ဦး တက်ရောက်ရန်အတွက် ဖိတ်ကြားခံရခြင်း ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ပွဲတော်သို့ သွားရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဇာတ်ကားသုံးကားနှင့်တကွ အဖွဲ့ဝင်ကိုးဦး အဖွဲ့ခေါင်းဆောင်တစ်ဦးတို့ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရွေးချယ်ခြင်း ခံရသော လူငယ်ဒါရိုက်တာ သုံးဦးအား ၂၀၁၃ခုနှစ်၊ အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်ကျင်းပပြုလုပ်မည့် ဂျပန်နိုင်ငံသို့ သွားရောက်၍ အခြားသော နိုင်ငံတကာမှ လူငယ်ဒါရိုက်တာများနှင့်အတူ “နိုင့်ထက်စီးနင်းပြုမူခြင်း (အနိုင်ကျင့်ခြင်း)”ဟူသော ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တစ်ဦးချင်း၊ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ အများစုပေါင်း လုပ်ဆောင်၍သော်လည်းကောင်း ပါဝင်နိုင်သည်ဟု ဆိုသည်။

“နိုင့်ထက်စီးနင်းပြုမူခြင်း” ခေါင်းစဉ်ဖြင့် ဇာတ်လမ်းတိုတစ်ခု ရိုက်ကူးပုံဖော်ရာတွင် လူသားအချင်းချင်းသော်လည်းကောင်း၊ တိရစာၦန် အချင်းချင်းသော်လည်းကောင်း၊ အစရှိသည့် မိမိနှင့် အနီးတစ်ဝိုက်တွင် ရှိနေသည့် ကဏ္ဍများမှ တစ်ဆင့် Global Themeအထိ ကျယ်ကျယ်ပြန့်ပြန့် တွေး ခေါ်ရိုက်ကူးပြီး တစ်နိုင်ငံ၊ တစ်ဒေသလက်ရာသုံးမျိုးအထိ ရိုက်ကူးပေးရမည်ဖြစ်ပြီး အင်္ဂလိပ်စာတမ်း ထိုးပေးရမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃ခုနှစ်၊ အာရှနိုင်ငံတကာ ကလေးရုပ်ရှင်ပွဲတော်သို့ အသက် ၁၂နှစ်မှ ၁၈နှစ်အရွယ်ကလေးများ ပါဝင်နိုင်ပြီး ရိုက်ကူးထားသည့် ဇာတ်လမ်းတိုများအား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ သြဂုတ်လ ၁၅ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ခဲ့ရခြင်း ဖြစ်သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *