ကျန်းမာရေး ဝန်ကြီးဌာနမှ Black List သတ်မှတ်ထားသော ဆရာဝန်များအနက် ၁၀၁၀ဦးအား Black Listမှ ပယ်ဖျက်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၁၀ရက်က ပယ်ဖျက်လိုက်ခြင်းဖြစ်ပြီး ယင်းသို့ Black Listအဖြစ် သတ်မှတ်ခြင်း ခံရသည့် ဆရာဝန်များတွင် အများစုမှာ ယခင်အစိုးရလက်ထက်က ဝန်ထမ်းအဖြစ်မှ တရားဝင်နှုတ်ထွက်ခွင့်မရှိဘဲ နှုတ်ထွက်ခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။
“အခုလို Black Listကနေ ပယ်ဖျက်ပေးတာ ကောင်းပါတယ်။ Black Listသတ်မှတ် ခံထားရတဲ့ ဆရာဝန်တွေ အခုဆို လွတ်လွတ်လပ်လပ် ရှာဖွေ လုပ်ကိုင် စားသောက်လို့ ရတာပေါ့။ အထိုက်အလျောက်လည်း ပြစ်ဒဏ်ခံခဲ့ရပြီးပြီပဲ။ အဲဒီအထဲမှာ အများစုက ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာကနေ တရားဝင် ထွက်ခွင့်မရပဲ ထွက်လာလို့ ဆမ အသိမ်းခံခဲ့ရတာ”ဟု ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ်က ပြောသည်။
ယခင်က ဆရာဝန်များကို Black List သတ်မှတ်ရာတွင် ဆရာဝန်ကျင့်ဝတ်မညီခြင်းနှင့် ဝန်ထမ်းကျင့်ဝတ်မညီခြင်းကို ရောထွေးကာ သတ်မှတ်ခဲ့သည်များလည်းရှိပြီး ယခုကဲ့သို့ Black Listအပြစ်မှ ပယ်ဖျက်ခွင့် ပြုလိုက်သည့်အပေါ်တွင် ကြိုဆိုကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာချစ်စိုးကလည်း ပြောသည်။
“Black Listကနေ ပယ်ဖျက်တာကို ကြိုဆိုပါတယ်။ တကယ်တမ်းကတော့ ဆမ သိမ်းတာ Black Listလုပ်တာက ဆရာဝန်ကျင့်ဝတ်နဲ့ မညီရင်လုပ်တာ။ အရင်တုန်းကတော့ ဝန်ထမ်းကျင့်ဝတ်နဲ့ မညီတာနဲ့ ဆရာဝန်ကျင့်ဝတ်နဲ့ မညီတာ ရောထွေးနေတယ်။ ဝန်ထမ်းကျင့်ဝတ်နဲ့ မညီရင် ဝန်ထမ်းကို ထုတ်လို့ ရတယ်။ ဆမ သိမ်းလို့မရဘူး။ ဥပမာ-ချင်းတောင်ကို လွှတ်တာကို နှစ်စေ့အောင်မလုပ်ပဲ ပြန်လာရင် အလုပ်ထုတ်ပစ်တယ်။ ဆမ သိမ်းတယ်။ နိုင်ငံခြားမသွားရဘူးလို့ ပိတ်ပင်တယ်။ အခုတော့ နိုင်ငံရေး အကျဉ်းသားတွေကိုတောင် ဖြေလျှော့ပေးနေတယ်ဆိုတော့ Black Listတွေကိုလည်း ဖြေလျှော့ပေးတဲ့သဘောပေါ့။ အဲဒါကို ကြိုဆိုပါတယ်”ဟု ဆိုသည်။ ယင်းကဲ့သို့ ဆရာဝန်အရေအတွက် အများအပြားအား Black Listစာရင်းမှ ပယ်ဖျက်ပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဆရာဝန် အသိုင်းအဝိုင်းမှ သိရသည်။
နံမည်ပျက် စာရင်းထဲ ထည့်ထားပြီးတော့ ဘာလို့ ပြန်ဖျက် ရတာလဲ တကယ် နံမည် ပျက်လို့ မဟုတ်ဘူးလား။