Opinion

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ

ယခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁ အဖြစ် ၂၀၁၂ ခုနှစ် နို၀င်ဘာ ၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်ပြီ ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၂ (ဈ)တွင် နိုင်ငံခြားမတည်ငွေရင်းကို အဓိပ္ပာယ် ဖွင့်ဆိုထားပြီး နိုင်ငံခြားမတည်ငွေရင်း ဆိုရာတွင် နိုင်ငံခြားသားတစ်ဦးဦးက ခွင့်ပြုမိန့်အရ စီးပွားရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသော အောက်ပါတို့ ပါ၀င်သည်။

(၁) နိုင်ငံခြားငွေ

(၂) စက်ပစ္စည်း၊ စက်ကိရိယာ၊ စက်ကိရိယာ အစိတ်အပိုင်း၊ စက်အရန်ပစ္စည်း၊ အသုံးအဆောင် တန်ဆာပလာများ အပါအ၀င် လုပ်ငန်းတွင် အမှန်တကယ် သုံးစွဲရန် လိုအပ်၍ နိုင်ငံတော်အတွင်း၌ မရရှိနိုင်သော ပစ္စည်း။

(၃) လိုင်စင်၊ တီထွင်မှု ပိုင်ဆိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့်စသည့် အသိဉာဏ်ဆိုင်ရာ ပစ္စည်းများကို တန်ဖိုးဖြတ်နိုင်သော အခွင့်အရေး။

(၄) ကျွမ်းကျင်မှု နည်းပညာရပ်

(၅) အထက်ပါတို့မှ လုပ်ငန်းတွင် တိုးပွား ရရှိပြီး၍ဖြစ်စေ၊ ေ၀စု အကျိုးအမြတ်ကို ဖြစ်စေ၊ ပြန်လည် ရင်းနှီးမြှုပ်နှံသော ငွေများဟု ပြဌာန်းထားသည်။

သို့ဖြစ်၍ နိုင်ငံခြားမတည်ငွေရင်း ဆိုရာတွင် နိုင်ငံခြားငွေသာမက နိုင်ငံတော်အတွင်း၌ မရရှိနိုင်သော စက်ပစ္စည်းကိရိယာ အသုံးအဆောင် တန်ဆာပလာများနှင့် ကုန်အမှတ်တံဆိပ်၊ ကျွမ်းကျင်မှု နည်းပညာစသည်တို့ ဖြစ်ကြောင်း တွေ့ရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၂ (ဌ)တွင် ရင်းနှီးမြှုပ်နှံမှုကို အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ နိုင်ငံတော်၏ နယ်နိမိတ်အတွင်း ထိုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူက ကြီးကြပ်ကွပ်ကဲသည့် ပိုင်ဆိုင်မှုပစ္စည်းအမျိုးမျိုးကို ဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါတို့လည်း ပါ၀င်သည်။

(၁) ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အခြားပစ္စည်းဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပေါင်ခံခွင့်နှင့် ပေါင်နှံခွင့်များ။

(၂) ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ၊ စတော့(ခ်)နှင့် ဒီဘင်ချာ ခေါ် ငွေချေးသက်သေခံ လက်မှတ်များ။

(၃) ငွေရေး ကြေးရေးဆိုင်ရာ တန်ဖိုးတစ်ရပ်အဖြစ် ထားရှိသည့် ပဋိညာဉ်စာချုပ်အရ ငွေကြေး အခွင့်အရေးများ သို့မဟုတ် ဆောင်ရွက်မှုများ။

(၄) တည်ဆဲဥပဒေများနှင့်အညီ အသိဉာဏ် ပစ္စည်းဆိုင်ရာ အခွင့်အရေးများ။

(၅) သဘာ၀ သယံဇာတပစ္စည်းများ ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ အခွင့်အရေးများ အပါအ၀င် သက်ဆိုင်ရာဥပဒေ သို့မဟုတ် ပဋိညာဉ်စာချုပ်အရ ပေးအပ်ထားသည့် လုပ်ငန်းဆိုင်ရာ
အခွင့်အရေးများဟု ပြဌာန်းထားသည်။

သို့ဖြစ်၍ နိုင်ငံသား မဟုတ်သော နိုင်ငံခြားသားများ၊ နိုင်ငံခြားသားများ ပါ၀င် ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်းများအနေနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအပြင် မြေအစရှိသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအပေါ် အပေါင်ခံခွင့်ရှိသကဲ့သို့ ပေါင်နှံခွင့်လည်း ရှိလာမည်ဖြစ်သည်။ စတော့(ခ်) ရှယ်ယာဈေးကွက်များလည်း ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ ဥပဒေနှင့်အညီ ချူပ်ဆိုရမည့် ပဋိညာဉ်စာချူပ်များ၊ ပဋိညာဉ်စာချူပ်အရ ပေါ်ပေါက်လာမည့် လုပ်ငန်းဆိုင်ရာ အခွင့်အရေးများလည်း ရရှိလာတော့မည် ဖြစ်သည်။ အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများ ရရှိရန် အသိဉာဏ်ပစ္စည်းဆိုင်ရာ ဥပဒေတစ်ရပ် အချိန်မီပေါ်ပေါက်လာရန်လည်း လိုအပ်ပေသည်။

ယင်းဥပဒေ အခန်း (၂)တွင် ပုဒ်မ (၃)၌ ဤဥပဒေသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင် သဘောတူညီချက်ဖြင့် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်သော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်စေရမည်ဟု ပြဌာန်းထားသည်။ သို့ဖြစ်၍ မည်သည့် စီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်သည်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်လာမည့် အမိန့်ကြော်ငြာစာများကို စောင့်မျှော်ကြည့်ရှုရဦးမည် ဖြစ်သည်။ သို့သော် ကန့်သတ်သည့် လုပ်ငန်းများကို ယင်းဥပဒေပုဒ်မ (၄) တွင် အောက်ပါအတိုင်း သတ်မှတ်ထားသည်။

(က) နိုင်ငံတော်အတွင်း တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေသော လုပ်ငန်းများ။

(ခ) ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းများ။

(ဂ) သဘာ၀ ပတ်၀န်းကျင်နှင့် ဂေဟစနစ်တို့ကို ထိခိုက်ပျက်စီးစေနိုင်သော လုပ်ငန်းများ။

(ဃ) နိုင်ငံတော်အတွင်းသို့ ဘေးအန ္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် လုပ်ငန်းများ။

(င) နိုင်ငံတကာ သဘောတူညီချက်များအရ ဘေးအန ္တရာယ်ရှိသော ဓာတုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ သို့မဟုတ် အသုံးပြုသည့် လုပ်ငန်းများ

(စ) နည်းဥပဒေ ထုတ်ပြန်သတ်မှတ်ထားသော နိုင်ငံသားများ လုပ်ကိုင်နိုင်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများ။

(ဆ) ပြည်ပမှ စမ်းသပ်ဆဲဖြစ်သော သို့မဟုတ် အသုံးပြုရန် အတည်ပြုချက် မရရှိသေးသော နည်းပညာများ၊ ဆေးဝါးများ၊ အသုံးအဆောင်များနှင့် သယ်ဆောင်လာနိုင်သည့် လုပ်ငန်းများ။

(ဇ) နည်းဥပဒေ ထုတ်ပြန် သတ်မှတ်ထားသော နိုင်ငံသားများ လုပ်ကိုင်နိုင်သည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် နှစ်တို နှစ်ရှည် စိုက်ပျိုးရေးုလုပ်ငန်းများ။

(ဈ) နည်းဥပဒေ ထုတ်ပြန်သတ်မှတ်ထားသော နိုင်ငံသားများ လုပ်ကိုင်နိုင်သည့် မွေးမြူရေး လုပ်ငန်းများ။

(ည) နည်းဥပဒေ ထုတ်ပြန်သတ်မှတ်ထားသော နိုင်ငံသားများ လုပ်ကိုင်နိုင်သည့် မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ။

(ဋ) ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားသော နေရာများမှအပ နိုင်ငံတော်၏ နယ်နိမိတ်နှင့် အခြားနိုင်ငံများ နယ်နိမိတ် ထိစပ်လျက်ရှိသည့် နယ်စပ်မျဉ်းမှ တစ်ဆယ်မိုင်အတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။

သို့ဖြစ်၍ နည်းဥပဒေများ ထုတ်ပြန် သတ်မှတ်ချက်များကို စောင့်မျှော်ကြရပေဦးမည်။ နိုင်ငံသားများ လုပ်ကိုင်နိုင်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများကို တားမြစ်ထားကြောင်း တွေ့ရှိရသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ဤဥပဒေ အတည်ဖြစ်သော နေ့မှ ရက်ပေါင်း ၉၀ အတွင်း ထုတ်ပြန်ရမည် ဖြစ်သည်။

ယင်းဥပဒေပုဒ်မ (၄)အရ ကန့်သတ်တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို နိုင်ငံတော်နှင့် နိုင်ငံသားများ အထူးသဖြင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားအလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုနိုင်ကြောင်း ယင်းဥပဒေပုဒ်မ ၅ တွင် ပြဌာန်းထားသည်။

ရင်းနှီးမြှုပ်နှံမှု ပုံစံနှင့် စပ်လျဉ်း၍ နိုင်ငံခြားသားက နိုင်ငံခြားမတည်ငွေရင်း ရာခိုင်နှုန်း အပြည့်ဖြင့် ပြုလုပ်ခြင်း၊ နိုင်ငံသား သို့မဟုတ် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းနှင့် ဖက်စပ်ပြုလုပ်ခြင်း၊ နှစ်ဦးသဘောတူ ပဋိညာဉ်စာချူပ်ဖြင့် ပြုလုပ်ခြင်း ပြုနိုင်သည်။

ရင်းနှီးမြုပ်နှံသူသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီးမှ လုပ်ငန်းဆောင်ရွက်နိုင်သည်။ ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းပါက နိုင်ငံခြားမတည်ငွေနှင့် နိုင်ငံသားမတည်ငွေ အချိုးကို နှစ်ဖက် သဘောတူညီချက်အရ သတ်မှတ်နိုင်သည်။ နိုင်ငံခြားသားက အနည်းဆုံး ရင်းနှီးမြှုပ်နှံရမည့် ပမာဏကို ကော်မရှင်က ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက် ရယူ သတ်မှတ်ပေးနိုင်သည်။ နိုင်ငံခြားသားသည် တားမြစ်သည့် လုပ်ငန်း ကန့်သတ်သည့် လုပ်ငန်းများကို နိုင်ငံသားနှင့် ဖက်စပ် လုပ်ကိုင်လိုပါက နိုင်ငံခြားမတည်ငွေရင်း အချိုးကို နည်းဥပဒေဖြင့် ပြဌာန်းသည့်အချိုးအတိုင်း အဆိုပြုနိုင်သည်။
ရင်းနှီးမြှုပ်နှံသူများသည် ကော်မရှင်က သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ မြေကို ငှားရမ်းအသုံးပြုခွင့် ရှိသည်။ ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်သော မြေနှင့် အဆောက်အဦများကို ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တဆင့် ငှားရမ်းခြင်း၊ ပေါင်နှံခြင်း လွှဲပြောင်းခြင်း ပြုနိုင်သည်။

နိုင်ငံခြားကုမ္ပဏီသည် မိမိ အစုရှယ်ယာအားလုံးကို အပြီးအပိုင် လွှဲပြောင်း ရောင်းချပါက ကော်မရှင်၏ ကြိုတင် ခွင့်ပြုမိန့် ရယူ၍ မိမိ ခွင့်ပြုမိန့်ကို ပြန်လည် အပ်နှံပြီးမှ ဆောင်ရွက်နိုင်သည်။ အစုရှယ်ယာအချို့ရောင်းချပါက ကော်မရှင်၏ ကြိုတင်ခွင့်ပြုမိန့် ရယူပြီး မှတ်ပုံတင် ဆောင်ရွက်နိုင်သည်။

ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်၏ သဘောတူညီချက်ဖြင့် အခြေပစ္စည်းကို ရောင်းချခြင်း လဲလှယ်ခြင်း အခြား နည်းလွှဲပြောင်းခြင်း ပြုနိုင်ပေသည်။
နိုင်ငံခြားကုမ္ပဏီသည် အစုရှယ်ယာအားလုံးကို ဖြစ်စေ၊ အချို့ကိုဖြစ်စေ၊ နိုင်ငံခြားသားကိုဖြစ်စေ၊ နိုင်ငံသားကိုဖြစ်စေ၊ နိုင်ငံခြားကုမ္ပဏီတစ်ခုခုကို ဖြစ်စေ၊ နိုင်ငံသားကုမ္ပဏီတစ်ခုခုကို ဖြစ်စေ လွှဲပြောင်းရောင်းချနိုင်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုပါက ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ကမကထပြုသူသည် ခွင့်ပြုမိန့် ရရှိရန် ကော်မရှင်သို့ အဆိုပြုချက် တင်သွင်းရမည်။ ကော်မရှင်မှ ထုတ်ပေးသော ခွင့်ပြုချက်ကို ရရှိပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အဖွဲ့အစည်းနှင့် လိုအပ်သည့် ပဋိညာဉ်စာချူပ်ချူပ်ဆို၍ ရင်းနှီးမြှုပ်နံှမှုလုပ်ငန်း တည်ထောင်ရပေမည်။

အမှုထမ်းများနှင့် အလုပ်သမားများခန့်ထားရာတွင် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းများအတွက် နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များ၊ ၀န်ထမ်းများကို လုပ်ငန်းစတင်သည့်နှစ်မှ ပထမ (၂) နှစ်အတွင်း နိုင်ငံသားအနည်းဆုံး ၂၅%၊ ဒုတိယ (၂) နှစ်အတွင်း အနည်းဆုံး ၅၀%၊ တတိယ (၂) နှစ် အတွင်း အနည်းဆုံး ၇၅% ခန့်ထားပြီး ဖြစ်ရမည်။
ယင်းဥပဒေ အခန်း ၁၂ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ခေါင်းစဉ်အောက်တွင် ၀င်ငွေခွန် ကင်းလွတ်ခွင့်များ အကောက်ခွန် ကင်းလွတ်ခွင့်များ ပြည်တွင်းအခွန်အကောက် ကင်းလွတ်ခွင့် သက်သာခွင့်များ၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သက်သာခွင့်များ ပြဌာန်းပါရှိသည်။

အခန်း (၁၃)တွင် အာမခံချက်များ၊ အခန်း (၁၄)တွင် မြေအသုံးပြုခွင့်များ၊ အခန်း (၁၅)တွင် နိုင်ငံခြားမတည်ငွေရင်း၊ အခန်း (၁၆)တွင် နိုင်ငံခြားငွေ လွှဲပြောင်းနိုင်ခွင့် စသည့်များဖြင့် အခန်း (၂၀) ပုဒ်မပေါင်း (၅၇) ခုဖြင့် ပြည့်ပြည့်စုံစုံ ပြဌာန်းခဲ့ပြီ ဖြစ်ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အခန်း (၃)ပါ ရည်ရွယ်ချက်များအတိုင်း ပြည်သူများ ခံစား ရရှိနိုင်စေရေးအတွက် လက်တွေ့ ဆောင်ရွက်နိုင်ကြပါစေရန် စိတ်ရည်သန်၍ ကောက်နုတ်ပြုစု တင်ပြလိုက်ရပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *