ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ငွေကျပ်သိန်း ၄၄၀၇၀ကျော် (အမေရိကန် ဒေါ်လာ ၄ဒဿမ ၅သန်းကျော်) တန်ဖိုးရှိ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြား၊ စိတ်ကြွဆေးမှုန့် အိုက်စ်၊ ဘိန်းဆီ၊ ဘိန်းစာရွက်/ မှုန့်၊ အက်ဖီဒရင်း၊ မော်ဖင်းထိုးဆေး အပါအဝင် မူးယစ်ဆေးဝါး ၁၅မျိုးတို့အား ဇွန်လ ၂၆ရက်နေ့ နံနက် ၈နာရီ မိနစ် ၂၀တွင် ရန်ကုန်တိုင်း ဒေသကြီး ရွေှပြည်သာမြို့နယ်ရှိ အမှတ် (၂) ရဲလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုး ရဲမှုးကြီး ဝင်းနိုင်က ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အမှတ် (၂) ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့မှုး ရဲမှုးချုပ် သူရဘိုနီ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုး ရဲမှုးကြီး ဝင်းနိုင်၊ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် စစ်သံမှုးများက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေးကြပြီး စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးပေးကြသည်။
ထို့နောက် နံနက် ၁၀နာရီတွင် ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ် ပြတိုက် အစည်းအဝေး ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု၊ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။